ဒေသတွင်း လိုက်လျောညီထွေဖြစ်တဲ့ အစားထိုးသီးနှံနဲ့ လျှော့ချရမယ့် ဘိန်းစိုက်ပျိုးမှု

မူအက်စတာရေးသားသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ဒေသမှာ မူးယစ်ဆေးဝါးရဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့ ဘိန်းပင်စိုက်ပျိုးရေးကို ယခုချိန်အထိ စိုက်ပျိုးနေတုန်းပါပဲ။

ဆောင်းရာသီဝင်ပြီဆိုရင် အာဏာပိုင်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ ဘိန်းအသီးအနှံသီးပွင့်လာချိန်မှာ လာရောက်ပြီး ဖျက်ဆီးပစ်တာတွေ နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်လာနေပါတယ်။

သက်ဆိုင်ရာတွေက နှစ်တိုင်းလိုလို ဘိန်းဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် နှစ်စဉ်စိုက်ပျိုးနေကြရတုန်းပါ။ ဘိန်းစိုက်ပျိုးမှုကို ဝမ်းစာအနေနဲ့ စိုက်ပျိုးနေတဲ့ ဒေသခံတွေရဲ့ နှစ်စဉ် ကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲကို ဘယ်လိုကူညီဖြေရှင်းပေးနိုင်ကြမလဲဆိုတာ အဖြေတွေက ဝေဝါးနေဆဲပါ။

“ဘိန်းစိုက်ပျိုးတယ်ဆိုတာက ကျွန်တော်တို့ ရွာအနေနဲ့ အခြေခံစီးပွားရေးအပေါ်မှာလည်း မူတည်တယ်ပေါ့။ စီးပွားရေး၊ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးအခြေအနေ ခက်ခဲနေသရွေ့ မှီခိုနေရတဲ့ သဘောဖြစ်နေတယ်ပေါ့နော။ ဘိန်းကတော့ ဥပဒေနဲ့ မညီဘူးဆိုတာတော့ ကျွန်တော်တို့သိတယ်။”လို့ ဘိန်းစိုက်ဒေသက လူငယ်ခွန်းမိုးဇက်က ပြောပါတယ်။

ဘိန်းစိုက်ပျိုးခြင်းဟာ ၎င်းတို့ရွာသားတွေအတွက် အခြေခံစိုက်ပျိုးရေးတစ်ခုလို ဖြစ်နေဆဲပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စအဝဝအတွက် သူတို့ရဲ့ ဘိန်းစိုက်ခင်ကနေပဲ မှီခိုနေရပါတယ်။

“ပြည်သူလူထုတွေလည်း နားလည်အောင်တော့ ပြောပြထားတယ်။ လျှော့ချဖို့ဆိုရင်လည်း အများကြီးလျှော့ချပြီပေါ့နော။ ကျွန်တော်တို့အတွက် ဒီဘိန်းထက် ဝင်ငွေကောင်းတဲ့ စီးပွားရေးတွေ လုပ်ပေးနိုင်မှ ကျွန်တော်တို့ စားဝတ်နေရေး အဆင်ပြေမယ်ပေါ့နော” လို့ ခွန်မိုးဇက်က သူတို့ရဲ့ အခြေအနေကို ညွှန်းဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမျာ ပြည်နယ်အစိုးရက ဘိန်းအစားထိုးစိုက်ပျိုးဖို့အတွက် သီးနှံမျိုးစေ့တွေကို တောင်သူတွေဆီကို ပေးအပ်ခဲ့ပါတယ်။ သို့ပေမယ့် ပေးအပ်တဲ့အချိန်နဲ့ နေရာတွေလွဲမှားနေတာကို တွေ့ရမှာပါ။ ဘိန်းစိုက်ပျိုးခြင်း မရှိတဲ့ဒေသမှာ ဘိန်းအစားထိုးသီးနှံဆိုပြီးတော့ လာပြီးစိုက်ပျိုးနေတာတွေ တွေ့နေရပါတယ်။ ဒါ့အပြင် သီးနှံစိုက်ပျိုးပြီးချိန်မှာမှ မျိုးစေ့တွေကို လာရောက်ထောက်ပံ့တာတွေ ရှိနေပါတယ်။

နေကြာမျိုးစေ့ထောက်ပံ့မှုကို ရရှိခဲ့တဲ့ ဘိန်းစိုက်တောင်သူတစ်ဦးက
“အကယ်၍ စီးပွားဖြစ် ဝင်ငွေမရဘူးဆိုရင်လည်း ကလေးအတွက် မုန့်ဖိုးရတယ်ပေါ့၊ လှော်စားလို့ရတယ်ပေါ၊့ ကြိတ်စားရင်တော့ ဆီရတယ်ပေါ့” လို့ ပြောပါတယ်။

အစားထိုးသီးနှံတွေ ပေးအပ်တဲ့ နေရာမှာဆိုရင်လည်း လွှဲမှားမှုတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ သာဓကအနေနဲ့ ဘိန်းစိုက်ပျိုးလို့မရတဲ့ လွိုင်ကော်မြို့ရဲ့ အရှေ့တောင်ဘက်က လောပိတမှာ ဘိန်းအစားထိုးသီးနှံဆိုပြီး ဆေးရွက်ကြီးစိုက်ခင်းအများအပြားကို ဒီနှစ်အတွင်း လာရောက်စိုက်ပျိုးနေတာကို တွေ့ရပါတယ်။

