ငွေတောင်ဆည်အနီးတွင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများ ပြသနိုင်ရန် ပြည်နယ်အစိုးရစီစဉ်

မူဂျာမီလှိုင်

ကယားပြည်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများအား တစ်နေရာတည်းတွင် ပြသနိုင်ရန် ကနဦးဆွေးနွေးမှုကို စက်တင်ဘာ(၅)ရက်၌ ကယားပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုအစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်အတူ အစိုးရရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ၄င်းတို့အနေဖြင့် ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စွာ ဆောင်ရွက်မည်နှင့် ပြည်နယ်တစ်ခု၏ ဖွံ့ဖြိုးတက်ရေးသည် တိုင်းရင်းသားများဘက်မှလည်း စည်းလုံးညီညွှတ်မှုများ လိုအပ်ကြောင်း ပြောကြားသွားသည်။

“အဓိက ဒီ ကမ္ဘာလှည့်ခရီးသည်အတွက်ပေါ့နော် နောက်ကျွန်တော်တို့ ဒီတိုင်းရင်းသား (၉) မျိုးရှိတဲ့အကြောင်းကိုလည်း ဖော်ထုတ်ချင်တာပေါ့” ဟု ဆွေးနွေးပွဲတွင် ကယန်းအမျိုးသားများ ကိုယ်စား တက်ရောက်ခဲ့သူ ဦးပေါလုချမ်းက ဆိုသည်။

လက်ရှိတွင် လွိုင်ကော်မြို့၏ အထင်ကရဖြစ်သော နောင်ယားကန်အနီးတွင်လည်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုရုံးကို ဖွင့်လှစ်နိုင်ရန်အတွက် တစ်နှစ် ဘတ်ဂျက်တွင်လည်း ထည့်သွင်းလျာထားပြီးဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်မြင့်တက်လာစေရန် ကယားပြည်နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား(၉)မျိုး၏ ရိုးရာယဉ်ကျေးမှုကို ငွေတောင်ဆည် အနီးတွင် ဖော်ပြနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုချိန်တွင် တဖြည်းဖြည်းချင်းပျောက်လုနီးပြီးဖြစ်သော တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို ပြန်လည်ပြသခွင့်ရသောကြောင့် အလွန်ဝမ်းမြောက်မိကြောင်း  ကယောတိုင်းရင်းသားစာပေ အိုလီဗီယာက ပြောသည်။

“ကျွန်မတို့ ဒီကိုယ့်ရဲ့ ရိုးရာအိမ်ကိုပြန်ပြီးတော့ ထိန်းသိမ်းတဲ့အနေပေါ့ ဆောက်ခွင့်လည်းပေးမယ်ဆိုတော့ ရိုးရာအိမ်ကို နောင်လာနောက်သားတွေ မြင်ဖူးသွားအောင်ပေါ့” ဟုဆိုသည်။

လွှတ်တော်ဥက္ကဌ ဦးလှထွေးကလည်း ခရီးသွားပြည်သူဘက်မှ တိုင်းရင်းသားနေထိုင်မှု ပုံစံကို အသေးစိတ် စိတ်ဝင်စားပါကလည်း မြေပုံအညွှန်းများကိုလည်း ထည့်သွင်းဆောင်ရွက်မည်ကြောင်း ပြောကြားသွားသည်။

ပြည်နယ်အစိုးရမှ တိုင်းရင်းသားကျေးရွာကို ငွေတောင်ဆည်အနီးတွင် တည်ဆောက်မည့်အပေါ် ထိုနေရာသည် လူငယ်များပျော်ပါးစားသောက်ရာ နေရာဖြစ်နေသည့်အတွက်ကြောင့် သဘာဝမကျကြောင်းကို ကယန်းတိုင်းရင်းသား ဦးသိန်းမိုက ပြောသည်။

“ဦးအနေနဲ့တော့ ဟို…ဒီလိုဘဲသွားပြီးတော့မှ ပျော်နေတဲ့နေရာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးစု ပုံတွေပါထားလို့ရှိရင် သိပ်တော့မသင့်တော်ဘူးလို့ထင်တယ်ဗျ” ဟု သူ၏ယူဆချက်ကို ပြောသည်။

ထို့ပြင်သူက ၄င်းကို ငွေတောင်ဆည်အနီးတွင် တည်ဆောက်မည့်အစား အခြားအချက်အချာကျသော မြို့တစ်နေရာတွင် ထားရှိပါက ပိုသင့်တော်ကြောင်း ပြောသွားခဲ့သည်။

ထို့အပြင် ကယားစာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ခူးဖဲညွှန့်ရယ်က “သူတို့ပြောသံတော့ ကြားလိုက်တယ် ဒါပေမဲ့ မမေးမိလိုက်ဘူး စိတ်မဝင်စားတာလဲ ပါတာပေါ့” ဟု ဆိုသည်။

စီမံကိန်းကို လာမည့်(၂)လ အတွင်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments

comments