ဘဝကကြမ်းတမ်းတယ်ဆိုပေမယ့် အမျိုးသမီးတစ်ဦး ဖြစ်လာရတာ ဂုဏ်ယူတယ်

Sister Sander Lin

လွိုင်ကော်မြို့မှာရှိတဲ့ ကောင်းသောသိုးထိန်း မြန်မာဖောင်ဒေးရှင်းကျောင်းမှာ လာရောက်ခိုလှုံနေတဲ့မော်ဘူးမြာ (နာမည်အရင်းမဟုတ်)တစ်ယောက် သူမဘဝကို ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပြည့်နဲ့နေပါတယ်။

မော်ဘူးမြာဟာအဘိုး၊ မိခင်တို့နဲ့နေထိုင်ပြီး ဖခင်ကဘယ်သူဘယ်ဝါမှန်းမသိခဲ့ဘူး။ စတုတ္တတန်းအထိပညာသင်ကြားခဲ့ရတယ်။ ကျောင်းထွက်ပြီးနောက်ဝမ်းစာရေးအတွက် မိခင်ဖြစ်သူနဲ့အတူတောင်ယာဆင်း၊ လမ်းခင်းတဲ့လုပ်ငန်းမှာ ကူညီခဲ့ရတယ်လို့ပြောပါတယ်။

မော်ဘူးမြာအသက်၁၀နှစ်အရွယ်မှာတော့အဒေါ်ရဲ့ သူငယ်ချင်းကရွာကို အလည်လာတယ်။မိခင်ဖြစ်သူကိုသမီးလေးတွေအတွက် ဖိနပ်လှလှလေးတွေဝယ်ပေးပြီး ရန်ကုန်မြို့မှာကျောင်းထားပေးမယ်လို့ကမ်းလှမ်းပြောဆိုတယ်။ ဆင်းရဲ့နွမ်းပါလှတာကြောင့် သမီးလေးတွေရဲ့ရှေ့ရေးအတွက်စဉ်းစားပြီး မိခင်ဖြစ်သူကလက်ခံလိုက်တယ်လို့ ပြောပါတယ်။

ရန်ကုန်ကို၈နှစ်အရွယ် ၀မ်းကွဲညီမလေးနဲ့သွားရတယ်။ တစ်ညခရီးသွားပြီး သူဌေးတစ်ယောက်ရဲ့အိမ်မှာထားခဲ့တယ်။ မော်ဘူးမြာတို့ညီအမအရမ်းကြောက်ခဲ့ရပြီးညီမလေးကတော့တစ်ချိန်လုံးငိုနေတယ်။ နောက်တစ်နေ့မှာတော့ ညီမလေးကိုတခြားနေရာကိုခေါ်သွားတယ်။ အဲဒီနေ့ကစပြီးညီမလေးကို ထပ်မတွေ့ရတော့ဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့မှာကျောင်းတက်ရမယ်လို့ ထင်ထားပေမဲ့အိမ်ဖော်လုပ်ခဲ့ရတယ်။ အိမ်အလုပ်တွေမလုပ်တတ်တော့အမြဲတမ်း အဆူခံရပြီးတစ်ခါတလေအရိုက်ခံရတယ်။ လုပ်အားခလည်းတစ်ပြားမှမရခဲ့ဘူး။ မိခင်နဲ့လည်းနှစ်ခါပဲ ဖုန်းပြောခွင့်ရခဲ့တယ်။ အိမ်ဖော်လုပ်သက်၂နှစ်လုံးလုံးဟာငရဲလိုပါပဲလို့မော်ဘူးမြာက ပြောပါတယ်။

လူမှုရေးတွေမှာအမြဲကူညီပေးတတ်တဲ့ အဒေါ်ဖြစ်သူဒေါ်ဂက်ဂရုက မော်ဘူးမြာအကြောင်းကို မိခင်ဖြစ်သူဆီကနေကြားရပြီးနောက် သူ့ကျေးဇူးကြောင့်ရဲတွေက မော်ဘူးမြာကိုလာရောက်ကယ်တင်ခဲ့တယ်။ မော်ဘူးမြာကိုရောင်းစားတဲ့ အဒေါ်ကတော့ထောင်၁၄နှစ် ကျသွားတယ်လို့ပြောပြပါတယ်။

ရွာပြန်ရောက်တဲ့အချိန်မော်ဘူးမြာ အရွယ်ရောက်ပြီးဖြစ်တဲ့အတွက် ချောမောလှပတာကြောင့်အမဖြစ်သူရဲ့အမျိုးသားက အမြဲတမ်းလိုလိုစနောက်တယ်။ တစ်နေ့ကျတော့ရွာအပြင်ဘက်ခေါ်သွားပြီး မုဒိမ်းကျင့်တယ်လို့ ပြောပြပါတယ်။

မော်ဘူးမြာ (နာမည်အရင်းမဟုတ်) “ရွာအပြင်ဘက်ခေါ်သွားတယ်။ သူ့စကားကိုယုံပြီးလိုက်သွားတော့ အနိုင်ကျင့်ခံရတယ်။ နောက်တစ်နေ့ကျတော့ သမီးတစ်ယောက်တည်းရှိတဲ့အခါ ထပ်ခေါ်သွားတယ်။ သမီးဘယ်လိုမှအော်လို့မရဘူး။ ဒီအကြောင်းကိုဘယ်သူ့ကိုမှ မပြောစေချင်ဘူး။ သမီးကဘာလို့ ဖွင့်မပြောရမှာလဲ။ သမီးအပြစ်မှမဟုတ်တာ။ သူတို့ကလည်းတာဝန်မယူချင်ကြဘူး။ သမီးကိုပဲအပြစ်တင်ကြတယ်။” လို့ပြောပါတယ်။

ရဲနဲ့လူမှုဝန်ထမ်းတွေကမော်ဘူးမြာကို GSMF အမျိုးသမီးခိုလှုံရာဂေဟာဆီ ပို့ပေးခဲ့တယ်။ သူပြောသမျှကိုsisters တွေကနားထောင်ပေးလို့ရင်ထဲ ပေါ့သွားတယ်လို့ မော်ဘူးမြာကဆိုပါတယ်။

လိင်အကြမ်းဖက်ခံရမှုနဲ့ကြုံခဲ့ရတဲ့ အမျိုးသမီး ၈ ဦး ကောင်းသောသိုးထိန်း မြန်မာဖောင်ဒေးရှင်းကျောင်းမှာ လာရောက်ခိုလှုံနေကြတယ်လို့ ကောင်းသောသိုးထိန်း မြန်မာဖောင်ဒေးရှင်း Sister Benedicta ပြောပါတယ်။

“တချို့ကကလေးတွေနဲ့ရှိတယ်၊ တချို့က ကိုယ်ဝန်တွေနဲ့ရှိတယ်။ တခြားကျောင်းနေတဲ့ ကလေးဘက်မှာလည်း အမျိုးသမီးဆယ်ယောက်ကျော်ကျော် ရှိတယ်။” Sister Benedicta ကပြောပါတယ်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေလည်း ဥပဒေအပိုင်းမှာထိရောက်တဲ့ ပစ်မှုပစ်ဒဏ်တွေရှိတယ်လို့ ကယားပြည်နယ်ဥပဒေချုပ်ရုံး ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်း ကပြောပါတယ်။

၎င်းက “ထိရောက်ဟန့်တားထားတဲ့ ပစ်ဒဏ်တွေရှိတယ်ဆိုတာ ဆော်အော်ထားခြင်းဖြင့် ကျူးလွန်တဲ့ပုဂ္ဂိုလ်များ မကျူးလွန်ရလေအောင် ကြိုတင်ကာကွယ်တဲ့ဟာမျိုးဖြစ်သလို ကျူးလွန်တဲ့ တရားခံတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပစ်ဒဏ်များ အစီအမံများဖြစ်ပါတယ်။”လို့ပြောပါတယ်။

အခုဆိုရင်မော်ဘူးမြာ ( နာမည်လွဲ)ဟာဆိုလို့ရှိရင် စက်ချုပ်နဲ့လက်မှုပညာကို သင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ ပြောပါတယ်။

ကြမ်းတမ်းလှတဲ့ဘ၀ကို ဖြတ်သန်းပြီးနောက် အခုဆိုရင်မော်ဘူးမြာဟာကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေပါတယ်။

မော်ဘူးမြာကတော့ လူမှုရေးလုပ်ငန်းတွေ လုပ်ချင်တဲ့အပြင်အဆိုတော်ဖြစ်ချင်သလို စက်ချုပ်ဆရာမလည်းဖြစ်ချင်တယ်။ ရွာမှာစက်ချုပ်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတယ်။ အမျိုးသမီးဖြစ်ရတာဂုဏ်ယူတယ်လို့ပြောပါတယ်။

Comments

comments