“ဘိန်းတကယ်စိုက်ပျိုးတဲ့ ဒေသကိုသွားပြီးတော့ အဲ့စနစ်ကို ပေးစေချင်တယ်။ ဘာလို့လဲဆို ဝင်ငွေလည်းကောင်းတာကို။ အရင်းအနှီးလည်း မလိုဘူး သူတို့ အကုန်ထုတ်ပေးတာကိုး။ ပြည်နယ်အစိုးရတွေအနေနဲ့ ကြားခံလုပ်ပေးနိုင်ရင် ကောင်းတာပေါ့။ ပြည်ထောင်စုအစိုးရက သူတို့ကို ပါမစ်ပေးလိုက်တာ”လို့ ကယားပြည်နယ် ပြောင်းစိုက်တောင်သူအသင်းဥက္ကဌ ဦးမြင့်မောင်က ပြောပါတယ်။

ဒါဟာ အနာတခြား ဆေးတခြားပဲလို့ ဦးမြင့်မောင်က ဆိုပါသေးတယ်။

ဆေးရွက်ကြီးစိုက်ခင်း ၁ ဧကကို ဝင်ငွေ ကျပ်သိန်း ၂၀ မှ ၃၀ ထိ ရရှိနိုင်တယ်လို့ တောင်သူတွေကဆိုပါတယ်။ ဒါကြောင့်မို့ ဘိန်းစိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးမယ်ဆိုရင် သင့်တော်မှုရှိနိုင်တယ်လို့ ဆိုနေကြပါတယ်။ စိုက်ပျိုးရေးကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရ ဘိန်းစိုက်ပျိုးတဲ့ တစ်နှစ်ပတ်လုံးရဲ့ ဝင်ငွေနဲ့ ဆေးရွက်ကြီးစိုက်ပျိုးခြင်းရဲ့ တစ်နှစ်ဝင်ငွေဟာ တူညီနေပါတယ်။

သို့ပေမယ့်လည်း ဘိန်းစိုက်တောင်သူဆီကို ဆေးရွက်ကြီးစိုက်ပညာရှင်တွေက ရောက်မလာခဲ့ပါဘူး။ နောင်နှစ်တွေမှာ ဧကထပ်တိုးပြီး စိုက်ပျိုးမယ်ကြားပေမယ့် နောက်ထပ်ဘိန်းမစိုက်ပျိုးတဲ့ ဒေသပဲ ဖြစ်ပါတယ်။ 
ဆေးရွက်ကြီးကို မေလမှာ အပင်စစိုက်ပြီး စက်တင်ဘာလမှာ အရွက်ရင့်/၀ါတွေကို ခူးသိမ်းရတယ်လို့ဆိုပါတယ်။ ရလာတဲ့အရွက်ရင့်တွေကို အမိုးအောက်မှာအခြောက်လှန်းပြီး တစ်ပိဿာကို ၂၀၀၀ထက်မနည်း ကုမ္ပဏီတွေက ပြန်လာဝယ်ယူကြပြီး နိုင်ငံခြားကိုတင်ပို့တယ်လို့ သိရပါတယ်။

အရိုးတွေကိုတော့ ပြည်တွင်းဆေးပေါ့လိပ်ကုမ္ပဏီက ဝယ်ယူနေပါတယ်။ အပင်အမြစ်တွေကိုပါမချန် ရောင်းချရလို့ ဝင်ငွေတိုးစေပါတယ်။

တောင်သူတွေ ဘာကြောင့် အခုအချိန်ထိ စိုက်ပျိုးနေရသေးတာလဲ။ ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းအစားထိုးသီးနှံ ရောက်ရှိလာတာ မရှိဘူးလို့ပဲ ဒေသခံတွေက ဆိုနေကြပါပြီ။ တောင်သူတွေကို အစိုးရက သီးနှံမျိုးတွေချပေး၊ သီးနှံပြန်ဝယ်ပေး စတာတွေ လုပ်နိုင်မယ်ဆိုရင် ဘိန်းစိုက်ပျိုးရေးကို အများကြီး လျှော့ချလို့ ရနိုင်တယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။

သက်ဆိုင်ရာတွေက အစားထိုးသီးနှံချပေးတဲ့ နေရာမှာလည်း ဒေသခံရေမြေ ရာသီဥတုတွေနဲ့ ကိုက်ညီတဲ့ သီးနှံမျိုးလိုအပ်နေပါတယ်။ ရေမြေရာသီဥတုနဲ့ မကိုက်ညီပဲ အစားထိုးတွေ လာပေးနေဦးတော့ ဘိန်းစိုက်ပျိုးရေးဟာ ဘယ်တော့မှ ပပျောက်နိုင်မှာ မဟုတ်ပါဘူးလို့ ဘိန်းစိုက်ပျိုးတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့၊ ဒေါရောက်ခူကျေးရွာက လူငယ်တစ်ဦးကတော့ ဆိုလိုက်ပါတယ်။

“ဒီဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေက ကမ္ဘာကပါ တိုက်ဖျက်နေတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ အများက လက်မခံနိုင်တဲ့ လုပ်ငန်းတွေဖြစ်နေတယ်ပေါ့နော။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သိပါတယ်။ ဒါပေမယ့် အူမ မတောင့်ရင် သီလမစောင့်နိုင်တဲ့ အခြေအနေမှာ ပြည်သူလူထုတွေက ကြုံတွေ့နေရတော့ ပြည်သူလူထုက ဒါကိုမှီခိုနေရတဲ့ အခြေအနေမျိုးမှာ ဖြစ်နေတယ်ပေါ့နော”။လို့ သူကဆိုပါတယ်။

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *