စစ်တပ်ပိုင်နက် ကျူးကျော်မှုဖြင့် တရားစွဲခံရသည့်တောင်သူကိစ္စ ပြည်နယ်လွှတ်တော်အဆင့်ဆင့် ဆောင်ရွက်နေဟုဆို

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်၊ နွားလပိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် နေထိုင်သူဖြစ်သော ဒေါ်နန်းကွယ်နှင့် ဦးမြတ်စိုးအောင်တို့ကို စစ်တပ်က ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခံရသည့်ကိစ္စ တရားမျှတမှုရှိစေရန် ပြည်နယ်လွှတ်တော်တွင်လည်း အဆင့်ဆင့် ဖြေရှင်းပေးနေသည်ဟု ကယားပြည်နယ်လွှတ်တော် ဥက္ကဌဦးလှထွေးက ယခုလိုပြောကြားသည်။

၎င်းက “ သူ့ဟာနဲ့သူအဆင့်ဆင့်တော့ လုပ်နေပါတယ်၊ အကြီးအသေးဘဲဖြစ်ဖြစ် ဒါကတောမခွဲခြားပါဘူး” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောဆိုထားပါသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြည်နယ်အစိုးရ ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွတ်တော်ရုံးအသီးသီးကို မတရားသိမ်းဆည်းမှုပြုလုပ်သည့်အပေါ် ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲခံရသည့်အပေါ် ပြန်လည်စီစစ်ပေးပါရန် မြေနီကုန်းကျေးရွာ မြေသိမ်းဆည်းခံတောင်သူများက တင်ပြခဲ့ကြခြင်းဖြစ်သည်။

စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း(ဟိုပုံးမြို့)မှ ဗိုလ်ကြီး ပြည့်ခင်သန်းက တရားလိုပြု၍ ပိုင်နက်ကျူးလွန်မှု ဥပဒေပုဒ်မ(၄၄၇) ဖြင့် ဒေါ်နန်းကွယ်နှင့် ဦးမြတ်စိုးအောင်တို့ကို ၂၀၁၈ခုနှစ်ဖေဖော်ဝါရီလ ၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြေနီကုန်းကျေးရွာတောင်သူ ဒေါ်နန်းကွယ် အသက်(၇၄)နှစ်မှ မိမိ၏ ဘိုးဘွားမြေအပေါ် တစ်သက်လုံး လုပ်ကိုင်စားသောက်လာခဲ့ရာ ယခုလို တရားရင်ဆိုင်နေရသည့်အတွက် ကြောက်လန့်မှုများဖြစ်စေလာတယ်လို့ သူမက ပြောပါသည်။

တရားရင်ဆိုင်နေရသည့် ဒေါ်နန်းကွယ်က “အေး အခက်အခဲ့တော့ရှိတယ်၊ သွားရလာရတာလည်းခက်ခဲ့တယ်၊ နေလည်းမကောင်းဘူး၊ စစတုန်းကဆို စစ်သားကိုမြင်တာနဲ့ တအားကြောက်တယ်၊ စိတ်ဆင်းရဲတယ်။ နေမကောင်းရင်လည်း သွားနေရတယ်လေး။ တအားစိတ်ဆင်းရဲတယ်။ ပင်ပန်းတယ်လေ” ဟုပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊နွားလပိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာ အပါအ၀င် အခြားကျေးရွာ (၁၁)ရွာရှိလယ်မြေနှင့် တောင်ယာမြေများအား(၁၉၉၁-၉၂) ခုနှစ်မှ စတင်၍ စစ်တပ်က သိမ်းဆည်းခဲ့သည်။

လွိုင်ကော်မြို့ အ၀င် မြေနီကုန်းကျေးရွာ၏ လွိုင်ကော်-တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီး အရှေ့ဘက်တွင် အမှတ်(၂၅၀)ခြေလျှင်တပ်ရင်းတည်ဆောက်ရန် (၇၈၇)ဧက၊ ၄င်းတပ်ရင်းနှင့်ကပ်လျက် အမှတ်(၃၅၆) အမြှောက်တပ်ရင်း တည်ဆောက်ရန် (၆.၂၆.၈၂)ဧက နှင့် မြေနီကုန်းကျေးရွာမြောက်ဘက် မိုင်ဝက်ခန့်အကွာ (လွိုင်ကော်၊တောင်ကြီး ပြည်ထောင်စုလမ်းမကြီး) အနောက်ဘက်တွင် အမှတ်(၂၆၁) ခြေလျှင်တပ်ရင်းတည်ဆောက်ရန် (၅၉၇) ဧကစုစုပေါင်းတပ်ရင်း(၃)ရင်း တည်ဆောက်ခြင်းအတွက် လယ်ယာမြေ(၂၀၁၀.၈၂)ဧကသိမ်းဆည်း၍ တပ်တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ သည်ဟုလည်းသိရသည်။

Comments

comments