spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပျောက်ကွယ်သွားဖို့အကြောင်း မရှိတဲ့ ကယောကြေးကွင်းပတ်

Author

Date

Category

မူအက်စတာ

“တက်…………..တက်………….တက်……..” ဆိုတဲ့ ကြေးကွင်းတွေကို သံချောင်းသေးသေးလေးတစ်ချောင်းနှင့် ဖျောက်လိုက် ၊ ကောက်လိုက် ထုနေတဲ့ အသံက ဖရူဆိုမြို့နယ် ထေခိုကျေးရွာရှိ ကယောမျိုးနွယ်စု အိမ်တအိမ်က ထွက်လာတဲ့ အသံဖြစ်ပါတယ်။

ကြေးချောင်းတွေကို အရစ်ဖော်လိုက်၊ ကောက်လိုက်၊ ကွင်းလိုက်နဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ အလုပ်ရှုပ်နေတဲ့သူက ထေခိုရွာက အဖွားဒေါ်မိုရေးအူပဲ ဖြစ်ပါတယ်။

အဖွား ဒေါ်မိုရေးအူဟာ ကယောလူမျိုးဖြစ်ပြီး ဆံပင်တွေဖြူ၊ သွားတွေ လေးငါးချောင်း၊ ပါးရည်တွေတွန့်တွဲနေပါပြီ။ အဖွားရဲ့ကတော့ အသက်(၇၀)ကျော် ရှိနေပေမယ့်လို့ ဘယ်အချိန်ဘဲမြင်မြင် ကြည့်ကောင်းနေဆဲပါဘဲ။

အဖွားဒေါ်မိုရေးအူဟာ သားသမီး၊ မြေး၊မြစ်တွေ ရှိနေပေမယ့်လည်း သူတို့တွေဟာ အချိန်တန် အရွယ်ရောက်လာတော့ အိုးအိမ်အသစ်တွေ ထူထောင်ပြီး အိုးသစ် အိမ်သစ်တွေနဲ့ ခွဲနေလိုက်ကြတဲ့အတွက် သူမတစ်ယောက်တည်း အိမ်အိုထဲမှာ ကျန်နေခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းကနေ ကိုယ်တိုင်ရှာနေတုန်းပဲ ဖြစ်ပါတယ်။ သူမဟာ ကယောအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆင်မြန်းရတဲ့ လက်ဝတ်တန်ဆာတွေကို ယခုချိန်ထိ ထုထွင်းပုံဖော်နေတာဖြစ်ပါတယ်။

စက်ပစ္စည်းတွေရဲ့ အကူအညီတစ်ခုမှ မပါ ပါပဲနဲ့ သူမရဲ့ အိမ်အိုလေးထဲမှာရှိတဲ့ သံတူရွင်းလို အပေါက်ဖောက်ထားတဲ့ သံချောင်းတစ်ချောင်း၊ ကြေးကွင်းတွေကို အရစ်ဖော်လို့ရတဲ့ ကိရိယာလေး တစ်ခုနှစ်ခုနဲ့ ကြေးကွင်းတွေကို ကောက်လိုက် ဖြောင့်လိုက် လုပ်ဖို့အတွက် သူမ မီးဖိုချောင်မှာ နေ့စဉ်အသုံးပြုနေတဲ့ ငရုတ်ဆုံ၊ ကြေးကွင်းတွေကို ချောမွတ်နေအောင် လုပ်ဆောင်ပေးနိုင်မယ့် ကိရိယာလေး တစ်ခုနဲ့ လည်ဆွဲတွေမှာ အသုံးပြုတဲ့ အလှသီးလေးတွေနဲ့ပဲ လုပ်ဆောင်နေပါတယ်။

မိုရေးအူဟာ အမျိုးသမီးတွေရဲ့ လက်ဝတ်တန်ဆာတွေကို လက်လုပ်တီထွင်နေသလိုပဲ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ကယောအမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့ လက်ဝတ်တန်ဆာတွေအပြည့် ဆင်မြန်းထားပါတယ်။ ကလေးဘဝကတည်းက
မိဘတွေ ဆင်ယင်ပေးထားတာဖြစ်ပြီး အခုချိန်ထိ ရိုးရာတွေကို ထိန်းသိမ်းနေခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

သူမတို့အတွက် မိဘတွေက အမွေပေးထားတာတွေဟာ ဒီရိုးရာတွေပဲဖြစ်တယ်လို့ ဒေါ်မိုရေးအူက ပြောပါတယ်။ ဒါကြောင့်မို့လို့ ယခုချိန်ထိ တန်ဖိုးထားထိန်းသိမ်းနေတာ ဖြစ်ပါတယ်။

သူမရဲ့ အိမ်အိုလေးထဲမှာ သူမနဲ့အဖော်ရှိနေတာဆိုလို့ အိမ်မွေးကြက်တစ်ကောင်စ နှစ်ကောင်စ နဲ့ ဝက်ကလေးတစ်ကောင်ပဲ ရှိပါတယ်။

