ကျေးရွာ ၁၁ ရွာ၏လယ်ယာမြေကိုတပ်ပိုင်မြေအဖြစ် သတ်မှတ်ကာ တောင်သူနှစ်ဦးကို ကျူးကျော်အဖြစ်တရားစွဲ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာအပါအ၀င် ကျေးရွာ(၁၁)ရွာရှိ ဒေသခံများသည် ၎င်းတို့ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့ကြသောလယ်မြေနှင့် တောင်ယာမြေများကို တပ်မှ သိမ်းယူကာ ၎င်းမြေပေါ်လာရောက်နေထိုင်သည့် တောင်သူနှစ်ဦးကို တပ်ပိုင်မြေကျူးကျော်အဖြစ် တရားစွဲထားသည်။

“ နိုင်ငံတော်က ချမှတ်ထားတဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီးတောမှ သိမ်းဆည်းခံမြေနဲ့ ပတ်သက်ပြီးတော့မှ မူဝါဒ(၅၂) ချက်နဲ့ပေါ့၊ တပ်အတွက်အသုံးပြုရန်၊ အနာဂတ်အတွက်အသုံးပြုရန်အတွက် ပြောတာပေါ့နော်၊ လျာထားတယ်၊ လျာထားပိုင်ခွင့်မရှိဘူးလေ၊ အခုတရားရုံးမှာ ထွက်ဆိုတာက အဲ့လိုဘဲပြောတယ်၊ အနာဂတ်သုံးဖို့အတွက်လျာထားတာ နှစ်ကာလဘယ်လောက်ရှိလဲ၊ ဆယ်နှစ်လား၊ ဆယ့်ငါးနှစ်လား၊ လျာထားတာ နှစ်ကာလအခွင့်အရေး ဘယ်နှစ်နှစ်ရှိလဲပေါ့၊ နိုင်ငံတော်က ဘယ်နှစ်နှစ် သတ်မှတ်ထားလဲပေါ့။ ငါတို့ဖယ်လိုက်ရင် ဘယ်မှာသွားစားတော့မလဲ၊ လုပ်စရာဒီမြေပဲရှိတယ်၊ အသက်မွေးလာတယ်။ ဒီလယ်မြေနဲ့ပဲ၊ အဲ့တော့ ဖယ်ပေးလို့တော့မရဘူးပေါ့။” ဟု နွားလဝိုးကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာနေ ဦးရှားရယ်ကပြောသည်။

မြေနီကုန်းကျေးရွာနေ ဒေါ်နန်းကွယ်နေထိုင်သောမြေသည်လည်း တပ်ဘက်မှကျူးမြေအဖြစ် သတ်မှတ်ခဲ့ကာ မြေနေရာ ဖယ်ရှားပေးရန်(၇.၂.၂၀၁၈)ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်းက ရာဇ၀တ်မှုပုဒ်မ(၃၀၂)၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ(၄၄၇)ဖြင့် အမှုဖွင့်ခဲ့ပြီး (၂၄.၂.၂၀၁၈) ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခြင်းများပြုလုပ်ခဲ့ပြီး အမှုရင်ဆိုင်နေကြောင်းသိရသည်။

၎င်းမြေယာများကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာကြပြီး ၎င်းမြေယာမှအပ အခြားမြေနေရာမရှိကြောင်း တောင်သူများက ဆိုသည်။

̏ နှစ်တိုင်းစိုက်တယ်၊ တပ်မလာခင်ကတည်းက ဟို ဒီမှာအခြေချကတည်းက (၆၀-၆၉)ကတည်းက ခုချိန်ထိ ဒီနေ့အထိ စိုက်စားလာတယ်၊ တပ် မသိမ်းခင်ကတည်းက စိုက်တယ်၊ ၂၀၀၅-၂၀၀၆မှာ ၂၆၁တပ်က သီးစားခြံတောင်းချိန်လည်းလုပ်တယ်၊ မထားထားဘူးတစ်နှစ်မှ၊ ၂၀၁၂-၁၃မှာ နားထားတယ်၊ အခွန်ပေးစရာ မလိုတော့ဘူးပေါ့။ လွတ်လွတ်လပ်လပ် လုပ်နေရတယ်၊ ပြန်ရပြီလို့ပဲထင်တယ်၊ ဘယ်သူ့မှဝင်မရှုပ်တော့ဘူး အဲ့အချိန်ဆို။ ၂၀၁၇-၁၈မှာ BE တပ်တို့ လျာထားတယ်လာပြောလို့ ဒေါ်နန်းကွယ်လာနေတဲ့ကိစ္စနှင့် စကားလာများချင်တယ်၊ အဲ့အချိန်မှာဘဲ ပြန်သိရတယ်” ဟု မြေနီကုန်းကျေးရွာရှိ တောင်သူဦးဖဲဘူးကပြောသည်။

