သိမ်းဆည်းမြေယာပြန်ပေးရန် တရားစွဲခံ လောပိတတောင်သူများ တောင်းဆို

လောကထုကျေးရွာတွင် သြဂုတ်လ ၂၆ ရက်နေ့က သိမ်းဆည်းခံမြေယာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ-ကေတီ)

ကန္တာရဝတီတိုင်း(မ်)

မြေယာအငြင်းပွားမှုဖြစ်ပြီး တရားစွဲဆိုခံထားရသော လောပိတကျေးရွာအုပ်စုက တောင်သူများက အဆိုပါကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော မေလ ကတည်းက လောကထုကျေးရွာရှိ တောင်သူ ၅ ဦးက ရာဇဝတ်မှုမကင်းသော ကျူးကျော်ချဉ်းနင်းမှုဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ထို့အပြင် ဇူလိုင်လအရောက်တွင် မော်မယ်မိုအား ထပ်မံတရားစွဲခဲ့လိုက်ခြင်းဖြစ်ကာ အဆိုပါ တောင်သူများကို ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသော လောပိတ အမှတ်၁ စက်ရုံ ဝန်ထမ်း မိသားစုများက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမတို့ရဲ့ တောင်ယာမြေကိုလည်း ကန့်ကွက်ထားတယ်။ သူတို့လုပ်စားတာလည်း ကြာနေပြီ။ တဲထိုးထားတာတွေကိုလည်း မီးရှို့တာတွေရှိခဲ့တယ်။ တောင်ယာလုပ်တာလည်း အခကြေးမပေးဘူး။ အလကားယူထားသေးတယ်။ အခုက ကိုယ့်ပြောင်းခင်းထဲကို ပေါင်းလာရှင်းတာတောင် တရားရုံးရောက်ရသေးတယ်။ ဓါတ်ပုံလာရိုက်ပြီး တရားရုံးတင်တယ်။ ဖမ်းမယ်၊ဆီးမယ်တွေ လုပ်နေတယ်။”ဟု တရားစွဲဆိုခံရသူ မော်မိုးမယ်က ပြောကြားသည်။

“ကျမရဲ့ ဒီတောင်ယာတခင်းကို ပြန်ရရမယ်ပေါ။ လုံးဝမပေးနိုင်ဘူး။ အစက ခွဲယူကြဖို့ ပြောတယ်။ ဒါပေမဲ့ မပေးနိုင်ဘူး သူတို့ကိုင်တယ်လို့ပြောတယ်။ ကျမတို့က အိမ်ထောင်စု ၅ စုပိုင်တဲ့ဟာပေါ့။ တရားစွဲဆိုထားတာပေါ့။ ပုံစံ ၇ လည်း သူတို့ ခိုးပြီးလုပ်ထားတာ။ သူတို့တောင်ယာမြေမဟုတ်ဘူး။ သူတို့ခိုးလုပ်ထားတာပေါ့။ သူတို့က ကျမတို့မြေယာကိုလိုချင်လို့ ပုံစုံ ၇ လုပ်ထားတာပေါ့နော။”ဟု မော်မယ်မိုက ပြောသည်။

လောပိတရေအားလျှပ်စစ်စီမံကိန်း ဆောက်ရွက်ရန် ၁၉၈၃ ခုနှစ် ကတည်းက အဆိုပါ မြေယာများကို သိမ်းယူခဲ့သည်။ ထို့နောက် ၁၉၉၉ ခုနှစ်အရောက်တွင် အာဏာပိုင်များမှ ပြန်လှည်စွန့်လွှတ်ခဲ့ရာ တောင်သူများက ဝင်ရောက်လုပ်ကိုင်လိုသော်လည်း ထိုစဉ်က ခွင့်မပြုခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အရောက်တွင် ထပ်မံစွန့်လွှတ်ကြောင်း ကြားသိရပြီး ရွာသားများမှ ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ခဲ့သော်လည်း ဟန့်တားခံခဲ့ရကာ ယခုနှစ်အတွင်း လောကထူးရွာသားများမှ အလုံးအရင်းလိုက် ဝင်ရောက်လုပ်ကိုင်ရာမှ ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ တောင်သူတွေမှာ လုပ်ခ လစာတွေလည်းမရှိကြဘူးလေ။ ပြန်ပေးစေချင်တယ်။ ကိုယ့်တောင်ယာမြေတွေကို ပြန်လုပ်စားချင်တယ်။ မိဘ လက်ငုတ်လက်ရင်း ဖြစ်တဲ့အတွက်လည်းအခုလိုလုပ်ရဲတာဖြစ်တယ်။ မဟုတ်ရင် ကျနော်တို့မလုပ်ရဲပါဘူး။ ကျတော်တို့က ရိုးသားကြတယ်လေ။ ဗုဒ္ဓလည်းကိုးကွယ်တယ်၊ တံခွန်တိုင်လည်းကိုးကွယ်ကြတဲ့သူတွေပါ။”ဟု တရားစွဲခံရသူ တောင်သူ ဦးစိုးရယ်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အစိုးရကို တင်ပြထားသော်လည်း အစိုးရဖက်က ပြန်လည်ညွန်ကြားထားသော ဌာနဆိုင်ရာများက တောင်သူတွေအရေးကို အရေးတယူ ဆောင်ရွက်ခြင်းမပြုသေးဟု ကယားပြည်နယ်တောင်သူလယ်သမားသမဂ္ဂ၏ ဥက္ကဌ ကိုတူရယ်က ပြောသည်။

လယ်ယာမြေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဦးမြင့်မောင်ကမူ “အဓိကတရားခံလို့ ပြောရရင်တော့ ၂၀၁၂ လယ်ယာမြေဥပဒေ ၊ လယ်ယာမြေဥပဒေက ဘာပြောပြော မမျှတဘူးပေါ့ ပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေမှာ ကျနော်တို့ ဒေသခံတွေရဲ့ မိရိုးဖလာ မြေယာပိုင်ဆိုင်မှု၊ မြေယာလုပ်ကိုင်မှုကို လုံးဝ အသိမှတ်မပြုထားဘူး။ ဒါအဓိက တရားခံ။”ဟု ဦးမြင့်မောင်က ဝေဖန်သည်။

“ဒီပုံစံ ၇ထုတ်တယ်ဆိုတာလည်း ခရိုင်ကော်လိပ်တော်အရာရှိ ကသာ ထုတ်ပေးရတာ။ ဒါပေမဲ့ ဦးတို့သိသလောက်က ဒီရွာခံတွေလည်းဘယ်သူမှမသိဘူး။ မြေ/စီကော်မတီတွေလည်းမသိဘူး။ ဒီပုံစံ ၇တွေထွက်တယ်။ ဒီလိုပဲ လက်ရှိတရားဝင် သူတို့မြေကို ပုံစံ၇ ရထားတဲ့ တောင်သူတွေမှာလည်း ရှင်းရှင်းပြောရရင် လွယ်လွယ်ကူကူပဲရထားတယ်။ ဘာမှ စိစစ်ထားတာ မဟုတ်ဘူး။ ဒီထဲက ရထားတဲ့ တောင်သူတွေမှာလည်း ခုနက တရက်ထဲနဲ့ ၂ ရက်ထဲနဲ့ ရထားတဲ့ ပုံစံ၇ တွေရှိတယ် အဲထဲက ဦးပြောချင်တာကတော့ လက်ရှိ မြေ/စီကော်မတီတွေဟာ သူတို့လုပ်ထုံးလုပ်နည်းနဲ့ သူတို့ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေတွေအတိုင်း အလုပ်မလုပ်ဘူးဆိုတာကတော့ ထင်ထင်ရှားရှားကြီးပဲ။”ဟု ဦးမြင့်မောင်က ထပ်လောင်း ပြောကြားသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၄၇ သည် ရာဇဝတ်မှုမကင်းသော ကျော်နင်းမှုအဖြစ် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ငါးရာ ပြစ်ဒဏ်ချမှတ်နိုင်သည်။

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *