ကယားပြည်နယ် ငြိမ်းချမ်းရေးခရီး နီးပြီလား

KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

မော်ဦးမြာရေးသားသည်။

NLD အစိုးရလက်ထက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့အကြား တရားဝင်တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဖက်သဘောတူညီချက်သည် ကယားပြည်နယ်အတွက် ငြိမ်းချမ်းရေး အရိပ်အရောင်များကို ပုံဖေါ်ရန် ယခင်ကထက်အားကောင်းသော ကနဦးခြေလှမ်းအစဟု မှတ်ယူနိုင်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့၏ ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို လွိုင်ကော်မြို့၌ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်း ၂ ရက်တာ အတောအတွင်း နှစ်ဘက်၏ ဆွေးနွေးချက်များသည် အကြိတ်အနယ်ဖြစ်ခဲ့သည်။ အချို့သော ညှိနှိုင်းချက်များသည် နှစ်ဘက်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေရှိနေသည်။

လိပ်တည်းခဲတည်းအခြေအနေမှ သဘောထားတင်းမာမှုများ ရှိသော်လည်း နောက်ဆုံးတွင် ပြေလည်ခဲ့ကာ ပူးတွဲသဘောတူညီချက်ထုတ်ပြန်နိုင်ခဲ့သည်။

မူလရည်ရွယ်ချက်

အစိုးရ၏ ကနဦး ရည်ရွယ်ချက်သည် NCA လမ်းကြောင်းထဲ KNPP ပါဝင်လာအောင် လမ်းကြောင်းပေးခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ၏ ဖွင့်ပွဲတွင် NRPC ဒုဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက “အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အခြေခံမူတွေ ဆွေးနွေး ညှိနှိုင်းနေပြီးဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံအစည်းအဝေးကြီးမှာ ပါဝင်နိုင်ရေးကို ရှေးရှုကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်”ဟု ပြောဆိုသွားသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)တွင် ပါဝင်လာနိုင်ရန် အဓိကဦးတည် ဆွေးနွေရန် အစိုးရက ဆိုင်းပြင်ထားသည်။ ၎င်းအနေအထားကို ရောက်ရှိရန် အစိုးရဘက်က စကားပြောခွင့်ရတိုင်း အမြဲတစေ တိုက်တွန်းသည်။

KNPP ကမူ NCA လက်မှတ်ထိုးရေးသည် အဓိကမဟုတ်ဘဲ ယခင် ၂၀၁၃ ခုနှစ် အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်စာချုပ်အား ပြန်လည်သုံးသပ်ကာ ရှေ့ဆက်ငြိမ်းချမ်းရေးအတွက် အကျေအလည်ဆွေးနွေးရန် ပြင်ဆင်ထားသည်။

NCA ထိုးနိုင်ရေး အလောတကြီး စဉ်းစားသေးမည်မဟုတ်ကြောင်း ဆိုသော်လည်း NCA လက်မှတ်မထိုးသေးသည့်တိုင် ပြည်နယ်ငြိမ်ချမ်းရေးကို ထိန်းသိမ်းသွားရန် လိုလားကြောင်း KNPP က ထုတ်ဖေါ်ပြောကြားသည်။
“အကြောင်းအမျိုးမျိုးကြောင့် NCA ကို မထိုးနိုင်သေးရင်တောင်မှ အဓိက ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားဖို့လိုလားပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ အနေနဲ့ ကျွန်တော်တို့ ပြည်နယ်မှာ စစ်မှန်တဲ့ ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်မှုကနေတဆင့် ငြိမ်းချမ်းရေး အတွက် အဖြေရှာသွားမယ်”ဟု PNC အဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်ဘီထူးက ဆွေးနွေးပွဲစတင်ချိန်ကတည်းက အဖွင့်အမှာစကားတွင် ပြောကြားသည်။

KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

ပါဝင်ဆွေးနွေးသူများ

ဆွေးနွေးပွဲတွင် အစိုးရဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိ သူများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက်သည်။

KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးနှင့် ကိုယ်စားလှယ် ၉ ဦးတက်ရောက်သည်။

ထို့အပြင် NCA လက်မှတ်ထိုး ၈ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင်များလည်း လေ့လာသူအဖြစ် တက်ရောက်သည်။

ဆွေးနွေးချက်အကြောင်းအရာ

ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ပူးတွဲ စောင့်ကြည့်ရေး၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့၊ နိုင်ငံတကာ လူမှုရေးကူညီထောက်ပံ့မှုကိစ္စ၊ ပြည်နယ်အတွင်း INGOs နှင့် NGOs များ လုပ်ငန်းဆောင်ရွက်မှုကိစ္စ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှု၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စတို့ကို ဆွေးနွေးရန် KNPP ဖက်က အဆိုပြုသည်။

ဆွေးနွေးပွဲ၏ ပထမနေ့တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကိစ္စ၊ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ကိစ္စ၊ JMC (JMC-S နှင့် JMC-L) အဆင့်များတွင် နိုင်ငံတကာအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ်များအနေဖြင့် လေ့လာသူအကြံပေးနှင့် နည်းပညာ အထောက်အကူပြုများအဖြစ် ပါဝင်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။

