ကျေးရွာများသို့ တိရိစ္ဆာန်နှင့်အတူ မွေးမြူရေးနည်းပညာကို တပါတည်းပေးမည်

မူအက်စတာ

တိရိစ္ဆာန်မွေးမြူရေး စိတ်ပါဝင်စားမှုရှိပါက နည်းပညာပေးပြီး မွေးမြူရန် တိရိစ္ဆာန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘောစ်ကိုက ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဘိန်းအစားထိုး မွေးမြူရန် ဆိတ်နှင့် ဝက် ၊ သိုး စသည့် တိရိစ္ဆာန်များ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယမန်နှစ်က ပြည်နယ်အစိုးရမှ ကျေးရွာများသို့ သိုးနှင့် ဆိတ်များ မွေးမြူရန် ပေးအပ်ခဲ့သော်လည်း ပြုစုထိန်းသိမ်းနည်းမသိရှိသဖြင့် အဆိုပါ တိရိစ္ဆာန်များ အများအပြားသေကြေခဲ့သည်။

ဆင်းရဲမွဲတေမှု လျော့နည်းရန် ရည်ရွယ်၍ တိရိစ္ဆာန်များကို ပေးအပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကျေးရွာများတွင် သက်ဆိုင်ရာမှ လာရောက်ပေးအပ်သည့် တိရိစ္ဆာန်များ မွေးမြူရာတွင် မအောင်မြင်ဘဲ ပြန်လည်ပေးလျော်ရမည့်အပေါ် ဒေသခံများက စိုးရိမ်မှုများ ရှိနေသည်။

“ကျွန်တော်တို့ကို စီးပွားဖြစ် နှစ်ရှည်ပင်တွေ စိုက်ဖို့ ချပေးရင် ပိုမကောင်းဘူးလား၊ တိရိစ္ဆာန်တွေ ကျနော်တို့ မလိုချင်ဘူး။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ဒီလို ဘိန်းအစားထိုးစိုက်ဖို့အတွက်က အပင်တွေစိုက်ချင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ်လာပြောပါ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်းရှိတယ် ၊ ကျနော်ကတော့ အမြဲကြိုဆိုနေပါတယ်။” ဟု ဝန်ကြီး ဦးဘောစ်ကိုက ပြောသည်။
တိရိစ္ဆာန်မွေးမြူမည့်အစား နှစ်ရှည်ပင်များ စိုက်ပျိုးလိုပါက မြေဧက စိုက်ပင်အမျိုးအစားနှင့် အရေအတွက်များကို စာရင်းပြုစုပေးရန် ဝန်ကြီးက ပြောသည်။ မြေတစ်နေရာအတွင် အပင်အရေအတွက် အများအပြားပြွတ်သိပ်ပြီ မစိုက်စေလိုကြောင်း ၎င်းက အကြုံပြုသည်။

Comments

comments