spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကိုင်အဖွဲ့ မ ျ ား ၏ အခွန်နှင့်ဂိတ်မ ျ ားသည် ပြည်သူမ ျ ား ဝန်ထုပ်ဝန်ပိုးဖြစ်

Author

Date

Category

မူအက်စတာ
လက်နက်ကိုင်အဖွဲ့အစည်းများက ကောက်ခံသည့်အခွန်များ ၊ ဖြတ်သန်းသွားလာရသည့်ဂိတ်များသည် ပြည်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဖားဆောင်းမြို့နယ်မှ ဦးစိုင်းသန်းရွှေက လူထုအခြေပြုငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲတွင် တင်ပြဆွေးနွေးသွားသည်။
“တံဆိပ်လည်းမပါ အရပ်ဝတ်နဲ့ ပဲတောင်းတယ်။ ပြည်သူတွေက ယောင်ဝါးဝါးနဲ့ အခွန်ပေးရတယ်။ ဘာအဖွဲ့လဲဆိုတာသေချာမသိရ ။ မပေးရင် သေနတ်နဲ့ပဲ ပစ်ခတ်ခံရမလား ။ ဆင်းလာတော့မလိုလို ကြောက်နေရတယ်။”
ဖားဆောင်းမြို့နယ်အတွင်းရှိ စွပ်ဖဂိတ်တွင် အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာသူများကို ငွေကြေးတောင်းခံနေသည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းထားသော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)အဖွဲ့ ၏လုပ်ရပ်ကို ကယား(ကရင်နီ)ပြည်နယ် လူထုအခြေပြု ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ မောဒူဒီးဘိုးခန်းမဆောင်တွင် ဇူလိုင်လ ၁ရက် နှင့် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ချိန် ဦးစိုင်းသန်းရွှေက ဆွေးနွေးတင်ပြသွားခြင်းဖြစ်သည်။

