ယခုနှစ်ထွက် ကယား ပြောင်း ဆယ်စုနှစ်အတွင်း စံချိန်တင် တန်ချိန်အများဆုံး တင်ပို့နိုင်ခဲ့ 

စိုးရယ်

ကယားပြည်နယ်ထွက် ယခုနှစ် ပြောင်းဆံများကို ဆယ်စုနှစ်တစ်ခုအတွင်း တန်ချိန် အများဆုံးတင်ပို့နိုင်ခဲ့သည်ဟု ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။

“ကယားပြည်နယ်ရဲ့ အဓိကတင်ပို့နေတဲ့ ပြောင်းဖူးစေ့ရယ် ကျွန်တော်တို့ ကယားဆန်ရယ် နှမ်းရယ် ဒီနှစ်ကတော့ ထူးထူးခြားခြားကို တက်ပါတယ်။ ကုန်သွယ်ရေးစကားနဲ့ ပြောရရင် ကုန်သွယ်မှုပမာဏ အများကြီးတိုးတယ်” ဟု ဦးခမ်လျန်စွမ်းက ပြောသည်။

ပြောင်းဆံ တန်ချိန် ၃ သောင်းနီးပါး တင်ပိုခဲ့ပြီး ရရှိငွေပမာဏမှာ ကျပ်သန်း ၇ ထောင်ကျော်ရှိကြောင်း မတ်လ ၁၈ ရက်နေ့တွင် ဦးခမ်လျန်စွမ်းက ပြောကြားခဲ့သည်။ 
ကယားပြည်နယ်ထွက် ပြောင်းများကို ထိုင်းနှင့် တရုတ်နိုင်ငံကို အဓိက တင်ပို့သည်ဟု ဦးခမ်လျန်စွမ်းက ပြောသည်။

ကယားပြည်နယ်၏ ပြောင်းအဓိက ထွက်ရှိသည့်နေရာများမှာ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ဖြစ်သည်ဟု မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း(ကယားပြည်နယ်) တာဝန်ခံဦးမြင့်မောင်က ပြောသည်။

ကယားပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးမြေဧကမှာ ၇ သောင်း ၄ ထောင်ရှိသည်ဟု ပြည်နယ်အစိုးရမှ စစ်တမ်းအရသိရပြီး မြန်မာနိုင်ငံပြောင်းထုတ်လုပ်ရောင်းချသူများအသင်း(ကယားပြည်နယ်)မှ လေ့လာသိရှိမှုအရ ဧက တစ်သိန်းကျော် ရှိသည်ဟု ဦးမြင့်မောင်က ပြောသည်။ 
လာမည့်နှစ်တွင် ပြောင်းအရည်အသွေးကောင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် သူများအသင်းနှင့် မြန်မာ့သြဘာ Awba တို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ယခင်နှစ်က ပြောင်းဈေး ပုံမှန်မရှိ၍ စိုးရိမ်မှုများလည်း ရှိနေသည်။

“ကျနော်တို့ လာမယ့်နှစ်မှာ ပြောင်းကို ပိုဦးစားပြီး စိုက်မယ်ဆိုရင် ဈေးကွက်အခြေအနေက အတည်တကျ ယခုနှစ်လိုဘဲ ဈေးရှိနေရင်တော့ ကောင်းတာပေါ့။”ဟု ဒီးမော့ဆိုမြို့နယ် ပြောင်းစိုက်တောင်သူ ဦးဖိုးရယ်က ပြောသည်။

Comments

comments