ဒေသနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ မြေယာ၊ သယံဇာတဆိုင်ရာ ဥပဒေပါအချက်အချို့ ပြင်ဆင်နိုင်ရေး ကယားCSOs ဆွေးနွေး

ဖဲဘူး

မြေယာနဲ့ သယံဇာတဆိုင်ရာ ဥပဒေပြင်ဆင်ရေးမှာ အထောက်အကူဖြစ်ဖို့ ကယားပြည်နယ်က လူမှုအသင်းအဖွဲ့တွေ ဥပဒေပြင်ဆင်ရေး မူဝါဒမူကြမ်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီ ၂၀၁၂ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေအပြင် တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးဥပဒေတွေက လက်ရှိပြည်နယ်က ဒေသခံတွေ အသုံးပြုနေတဲ့ ဓလေ့ထုံးတမ်းဥပဒေတွေနဲ့ လိုက်လျောညီထွေမှု မရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတော်တော်များများက ထောက်ပြနေကြတာပါ။

ဒေါဥခူ ဘုရားကျောင်း ဝန်း အတွင်းမှာ ဆွေးနွေးနေကြတဲ့အချိန်

“ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေ၊ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်မြင့်တင်ရေးဥပဒေတွေကို ပြင်ဆင်မယ့် ဥပဒေကြမ်းတွေကိုလည်း သတင်းစာထဲ ထည့်ထားပြီးသားဖြစ်တဲ့အတွက် ပြင်ဆင်ဖြည့်စွက်လိုတာတွေကို ပြင်ဆင်ဖြည့်စွက်ပိုင်ခွင့်ကို သူတို့က ခွင့်ပြုထားတယ်ပေါ့။ အဲ့ဒီအတွက်ကြောင့် အဲ့ဒီဥပဒေထဲမှ ပြင်ဆင်လိုတဲ့ အချက်တွေကိုလည်း ကျွန်တော်တို့ ရရှိလာနိုင်တဲ့ ဝပ်ရှော့လေးပဲ ဖြစ်ပါတယ်။”လို့ ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်ထဲက တစ်ဦးဖြစ်သူ ကျော်ထင်အောင်က ပြောပါတယ်။

ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ လွိုင်ကော်မြို့နယ် ဒေါဥခူ နှစ်ခြင်းခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ ပြည်နယ်အတွင်းက လူမှုအသင်းအဖွဲ့ ၂၅ ဖွဲ့က ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲဟာ ပြည်နယ်တွင်းက လူမှုအသင်းအဖွဲ့တွေအကြားက သဘောထားမူကြမ်းအနေနဲ့သာ ရှိသေးတာဖြစ်ပြီး တစ်ပြည်နယ်လုံးကို လွှမ်းခြုံတဲ့ မူဝါဒမူကြမ်းရရှိဖို့ အချိန်ကြာဦးမှာဖြစ်တယ်လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

လူမှုအသင်းအဖွဲ့တွေကနေ ဆွေးနွေးထားတဲ့ မူဝါဒမူကြမ်းကို ထုတ်ပြန်တာတွေ ပြုလုပ်ဖို့မရှိပေမယ့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စည်းရုံးလှုံ့ဆော်သွားဖို့ ရှိတယ်လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။
“လက်ရှိ ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မှုတွေ ကျွန်တော်တို့ ပြည်နယ်တိုင်းရင်းသားတွေ ဌာနေတိုင်းရင်းသားတွေ ကိုယ့်ရဲ့မြေယာကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး။ ပြည်နယ်အစိုးရမှာလည်း မရှိဘူးဆိုတဲ့ လက်ရှိ ဥပဒေတွေကြောင့်မို့ ကျွန်တော်တို့ပြည်နယ်မှာ မြေယာနဲ့ပတ်သက်ပြီးတော့ များစွာ အခက်အခဲဖြစ်စေသလို အချို့သော ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ထိခိုက်စေနိုင်လောက်တဲ့ ပြည်ထောင်စုဥပဒေအချက်တွေကြောင့်မို့လို့ ကျွန်တော်တို့ မြေယာတွေ လက်လွတ်ဆုံးရှူံးရမယ့် အခြေအနေတွေ ရှိပါတယ်။”လို သူက ပြောပါတယ်။

လက်ရှိ ၂၀၁၂ လယ်ယာမြေ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၃၇(က) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်မရှိပဲ လုပ်ကိုင်မယ်ဆိုရင် ထောင်ဒဏ် ၆ လထိ အရေးယူဆောင်ရွက်လို့ ရတယ်လို့ ပါရှိတဲ့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်မရှိထားတဲ့ တောင်သူတွေအနေနဲ့ အရေးယူခံရနိုင်တဲ့အနေအထားတွေရှိနေတယ်လို့ အထက်တန်းရှေ့နေ ကိုကျော်ဝဏ္ဏအောင်က ပြောပါတယ်။

“စဉ်းစားကြည့်ပါ -တောင်သူလယ်သမားတွေက မရှိလို့ လုပ်စားပါတယ်ဆိုနေမှ ထပ်ပြီးတော့ ထောင်ကျမဲ့ကိန်းမြင်နေတယ်ပေါ့။ ဆိုတော့ အများအားဖြင့် တောင်ပေါ်ဒေသတွေနဲ့ဆိုရင် ပိုပြီးတော့ မကိုက်ညီဘူးပေါ့။ ဒီတစ်ချက်ကတော့ ဖြုတ်သင့်တယ်လို့ ယူဆပါတယ်။ တကယ်လို့ ပိုင်နက်ကျုးကျော်မှုနဲ့ တရားစွဲချင်တယ်ဆိုရင် ခုနက ကျွန်တော်တို့ပြောထားတဲ့ ပုဒ်မ ၄၄၇ ရာဇဝတ်ကြီး။ အဲ့ဒီဥပဒေနဲ့ စွဲလို့ရနေပြီဆိုတော့ ဒီ ၃၇ (က) ကတော့ ဖြုတ်သင့်တယ်လို့ ကျွန်တော်ဆွေးနွေးချင်ပါတယ်။”လို့ သူက ပြောပါတယ်။ 
ဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ ရလဒ်တွေနဲ့ ပြည်သူတွေရဲ့ အသံတွေကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

Comments

comments