ဒေါ်မိုရေးအူဟာ နေ့စဉ် ဒီအလုပ်တွေကို ဘာကြောင့်လုပ်နေရတာလဲဆိုရင်တော့ သူမတို့ကျေးရွာဟာ ကယောရိုးရာယဉ်ကျေးမှုပြခန်းတည်ရှိရာ ရွာလေးဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ ဝင်ထွက်သွားလာရာ ကျေးရွာလေးဖြစ်တယ်။

ဒါကြောင့် နိုင်ငံခြားသားတွေက တစ်ခါတစ်ရံ သူမရဲ့ အိမ်အိုလေးဆီကို အလည်လာမိတဲ့အတွက်ကြောင့် နိုင်ငံခြားသားတွေက ကြေးလက်ကောက်၊ ရိုးရာလည်ဆွဲလေးတွေ ဝတ်ချင်ကြတဲ့အတွက် သူမဆီမှာလာပြီး ထုလုပ်ခိုင်းတယ်၊ တစ်ချို့မှာတော့ဖြင့် ဘေးပတ်ဝန်းကျင်က ကယောကျေးရွာလေးက သူမဆီ ကြေးလက်ကောက်၊ ကြေးကွင်းတွေကို လာအပ်ကြတဲ့အတွက် သူမက နေ့စဉ်အလုပ်ရှိနေပါတယ်။ ဒီ့အပြင် လွိုင်ကော်မှာရှိနေတဲ့ ကယောယဉ်ကျေးမှုအဖွဲ့ကလည်း သူမဆီကို လာပြီး ကြေးကွင်းထုလုပ်ခိုင်းခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်မိုရေးအူဟာ သူမရဲ့နေ့စဉ်စားဝတ်နေရေးအတွက် ဘယ်လိုရှာဖွေခဲ့လဲ ဆိုရင်တော့ ဒီလိုကြေးကွင်းတွေ ထုလုပ်ပြီး နိုင်ငံခြားသားတွေကို ရောင်းချပေးခဲ့တယ်။ စီးပွားဖြစ်မဟုတ်ဘဲ စားဝတ်နေရေးဖူလုံရုံမျှသာဖြစ်ပါတယ်။

တစ်ခါတစ်လေမှာတော့ဖြင့် လူတွေက သူမကို စပါး၊ နှံစားပြောင်းတွေနဲ့ လာရောက်ပြီး လဲလှယ်တာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ သူမက နေ့စဉ်အတွက် ဆန်က အများကြီးမကုန်ပေမယ့် သူမကိုယ်တိုင် ချက်လုပ်တဲ့ ရိုးရာခေါင်ရည်ကိုတော့ ပိုကြိုက်နှစ်သက်လို့ ပိုသောက်ပါတယ်လို့ သူမက ဆိုပါတယ်။

“ ဒီမှာကြည့် ငါ့သွားတွေ မရှိတော့ဘူး၊ အရှေ့မှာနည်းနည်းလေးပဲ ကျန်တယ်၊ ထမင်းဆိုရင် အဲ့လောက်မစားနိုင်တော့ဘူး၊ စားလည်း မစားချင်ဘူး၊ ဒါပေမယ့် ကိုယ်တိုင်ချက်တဲ့ ခေါင်ရည်ကိုတော့ ပိုကြိုက်တယ် ” လို့ဆိုပြီး ရယ်လိုက်မောလိုက်နဲ့ သူမရဲ့ မရှိမဲ့ ရှိမဲ့ သွားလေးတွေကို ဟ ပြပါတယ်။

ထေခိုရွာထဲမှာရှိနေတဲ့ အဒေါ် ဒေါ်ရူးဂျေးအူ(နာမည်ရင်းမဟုတ်)ကလည်း ဒီလို ရိုးရာကြေးကွင်းတွေကို ပတ်လာတာ ငယ်ငယ်လေးတည်းကဖြစ်ပြီး မိဘတွေက ဒါတွေကိုပဲ အမွေပေးထားတာပဲ ဆိုပြီးတန်ဖိုးထား ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
သူမတို့ရဲ့ သားသမီးတွေကိုလည်း ဝတ်ဆင်ပေးခဲ့တယ်။ အထူးသဖြင့် အခုနောက်ပိုင်း သူမတို့ရဲ့ ကျေးရွာတွေမှာ နိုင်ငံခြားသားတွေ၊ ကမာ္ဘလှည့်ခရီးသည်တွေ တဖွဲဖွဲရောက်လာပြီး ဓာတ်ပုံတွေလာရိုက်၊ လာလေ့လာကြတဲ့အတွက် ကလေးလေးတွေကပါ စိတ်ဝင်စားနေကြပါတယ်။

