ကျေးရွာများတွင် ဆေးခန်းရှိသော်လည်း ဆေးနှင့်ဆရာမ မရှိဟုဆို

ခူးကိုရယ်

ဖရူဆိုမြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ကျန်းမာရေးဆေးပေးခန်းသာရှိပြီး ဆရာမများ ပုံမှန်ရှိမနေပေးနိုင်သည့်အတွက်ကြောင့် ရွာသားများအတွက် အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

“ကျွန်တော် ဘယ်လိုပြောချင်လဲဆိုတော့ ဆရာမတော့လိုချင်တယ်ပေါ့၊ ဆေးခန်းကဆောက်တာ လေးနှစ်ရှိပြီဆိုတော့ စစခြင်းလုပ်တာ ကြံ့ခိုင်ရေးအဖွဲ့လာလုပ်ပေးတယ်၊ ခုက ဆင်မပြေတော့ဘူးပေါ့၊ ဆေးခန်းမှာ ဆရာမ မရှိတော့ ဟိုး…ဖရူဆိုဆေးရုံတို့၊ လောထောတနောမှာဆိုရင် လမ်းလည်းအဆင်မပြေဘူး၊ ညအချိန်သွားလည်း အဆင်မပြေဘူးလေ၊ အဲကြောင့်ရွာမှာ ဆေးခန်းရှိတယ်ဆိုတော့ ဆရာမကိုလာခိုင်းချင်တယ်၊ ဆေးတွေကောပေါ့။”ဟု ဒိုးပရယ်ကျေးရွာ ရပ်မိရပ်ဖ ဦးဘျားရယ်က ဆိုသည်။

ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာတွင်လည်း ဆေးခန်းသာရှိပြီး ဆရာမပုံမှန်မရှိပေ။ လွန်ခဲ့သော ၂၀၁၆ခုနှစ်တွင် ဒေသခံများမှ အစိုးရထံသွားရောက်တောင်းဆိုရာ အစိုးရမှ ၎င်းတို့ကျေးရွာဆေးခန်းသည် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားခြင်းမရှိသည့်အတွက် ဆေးခန်းတွင်ဝန်ထမ်းများ ရောက်ရှိမလာခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ငါတို့က ဆေးခန်းထားတယ်၊ တကယ်ပဲ ပြည်သူလူထုကလိုချင်တယ်၊ လိုအပ်လို့၊ အဲ့ဒါကြောင့်တောင်းတယ်၊ ငါတို့တောင်းတာ ခုကလက်ရှိအစိုးရတွေက တရားမ၀င်ဘူး၊ ဘောင်မ၀င်ဘူးသွားပြောတော မချပေးဘူးလေ၊ ပြည်သူလူထုရဲ့အသံ အဲ့တစ်ခုနဲ့ ဆန့်ကျင်သွားတာပေါ့၊ ငါတို့ရွာသူရွာသား လိုချင်တာက ခုကတရားမ၀င်ဘူးပြောတော့ မလိုအပ်ဘဲ ကျွန်တော်တို့ သွားတောင်းဆိုတာလည်းမဟုတ်ဘူး အဲလိုပေါ့၊ ခုက မချပေးတော့ ကျွန်တော်တို့ အတွက်လည်း အခက်အခဲရှိတာပေါ့၊ ရွာသူရွာသားအတွက် ခက်ခဲသွားတယ်၊ ဖရူဆိုဆေးရုံမှာဘဲ သွားပြရတာပေါ့၊ လမ်းလည်းဝေးတယ်၊ တစ်ချို့ဆို ဆိုင်ကယ်မရှိတာလည်းရှိတယ်၊ တစ်ချို့လည်းသူများဟာ သွားငှါး၊ သူများမပေးချင်တာလည်းရှိတယ်၊ ခက်ခဲသွားတာပေါ့” ဟု ဆိုလျားကူးကျေးရွာနေ ဦးဆူရယ်က ပြောသည်။

ဆိုလျားကူးကျေးရွာတွင် လူဦးရေများပြားသည့်အတွက်ကြောင့်နှင့် ဒိုးပရယ်ကျေးရွာသည် မြို့ပြနှင့် အလှမ်းဝေးနေသည့်အတွက် ဆေးခန်းဆရာမများ လာရောက်ချထားပေးရန် လိုအပ်ကြောင်း ဒေသခံများကပြောသည်။

“ဆရာမ ပုံမှန်မရှိဘူး၊ သူလာတာက ဒီရက်လိုလာပြီး ဆေးခန်းမှာရှိမနေဘူးပေါ့၊ ဒီ..ဟိုသားဖွားအိမ်မှာဘဲ လာနေတယ်၊ ခန်းမဆောင်မှာဘဲ ဆေးလာထိုး၊ လာတိုက်မှ သူပြန်သွားတာ ကျွန်တော်တို့လိုချင်တာက ဒီဆေးခန်းရှိပြီ၊ ဒါပေမယ့် ဆရာမအတည်တစ်ယောက် လိုချင်တယ်ပေါ့နော၊ ကျွန်တော်တို့က ကျန်းမာရေးသွားလာ ခက်ခဲတော့ သက်သာတာပေါ့။” ဟုဒိုးပရယ်ကျေးရွာမှ ဦးဒဲရယ်ပြောသည်။

၎င်းကျေးရွာများတွင် ကျန်းမာရေးဆေးခန်းရှိသော်လည်း ဆေးဆရာမနှင့်ဆေးများမရှိကြောင်း၊ ဝန်ထမ်းများမှ ကျေးရွာအတွင်းသို့ သုံးလတစ်ကြိမ်သာ လာရောက်ကွင်းဆင်းကြောင်း သိရသည်။ ဆေးခန်းဆရာမ တောင်းထားသော်လည်း သက်ဆိုင်ရာမှ လာရောက်ချထားခြင်းများ မရှိကြောင်း သိရသည်။

Comments

comments