ဖရူဆိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၊ မြေပြိုကျကာ လမ်းပိတ်ဆို့

ကန္တာရဝတီတိုင်း(မ်)

သြဂုတ် ၉ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ကာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကေကောကျေးရွာအုပ်စု၊ ဘွယ်ဒိုးသာကျေးရွာနှင့် ခါးဘယ်ကျေးရွာချင်းဆက်လမ်းပိုင်း၊ ဘွယ်ဒိုးသာကျေးရွာနှင့် (၁)မိုင်ခန့်အကွာတွင် တောင်ကမ်းပါးယံ မြေပြိုကျခြင်း၊ လမ်းပေါ်သို့ သစ်ပင်များ လှဲကျခြင်းများကြောင့် လမ်းများ ပိတ်ဆို့နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူ၊ တိရိစ္ဆာန်နှင့် မော်တော်ယာဉ်များ ထိခိုက်မှုမရှိသော်လည်း မော်တော်ယာဉ်နှင့် လူများ သွားလာမှု အဆင်မပြေမှုများရှိခဲ့ရာ မြေများနှင့် သစ်ပင်သစ်ကိုင်းများအား စက်ယန္တရားများဖြင့် ဖယ်ရှားမှသာ ခရီးသွားရေး အဆင်ပြေနိုင်မည်ဖြစ်၍ ကေကောကျေးရွာအုပ်ချုပ်ရေးမှူးက ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားကြောင်းသိရသည်။

ယင်းကျောက်လမ်းအပိုင်းအား ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ကယောရွှေပြည် ကုမ္ပဏီမှ ဖောက်လုပ်သည့်လမ်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါလမ်းအပိုင်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူထားသည့် ဧရိယာအတွင်းဖြစ်ကြောင်း သတင်းရရှိသည်။

Comments

comments