ပထရက်ကတည်းက နှစ်ဖက်အကြား ကြေလည်မှူမရှိသေးဘဲ ဒုတိယဆွေးနွေးပွဲကို ရှေ့ဆက်ရန် အခက်ဖြစ်နေသည်။

ရှေ့ဆက်မတက်နိုင်ဘဲ ဒုတိယရက်တွင် ဆွေးနွေးပွဲအား မပြုလုပ်ရန် ယုံကြည်မှူကျဆင်သည့်အထိ ဖြစ်ခဲ့ကြောင်း NRPC ၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှူကွန်ယက်စာမျက်နှာတွင် ဆွေးနွေးပွဲအပြီး ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ထုတ်ဖေါ်ရေးသားထားသည်။

နှစ်ဖက်ပါဝင်ဆွေးနွေးသူများ၏ သည်းခံမှူနှင့် စိတ်စေတနာကြောင့် ဒုတိယနေ့အတွက် ပြန်ပြင်ဆင်ကာ ထပ်မံဆွေးနွေးခဲ့သည်။ ယင်းနောက် အဆုံးသတ်သဘောတူညီချက်အား အတူအကွထုတ်ပြန်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

သဘောတူညီချက်များ

ဆွေးနွေးပွဲအပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီပူတွဲထုတ်ပြန်ကြေညာချက် တစ်ရပ်ထုတ်ပြန်နိုင်ခဲ့သည်။

(က) NCA မထိုးခင် ရေတိုကြားလအတွင်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကိစ္စ၊ နှစ်ဖက်တပ် သွားလာမှူ၊ ဆက်သွယ်မှူ ပြည်နယ်အဆင့် ညှိနှိုင်းရေးကိစ္စနှင့် သဘောတူညီထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန်။

(ခ) ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိကာ သဘောတူထားသော ဆက်ဆံရေးလမ်းကြောင်းမှတဆင့် ဆောင်ရွက်ရန်။

(ဂ) တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှူများရှိခဲ့ပြီး နှစ်ဘက်ညှိနှိုင်းသဘောတူညီထားသည့်အတိုင်း ဆောင်ရွက်ရန်။

အထက်ပါသဘောတူညီချက်များ ရရှိသည့်အတွက် KNPP က NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

“နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ လိုလားချက်က ၁၀၀ ရာခိုင်နှူန်း မဟုတ်ရင်တောင်မှ တစ်ဝက်နီးပါး ကျတော်တို့ကြားထဲမှာ သဘောတူညီချက် တည်ဆောက်နိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။”ဟု ကေအဲန်ပီပီ၏ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆွေးနွေးပွဲအပြီး မီဒီယာများကို ပြောကြားသည်။

သို့သော်လည် အချို့ကန့်သတ်ချက်များကိုမူ အချင်းချင်းကြား ယုံကြည်မှူတည်ဆောက်ရန် အလေးထားရမည်ဟု ဆိုသည်။

“ကျွန်တော်တို့ လုပ်ချင်ကိုင်ချင်တဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးလေးတွေကို NCA ထိုးမှ ဆိုတဲ့ကန့်သတ်ချက်လေး မဟုတ်ပဲနဲ့ လုပ်ပိုင်ခွင့်ပေးတဲ့ ယုံကြည်မှူ ကျွန်တော်တို့ ဘယ်လောက်ထိ ရလာမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တယ် အဲ့လိုတော့ ရှိပါလိမ့်မယ်။”ဟု ၎င်းက ပြောသည်။

NCA ရေးထိုးရေး KNPP အတွက် အချိန်ကာလတစ်ခုလိုအပ်သည်ကို နားလည်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

“အစိုးရဘက်ကရော ချဉ်းကပ်မှူကတော့ ဒီ NCA ကို မြန်မြန် ကျွန်တ်ာတို့ ရေးထိုးပြီးတော့ NCA ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လမ်းစဉ်တွေမှာ KNPP အမြန်ဆုံးပါဝင်နိုင်ပြီးတော့ ပဋိပက္ခကို လျော့မယ်လို့ မျှော်လင့်တယ်။ KNPP ဘက်ကလည်း သူတို့အနေနဲ့ကျတော့ ပြင်ဆင်စရာတွေ ရှိတယ်လို့ပဲ ကျွန်တော်တို့ နားလည်တယ်”ဟု ၎င်းက ဆိုသည်။

KNPP နှင့် အစိုးရတို့၏ ဆွေးနွေးပွဲရလဒ်အပေါ် ကန္တာရဝတီတိုင်း(မ်)၏ မေးမြန်းမှူကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နေထိုင်သူ တစ်ဦးဖြစ်သူ မော်ရယ်က “ဘာပဲဖြစ်ဖြစ် တိုက်ပွဲမဖြစ်တာပဲ လိုချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေရရင်တော်ပြီ။”ဟု ဆိုလိုက်သည်။

 
 
Sai shared 15+ recent posts in this group. Learn more about him.
 

Comments

comments