လွိုင်ကော်မြို့တွင် ဇာတ်ကြောင်းပြော ဓါတ်ပုံပွဲတော်ကျင်းပ

ခွန်းကလိုင်းဖရီး

ကယား(ကရင်နီ)ပြည်နယ်ရှိ ဓါတ်ပုံဝါသနာရှင် (၃၅) ဦး ဖန်တီးရိုက်ကူးထားသည့် ဇာတ်ကြောင်းပြော ဓါတ်ပုံဇာတ်လမ်း (၂၂) ပုဒ်အနက် (၁၈) ပုဒ် ဆန်​ခါတင်ရွေးချယ်ကာ ဓါတ်ပုံပွဲတော်တစ်ရပ်ကို လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင် ကက်သလစ် ဗဟိုဘုရားကျောင်းဝင်း၌ ဒီဇင်ဘာလ(၁၅) ရက် ညနေ (၅) နာရီအချိန်တွင် ပြသခဲ့သည်။

“ကျွန်တော်တို့ အခုလို ဓါတ်ပုံပွဲတော်ကို ရန်ကုန်မှာ ပြုလုပ်တာ (၁၂)နီးပါး ရှိပါပြီ။ ကျွန်တော်တို့ ကယားပြည်နယ်ကို လာတာအရမ်းလည်းဝမ်းသာသလို ဂုဏ်လည်းယူပါတယ်။ ပထမအဆင့်အနေနဲ့ကတော့ ကျွန်တော်တို့ဓါတ်ပုံ ဝါသနာရှင်တွေကို အရင်ဦးဆုံးသင်တန်းပေးပါတယ်။ အားကောင်းတဲဓါတ်ပုံ ဇာတ်လမ်းတွေကို ပြုလုပ်နိုင်ဖို့ပါ။ ဒုတိယအဆင့်ကတော့ ဒီဓါတ်ပုံဇာတ်လမ်းတွေကို ဓါတ်ပုံပွဲတော်မှာ ပြန်ပြီး ပြသပါတယ်။” ဟု Photo Doc အဖွဲ့ ဒါရိုက်တာ ခရစ္စတော့ဖ်က ပြောသည်။

ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းအတွင်း ဓာတ်ပုံပွဲတော်ကျင်းပနေသည့် မြင်ကွင်း ပုံ…ခွန်းတူးတူးလေး

အဆိုပါ ဓါတ်ပုံဇာတ်လမ်းများတွင် လူ့အခွင့်အရေး၊ လူမူရေး၊ သဘာဝပတ်ဝန်းကျင်၊ ကလေးလုပ်သားစသည့် ကွဲပြားသည့် အကြောင်းအရာများ ပါဝင်သည်ဟု ၄င်းကဆိုသည်။

၎င်းအကြောင်းအရာများကို လူအတော်များများက မပြောဆိုကြသောကြောင့် ယခုအချိန်တွင် ၄င်းဓါတ်ပုံဇာတ်လမ်းများမှတစ်ဆင့် သတင်းထောက်များ၊ အရပ်ဖက်အဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများမှ ဒေသတွင်း၌ပြန်လည်ပြောဆိုမျှဝေကြလိမ့်မည်ဟု ဆိုသည်။

ကိုယ်တိုင် ဓါတ်ပုံဇာတ်လမ်းများကို ဖန်တီးရိုက်ကူးခဲ့သည့် မူဂျိုးစဖင်းက “ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောလိုက်ရင် အရမ်းလွယ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ရိုက်တဲ့အချိန်ကြတော့ အရမ်းပင်ပန်းတယ်။ ကျမတို့ ရိုက်ကူးပြသတဲ့ ဇာတ်လမ်းနဲ့ ဓါတ်ပုံက ပရိတ်သတ်တွေကို နားလည်ဖို့နဲ့ မက်ဆေ့ခ်ျ​ပေးနိုင်ဖို့ကအရမ်းကို အရေးကြီးတယ်။” ဟု ပြောပါသည်။

အဆိုပါ ဓါတ်ပုံ ပြပွဲတွင် ပြည်တွင်း ဒိုင်လူကြီး(၆) ဦးနှင့် ပြည်ပ ဒိုင်လူကြီး ( ၂) ဦးတို့မှ ဓါတ်ပုံဇာတ်လမ်း (၁၈) ပုဒ်ထဲမှ အကောင်းဆုံး(၆) ပုဒ်အား အမှတ်ပေးရွေးချယ်ခဲ့သည်။ ၄င်းဇာတ်လမ်းဓါတ်ပုံများကို ဖန်တီးရိုက်ကူးသည့် ဆုရဝါသနာရှင် (၆) ဦးအနက် ပထမဆုမှ စတုထ္ထဆုအထိ Cannonကင်မရာ (၁) လုံးစီ၊ ပဉ္စမဆုနှင့် ဆဌမဆုကို လက်ကိုင်ဖုန်း (၁) လုံးစီ ဆုချီးမြှင့်ခဲ့သည်။

၎င်း ဓါတ်ပုံပွဲတော်ကို Photo Doc အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖန်တီးရိုက်ကူးထားသည့် ဓါတ်ပုံဇာတ်လမ်းများကို လူ သန်းချီကြည့်ရှုသည့် ၄င်းတို့၏ Myanmar Stories ဖေ့စ်​ဘွတ်ပေ့ခ်ျ​တွင်လည်း မျှဝေမည်ဟု သိရသည်။

လာမည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း တိုင်းနှင့် ပြည်နယ်အနှံ့မှ ဖန်တီးရိုက်ကူးထားသည့် ဇာတ်လမ်းဓါတ်ပုံများကိုလည်း ရန်ကုန်မြို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Comments

comments