“ကျမတို့ဒီလို ကြေးကွင်းတွေပတ်နေတာ ကိုယ့်ကိုယ်ကို အရမ်းလှတယ်လို့ ခံယူတယ်၊ ပြီးတော့ မချွတ်ချင်တော့ဘူး။ တကယ်လည်း လှတယ်လေး” လို့ ဒေါ်ရူးဂျေးအူက ပြောပါတယ်။

ဒေါ်းရူးဂျေးအူတို့မှာ မိသားစုတစ်ခုလုံးက ကြေးကွင်းတွေဝတ်ဆင်နေကြတုန်းပါ။ သူတို့ရဲ့ ဖခင်မှာလည်း ရှေးယခင်က ကယောအမျိုးသားတွေ ဝတ်စားဆင်ယင်တဲ့ ပုံစံအတိုင်းဝတ်ဆင်နေတုန်းပါ။

ရှေးခေတ် ကယောအမျိုးသားတွေရဲ့ ဝတ်ဆင်ပုံမှာ သျောင်ထုံး ထုံးထားပြီး ရိုးရာဘောင်းဘီအတို ရိုးရာအကျင်္ီတို့ ဝတ်ဆင်ထားပါတယ်။ နားမှာလည်း နားတောင်းပန်ဆင်ထားကြပါတယ်။ သွားလေရာမှာ ဓားလွယ်ကို ဆောင်သွားကြပါတယ်။ ဆေးတံကိုခဲပြီး ဆေးမှင်ကြောင်တွေကိုလည်း ထိုးထားပါတယ်။

ကယောအမျိုးသမီးတွေမှာကြတော့ ဒူးခေါင်းအောက်မှာ ကြေးကွင်းတွေ ပတ်ထားပြီး လက်မှာလည်း ကြေးလက်ကောက်တွေ ဝတ်ဆင်ထားကြပါတယ်။ လည်ပင်းမှာလည်း လခြမ်းပုံလည်ဆွဲ၊ ပုတီးဆွဲကြိုး၊ ကြေးကွင်းအဝိုင်းကြီးတို့ကို အစဉ်လိုက် ဝတ်ဆင်ကြပါတယ်။ ဆံထုံး ထုံးထားပြီး သစ်သားကို ငွေနဲ့ကွပ်ထားတဲ့ ခေါင်းဘီးတစ်ခုကိုလည်း စိုက်ထားပါတယ်။

ကြေးကွင်းကို ဒူးခေါင်းအောက်မှာတစ်ဆင့် ခြေကျင်းဝတ်မှာတစ်ဆင့် ဝတ်ဆင်ကြပါတယ်။

ဒေါ်မိုရေးအူဟာ ကြေးကွင်းတွေကို အရစ်ဖော်၊ အလှဆင်နေရင်းနဲ့ သူမရဲ့ တစ်နေ့တာအလုပ်အကြောင်းတွေ စားဝတ်နေရေးအကြောင်းတွေကို ပြောပြနေပါတယ်။

သူမ မနက်ခင်းအိပ်ရာထတာနဲ့ သူမတနေကုန် စားသောက်ဖို့အတွက် ချက်ပြုတ်ပြင်ဆင်ပါတယ်။ ပြီးရင် သူမနဲ့အတူနေတဲ့ သူမရဲ့ ဝက်ကလေးရယ် ကြက်ကလေးတွေကို အစာကျွေးပါတယ်။ ပြီးရင် သူမရဲ့တနေ့တာလုံးကို ကြေးကွင်းတွေကို ပုံဖော်ပြုပြင်တာတွေနဲ့ပဲ အချိန်ကုန်ဆုံးစေပါတယ်။

ဒေါ်မိုရေးအူဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ တောတောင်တွေထဲကို မသွားနိုင်တော့ပါဘူး။ ဒါပေမယ့် သူမဟာ ရိုးရာအတိုင်းချက်လုပ်ထားတဲ့ ခေါင်ရည်ကို အရမ်းကို ကြိုက်နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။

အခုအချိန်ထိလည်း သောက်နေတုန်းပါပဲ။ ဒါကြောင့် နှံစားပြောင်းတွေကို သူမဘယ်ကနေရတာလဲ။ ဆန်တွေကိုကျတော့ သူမရဲ့ ချွေးနှဲစာနဲ့ ဝယ်စားနေပါတယ်။ ခေါင်ရည်ချက်ဖို့ကျတော့ ရွာထဲကလူတွေက သူမကို စပါးတွေနဲ့ လာလဲလှယ်ကြတယ်လို့ ဆိုပါတယ်။

ဒေါ်မိုရေးအူဟာ ဒီလိုသက်ရှိချိန်မှာ လူငယ်တွေအတွက် ၊ နောင်လာနောက်သားတွေအတွက် ကြေးကွင်းတွေကို ထုလုပ်ပုံဖော်ပေးနေသလို သူမဘဝတစ်ပါးသို့ သွားရောက်ချိန်မှာဆိုရင်လည်း ဒီအတိုင်းပဲ ဆက်လက်သယ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

spot_img
spot_img

Recent posts