(၁၉၉၁-၉၂) ခုနှစ်မှ စတင်၍ နိုင်ငံတော်ကာကွယ်ရေးအတွက် လွိုင်ကော်မြို့အ၀င် မြေနီကုန်းကျေးရွာ (လွိုင်ကော်၊တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီး) အရှေ့ဘက်တွင် အမှတ်(၂၅၀) ခြေလျင်တပ်ရင်း တည်ရန် (၇၈၇)ဧက၊ ၎င်းတပ်နှင့် ကပ်လျက်အမှတ် (၃၅၆)အမြောက်တပ်ရင်း တည်ဆောက်ရန် (၆၂၆.၈၂) ဧကနှင့် မြေနီကုန်းကျေးရွာမြောက်ဘက် မိုင်ဝက်ခန့်အကွာ (လွိုင်ကော်၊ တောင်ကြီး၊ ပြည်ထောင်စုကားလမ်းမကြီး) အနောက်ဘက်တွင် အမှတ်(၂၆၁)ခြေလျင်တပ်ရင်းတည်ရန် (၅၉၇)ဧက စုစုပေါင်း တပ်ရင်း(၃)တပ် တည်ဆောက်ခဲ့ခြင်းအတွက် လယ်ယာမြေ(၂၀၁၀.၈၂)ဧက သိမ်းဆည်း၍ တပ်တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

(၂၀၁၂)ခုနှစ်ထိ တပ်ခွဲလျာထားသိမ်းဆည်းမြေတွင် တောင်သူများစိုက်ပျိုးစားသောက်နိုင်ရန် အမှတ်(၂၆၁) ခြေလျင်တပ်ရင်းသို့ လယ်တစ်ဧကလျှင် စပါး(၈)တင်းနှင့် ငွေ၂၀၀၀ကျပ်၊ တောင်ယာတစ်ဧကလျှင် ငွေ၁၅၀၀ကျပ် ပေးသွင်း၍ လုပ်ကိုင်စားသောက်မှု ပြုလုပ်ခဲ့ရပါသည်။ 

တောင်သူများမှ တပ်ခွဲ(၂)ခွဲ လျာထားသိမ်းဆည်းမြေအား စီမံကိန်းအကောင်အထည်ဖော်မှု လုံးဝမရှိသည့်အတွက် မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးနိုင်ရန် (၂၀၁၄)ခုနှစ်မှစ၍ အကြိမ်ကြိမ် အသနားခံတင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၉ . ၇. ၉၁) ရက်စွဲပါ လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်း (၁၁)စောင်အား တရားရုံးသို့ တင်ပြခဲ့ပါသည်။

တရားလို၏ သက်သေတင်ပြခြင်းအပေါ် သဘောတူညီကြောင်း လက်မှတ်တစ်ကြိမ်တစ်ခါမျှ ရေးထိုးထားခြင်းမရှိသည့်အတွက် တာဝန်ခံမိတ္တူရေးကူးခွင့် တင်ပြတောင်းခံရရှိခဲ့သဖြင့် စီစစ်ခဲ့ရာ တောင်သူရှေးဖဲသိုးမြာ(ဘ)ဦးဆော်ရယ်၊ ထားပါ(ဘ)ဦးဂျိုးဇက်၊ နျားရယ်(ဘ)ဦးဗျားရယ်၊ ဘရွှေ(ဘ)ဦးကျောင်းအိန္ဒနှင့် အကူးလိမြာ(ဘ)ဦးလီးရယ်တို့(၅)ဦး၏ လက်မှတ်များသည် လူတစ်ဦးတစ်ယောက်တည်း အတုရေးထိုးထားခြင်း၊ တောင်သူ ရှားရယ်(ဘ)ဦးတွီးရယ်၊ မီရယ်ဘော်မြာ(ဘ)ဦးတြဲရယ်၊ ပျားရယ်ဆန်တီနို(ဘ)ဦးဆားရယ်ဖိုး၊ ဖြေရယ်(ဘ)ဦးဘောရယ်၊ ထွန်းကြည်(ဘ)ဦးတင်ဝင်းနှင့် ပဲရယ်(ဘ)ဦးစိုးရယ်တို့(၆)ဦး၏ လက်မှတ်သည် လူတစ်ဦးတစ်ယောက်တည်း အတုရေးထိုးထားခြင်း စသည့်တောင်သူ(၁၁)ဦး၏ ကိုယ်တိုင်လက်မှတ်ရေးထိုးထားခြင်း မဟုတ်သော လက်မှတ်အတုများ ရေးထိုးလုပ်ကြံ၍ မတရားမြေသိမ်းဆည်းခြင်း အမှုတွဲပြုလုပ်ထားကြောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

(၈)ကြိမ်မြောက် ရုံးချိန်းကို ပြီးခဲ့သည့် မတ်လ(၁) ရက်နေ့တွင် တရားစွဲခံရသူ တောင်သူကိုယ်စားလှယ်များ လွိုင်ကော်မြို့ တရားရုံးတွင် ထပ်မံချိန်းဆိုခဲ့သည်။

Comments

comments