တရုတ်ဈေးကစားခြင်းကြောင့် စပါးဈေးကျပြီး အဝယ်ရပ်

ထျိုးမြာ

တရုတ်မှ ဈေးကစားခြင်းကြောင့် စပါးဈေးကျဆင်းနေသည့်အပြင် ကယားပြည်နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များကလည်း ဆန်/စပါးများ ဝယ်ယူနေမှုအား ခေတ္တရပ်ဆိုင်းလိုက်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သီးနှံနှင့် ကုန်စည်များ တင်သွင်းရာတွင် ယခုကဲသို့ အချိန်အခါလိုက် ဈေးကစားခြင်းများ ပြုလုပ်လေ့ရှိကြောင်း ကုန်သည်အသိုင်းအ၀ိုင်းထံမှ သိရသည်၊

“စပါးကို တရုတ်က နှစ်သစ်ကူးလည်းနီးပြီ ပြီးတော့ မြန်မာပြည်မှာ စပါးပေါတဲ့အချိန်ဆိုတော့ ဈေးကစားတာပဲ။ ပြောင်းတအားပေါ်ပြီဆိုလည်း အဲ့လိုပဲ ဈေးကျသွားအောင် သူတို့ကလုပ်တယ် ” ကယားပြည်နယ်ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဌ(ကုန်သည်တစ်ဦးဖြစ်သူ) ဦးမြင့်မောင်ကပြောပါသည်။

ကယားပြည်နယ်အပြင် မြန်မာနိုင်ငံအတွင်းရှိဆန်၊ စပါးများကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် လွယ်ဂျယ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက ပို့လျက်ရှိသည်။

နိုဝင်ဘာလအတွင်း  ကယားပြည်နယ်ရှိ   စပါးရိတ်သိမ်းချိန် မိုးရွာသွန်းမှုကြောင့် စပါးများ ပျက်စီးမှုများလည်း ကြုံတွေ့ခဲ့ကြရသည်။ ထို့အပြင် စပါးကို အစိုလိုက်ရောင်းချကြသောကြောင့် ဆန်စက်ပိုင်ရှင်များအနေနှင့် စပါးအခြောက်ခံရာတွင် အခက်အခဲရှိသောကြောင့် အဝယ်ခဏရပ်ဆိုင်းလိုက်ခြင်းလည်းဖြစ်ကြောင်း ကယားပြည်နယ်ဆန်စက်ပို်င်ရှင်တစ်ဦးက ပြောပါသည်။

“အခုလိုအချိန်ကျတော့ ကျနော်တို့က ထားဖို့တွေကော စပါးလည်းစိုတော့ ငွေတွေလည်းအခက်အခဲတွေဖြစ်တယ်လေး။ အဲ့ကြောင့် ခဏအဝယ်ရပ်ထားတာ။”ဟု ၎င်းက ပြောပါသည်။  

စပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် လူဖြင့် ရိတ်သိမ်းခြင်းမပြုနိုင်ဘဲ စပါးရိတ်စက်ဖြင့်သာ ရိတ်သိမ်းရာတွင် စပါးစိုထိုင်းနေသောကြောင့် ဈေးကျသည့်အပြင် ဝယ်ယူသူမရှိကြသည့်အထိ ရှိနေသည်။

လယ်သမားများအနေဖြင့် မရောင်းချရသေးသောစပါးများကို အခြောက်ခံကာ ဈေးတက်သည်အထိ သိုလှောင်းထားကြရသည်။  သို့သော် လက်ရှိတွင် ဈေးကျဆင်းနေပြီး မရောင်းချရသေးသဖြင့်  ရိတ်သိမ်းခများ ပြန်လည်ပေးချေရန် အခက်အခဲဖြစ်နေသည်ဟု မြေနီကုန်းကျေးရွာမှ တောင်သူခူးဦးရယ်က ပြောပါသည်။

တရုတ်နိုင်ငံသို့ တရားမဝင်စပါးတင်ပို့နေခြင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့တွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်တွင်၎င်းဝန်ကြီးဌာနအပါအဝင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မူဆယ်ဆန်စပါးကုန်စည်ဒိုင်တို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသို့ တရားမဝင် စပါးတင်ပို့ရာတွင် အဓိကထွက်ပေါက်များဖြစ်သည့် မူဆယ်လမ်းကြောင်းရှိ ရေပူစစ်ဆေးရေးဂိတ်နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိလွယ်ဂျယ်ကုန်သွယ်ရေးစခန်းများတွင် အကောက်ခွန် ဦးစီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး တားဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်ဟု The Voice သတင်းစာက ရေးသားထားသည်။

Comments

comments