က.လ.လ.တ အဖွဲ့၏ဂိတ်မှာ ဆွပ်ဖအပါအဝင် ဘောလခဲမြို့နယ် ရွာသစ်ဘက်ရှိ ဝမ်ဗလတွင်လည်းရှိသည်ဟု ဆိုပါသည်။
ထို့အပြင် ဖားဆောင်းအုပ်စုအတွင်းရှိ နန်းကစ်နှင့် ပန်ပုရွာမှ ဒေသခံများ၏ ရေထွက်ပေါက်အနီးတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP စခန်းရှိနေသည့်အပေါ် တောင်သူများသွားလာသည့်အချိန် ကန့်သတ်ထားသည့်အတွက် ဒေသခံများက မလိုလားကြကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ လူထုများက လူဦးရေ လက်မှတ် ၁၀ဝ ကျော်ဖြင့် ဖားဆောင်း ဆက်ဆံရေးရုံး ၊ လွိုင်ကော်ဆက်ဆံရေးရုံးသို့ တင်ပြထားကြောင်း သိရသည်။
KNPP အနေဖြင့် တင်ပြထားသည့်လက်မှတ်များကို လက်ခံရရှိထားပြီး ဂိတ်မရွှေ့ပေးနိုင်သေးကြောင်း ယခုကဲ့သို့ ဂိတ်ထားရှိရခြင်းသည် သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းရန်ဖြစ်သည်ဟု ဖားဆောင်းမြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးတီရယ်စောဖားမူးက ပြောသည်။
“တချို့ရွာသားတွေက သစ်တွေကို ပရမ်းပတာခုတ်တယ်၊ ဝါးတွေကိုခုတ်တယ်။ အဲဒါကြောင့် အဲ့နားမှာ ဂိတ်ထားထားရခြင်းဖြစ်ပါတယ်။” ဟု ဦးတီရယ်စောဖားမူးက ပြောသည်။ KNPP အဖွဲ့များက နှစ်စဉ်ကြေးများ နှစ်စဉ်ပုံမှန်ကောက်ခံလျက်ရှိသည့်အတွက်လည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်းဘောလခဲဒေသခံ ဦးရှုမောင်ကလည်း ကန္တာရဝတီတိုင်း(မ်) သို့ ပြောပါသည်။
“ကျွန်တော်တို့ကို နှစ်တိုင်း နှစ်စဉ်ခွန်ကောက်တယ်၊ အဲ့ဒါတွေက အိမ်မှာ စက်၊ ထော်လာဂျီတွေကိုကောက်တယ်၊ တစ်အိမ်ထောင်ကို မုဆိုးမဆို ၄၀၀၀၊ နည်းနည်းအဆင်ပြေတဲ့အိမ်တွေကျတော့ ၆၀၀ဝကျပ် အဲ့လောက်ကောက်တယ်” ဟု ပြောသည်။
တစ်နှစ်လျှင် အိမ်ထောင်စုတစ်စု ဆန်နှစ်ပုံးနှင့် ငွေကျပ် ၅၀၀၊ မုဆိုးဖို/မ ဆန်တစ်ပုံးနှင့် ငွေကျပ် ၂၅ဝ ၊ ကားခွန်ကိုမူ တင်နိုင်သည့် ဝန်ကို ကြည့်ပြီးကောက်ခံကြောင်း ဖားဆောင်း KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးတီရယ်စောဖားမူးက ဆိုပါသည်။
ဦးတီရယ်စောဖားမူးက “ကျွန်တော်တို့ နှစ်စဉ်ကြေးကောက်တာဟုတ်ပါတယ်။ ဒါပေမဲ့ ပရမ်းပတာမကောက်ပါဘူး။ သူတို့မိသားစုအတွက် ထောက်ပံ့ကြေးတွေ ပြန်ပေးပါတယ်။ ကေအန်ပီပီရဲ့မူက အခုမှရှိတာမဟုတ်ဘူး ။” ဟုပြောသည်။
ဖားဆောင်းမြို့နယ်တွင်း KNPP ဂိတ်များမှာ နန်းကိ ရေထွက်ပေါက်၊ ကျောက်လုံးကြီး၊ နန်းဖဲ၊ မော်ချီး ၁၂မိုင်တို့တွင် ထားရှိရာ ယခင်လအတွင်းက လွှတ်တော်ကိုယ်စားလှယ်များက ကျောက်လုံးကြီးသို့ ကွင်းဆင်းရာတွင် ကျောက်လုံးကြီးဂိတ်၌ ဆက်ဆံရေးရုံးမှ လက်မှတ်မပါသည့်အတွက် ဖြတ်သန်းသွားရန်အခက်အခဲကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
အစိုးရနှင့် KNPP နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးထားသည့် အချက်များအပေါ်တွင် ၎င်းတို့ နှစ်ဖက်လုံး မလိုက်နာခဲ့သည့် အချက်များ ရှိနေကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (KSPMN) မှ အဖွဲ့ဝင် ဦးဒယ်နီယာက ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
“လူထုတွေအတွက် အဟန့်အတားဖြစ်စေတာကတော့ ကေအန်ပီပီတွေဘက်က အခွန်ကောက်တာပေါ့နော။ ဒီဟာတွေကတော့ လူထုတွေကြားမှာ အများဆုံးညည်းတွားနေတဲ့ဟာ၊ လူထုတွေကတော့ အဲ့ဒီဘက်မှာအသံ အများဆုံးထွက်လာတယ်” ဟု ဦးဒယ်နီယာက ပြောသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံ ဆရာမဒေါ်ခွန်ဂျာက“ ဒါကတော့ ဒီအခုလောလောဆယ်မှာဆိုရင် ဒီအပစ်ခတ်ရပ်စဲရေးပြီးတဲ့နေရာမှာပေါ့ ဒီ Civilian Ceasefire Monitoring (CCM) ဆိုပြီးတော့မှ အဖွဲ့တွေကို ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ နှစ်ဖက်စလုံးကနေပြီးတော့မှ ချိုးဖောက်တာတွေ ရှိပါသေးတယ်။ မြင်ရတယ်ပေါ့နော ” ဟု ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။

လူထုအခြေပြုုငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင်လည်း သဘောထားထုတ်ပြန်ကြေညာချက်အရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်မည့် အခွန်ကောက်ခံမှုများကိစ္စကို အလေးထားဆောင်ရွက်ရန် ၊ တိုင်းရင်းလက်နက်ကိုင်များ အပြန်အလှန်ယုံကြည်မှုရှိပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ထုတ်ပြန်ကြေညာထားသည်။

spot_img
spot_img

Recent posts