ပြောင်းစိုက်တောင်သူတွေအတွက် အစိုးရဘယ်လိုကူညီနိုင်မလဲ

မူအက်စတာ
ကယားပြည်နယ်တွင်းရှိ တောင်သူအများစုမှာ ပြောင်းဖူးများကို စိုက်ပျိုးနေကြသူများဖြစ်ရာ ယခုကဲ့သို့ ဈေးကွက်မရှိသည့်အခြေအနေသည် တောင်သူများအတွက် ခက်ခဲသည့် ကာလတစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်များက ပြောင်းဖူးများစိုက်ပျိုးကြပြီး ပြောင်းဖူးဈေးကောင်းရကြသဖြင့် ယခုနှစ်တွင် လည်း ပြောင်းဖူးဈေးကောင်းလိမ့်မည်ဟု တောင်သူများက ယူဆခဲ့ကြပြီး ပြောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးကြရာတွင် ဈေးကွက်အခြေအနေ မတည်ငြိမ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

တောင်သူများမှာ နွေနှောင်း-မိုးဦးရာသီတွင် အကောင်းဆုံးဖြစ်မည်ဟု ယူဆကြသည့် ပြောင်းမျိုးစေ့များကို အလုအယက်ဝယ်ယူကြပြီး စိုက်ပျိုးခဲ့ကြသည်။

အချို့မှာ တစ်ကြိမ်စိုက်ပျိုးပြီး မိုးမရခြင်း၊ အပင်ပေါက်မကောင်းခြင်း စသည်တို့ကြောင့် နှစ်ခါပြန်စိုက်ပျိုးခဲ့ကြရသည်။ အချို့ တောင်သူများတွင်မူ စိုက်ပျိုးချင်ကြသော်လည်း အရင်းအနှီးမလုံလောက်၍ အတိုးများဖြင့် ချေးငွေများချေးယူကြပြီး ပြောင်းများ စိုက်ပျိုးခဲ့ကြရသည်။
သို့သော် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပြောင်းဈေးများ အဆမတန်ကျနေသည့်အချိန်တွင် ချေးငွေဖြင့် ပြောင်းစိုက်သည့် တောင်သူများမှာ အကြွေးပင်လယ်ထဲ နစ်နေပြီဖြစ်သည်။

တောင်သူများ ယခုလိုအခက်အခဲ ဖြစ်နေချိန်တွင် ပြည်နယ်အစိုးရအနေနှင့် ပြည်သူများအတွက် လုပ်ဆောင်ပေးနိုင်သည့်အချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ယခုကဲ့သို့ အကြံပြုထားသည်။

“အစိုးရတွေက ဘာလုပ်ရမလဲဆိုရင်တော့ အဲ့ဈေးကွက်လေး ကိုယ့်ဆီမှာ ဘယ်လိုရှိအောင်လုပ်မလဲ ဆိုတာလေးပဲ နည်းလမ်းနည်းနည်း ရှာရမယ်။ ဟိုဘက်အဆက်အသွယ်နဲ့ပေါ့၊ ထိုင်းဆိုရင်လည်း ထိုင်းဘက်ကအဆက်အသွယ်လေးတွေ ရှာပြီးတော့ ထိုင်းမှာ ဟိုဘက်မှာ ကုမ္ပဏီဘယ်နှခုနဲ့ ယူနေလဲ၊ ဘယ်သူတွေက အဓိကလာဝယ်တာလဲ၊ မြန်မာပြည်ကိုလာဝယ်တာ အဓိက ဘယ်သူတွေလဲ။ ကုမ္ပဏီကလာဝယ်တာလား၊ ပွဲစားကလာဝယ်တာလားပေါ့။ တကယ်လို့ ပွဲစားတွေကလာဝယ်တယ် ဈေးကစားတတ်တယ်ဆိုရင် အဓိက ကုမ္ပဏီတွေကို တောင်ယာစိုက်တဲ့သူတွေဆီကနေ ပို့လို့ရအောင် ဘာတွေလုပ်ဆောင်ပေးရမလဲ အစိုးရဆိုပေမယ့် ဝန်ကြီးတစ်ယောက်ကို တာဝန်ပေးလိုက်ရင်ရပါတယ်။ ဝန်ကြီးတစ်ယောက်ကသာ ကုန်သည်ကြီးများအသင်းတွေကို ချိတ်ဆက်ပြီး စကားပြောပေးရင် ရပြီ” ဟု ပြောသည်။

ယခုလို တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ဈေးကွက်အခက်အခဲဖြစ်နေရသည်မှာ ဝယ်ယူသူမှာ တစ်ဦးတည်းဖြစ်နေသည့်အတွက်ကြောင့်လည်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

ဝယ်သူ တစ်ဦးတည်းဖြစ်နေသည်ဆိုပါက ၎င်းဝယ်သူက ရပ်နားထားခြင်း သို့မဟုတ် ဈေးနှိမ်ပြီး ဝယ်ယူခြင်း၊ ကုန်လျှော့ပြီး ဝယ်ယူခြင်းစသည့် အကြောင်းပြချက် တစ်ခုခုပေးပြီး မဝယ်ဖြစ်တော့လျှင် ၎င်းဝယ်ယူသည့် ကုန်များအားလုံး ဈေးကျသွားရန် အခြေအနေများ ဖြစ်လာမည်ဖြစ်သည်။

ကယားပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနောအီးက “အခုလောလောဆယ် သူတို့ပို ဒုက္ခရောက်တာကတော့ ချေးငွေနဲ့ယူပြီး စိုက်ခဲ့ရတဲ့ စိုက်ပျိုးရေးသမားတွေပေါ့နော၊ အခုကပြန်ရောင်းတဲ့အချိန်ကျတော့ သိပ်မကိုက်တော့ဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ သူတို့တွေအတွက် အရင်အဆင်ပြေဖို့ ကျွန်တော်တို့ အရင်စဉ်းစားပေးရမယ် ချေးငွေတွေကို နောက်ဆုတ်ပြီး ပြန်ယူပေးဖို့ တင်ပြရင်ကောင်းမယ်လို့ ထင်တယ်” ဟုပြောသည်။

အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေများသည် တစ်နှစ်စာ ပုံမှန်အချိန်ပြန်ဆပ်ရသည်ဖြစ်၍ ယခုအခြေအနေတွင် တောင်သူများအခက်ကြုံနေဦးမည်ဖြစ်သည့်အတွက် အစိုးရသို့ အချိန်ပြောင်းရွှေ့ပေးရန် တိုက်တွန်းလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးနော်အီးက ပြောသည်။

သို့သော် ၎င်းအစီအစဉ်ကို အစိုးရမှ လက်ခံပေးမည်၊ မပေးမည်ကိုတော့ သေချာမပြောနိုင်ကြောင်း ၎င်းကဆိုသည်။

အစိုးရအနေနှင့်လည်း ကိုယ့်ပြည်နယ်တွင်း ၊ ကိုယ့်နိုင်ငံတွင်းမှ ထုတ်ကုန်များကို ပို၍ဝယ်ယူနိုင်မည့် အိမ်နီးချင်းနိုင်ငံများထံ လိုက်ပြီး လေ့လာနေပြီဖြစ်ကြောင်း ဦးနော်အီးကပြောသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေနှင့် ဂျပန်နိုင်ငံနှင့် ဈေးကွက်အတွက် အခိုင်အမာ စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး တည်ငြိမ်သော ဆန်စပါးဈေးကွက်ဖြစ်လာရန် စိုက်ပျိုးသူများက မျှော်လင့်လျှက်ရှိသည်။

စာချုပ်တွင် ပါဝင်သင့်သည်မှာ တစ်နှစ်လျှင် တန်ချိန်မည်မျှ ဝယ်ယူနိုင်ကြောင်း၊ ဈေးနှုန်း မည်မျှ ဝယ်ယူနိုင်ကြောင်း စသည့် တိကျသော အချက်အလက်များ လိုအပ်နေကြောင်း စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးကပြောပါသည်။
“မူဝါဒပိုင်းမှာတော့ နယ်စပ်ကိုဖြတ်တဲ့အချိန်မှာ ဘယ်လိုဖြတ်မလဲ၊ ဘယ်လိုလွယ်ကူအောင် လုပ်ပေးမလဲပေါ့၊ နောက်တစ်ခုက ဟိုဘက်ကလူတွေ လာဝယ်မယ်ဆိုရင် အလွယ်တကူလာဝယ်လို့ရအောင် ဘယ်လိုတွေလုပ်ပေးမလဲပေါ့၊ နောက်ပြီး ဟိုဘက်ကို ငွေလွှဲတဲ့ချိန်ငွေလွှဲရလွယ်ကူအောင် ဘဏ်တွေကို ဘယ်လိုလုပ်ပေးမလဲပေါ့၊ တချို့ကိစ္စတွေကတော့ ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်လိမ့်မယ်။ ဒါပေမယ့် ဒီပြည်နယ်အစိုးရက ပြည်ထောင်စုကို ချိတ်ဆက်ပြီး တောင်းဆိုတာတို့ အဲ့လို လုပ်လို့ရတယ်”ဟု ဦးရဲမင်းဦးက ဆိုသည်။

ကယားပြည်နယ်တွင် ပြောင်းအဝယ်ဒိုင်မရှိသောကြောင့် မြန်မာပြည်၏စီးပွားရေး အချက်အချာကျသောမြို့ဖြစ်သည့် မန္တလေးမြို့သို့ ကားနှင့် ပို့ဆောင်နေရပြီး ယခုကဲ့သို့ လုပ်ဆောင်ရသည့်အတွက် တောင်သူများအခက်အခဲများနှင့် တွေ့ကြုံနေကြရသည်။
ပြောင်းဈေးမှာ မန္တလေးထိရောက်ရှိပါမှ တစ်ပိဿာ ၃၃၅ကျပ်၊ ၃၄၅ကျပ် သာရရှိနိုင်ပြီး ယခင်နှစ် ပြောင်းဈေးမှာ ၄၀၀ကျပ် ရှိခဲ့သည်။ မန္တလေးကုန်သည်များမှတစ်ဆင့် နယ်စပ်ဂိတ်သို့ပို့ဆောင်ကာ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ကြသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် စခန်း (၁၇)ခုရှိပြီး ၎င်းတို့ထဲမှ မူဆယ်(၁၀၅)မိုင်ဂိတ်သည် ကုန်သွယ်မှုအများဆုံးဂိတ်ဖြစ်သည်။

ယခုအခါ ကယားပြည်နယ်တွင်လည်း မယ်စဲမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။
၎င်းကုန်သွယ်ရေးစခန်းမှ ပြည်နယ်တွင်းထွက်ရှိသော စိုက်ပျိုးရေးသီးနှံများကို တင်ပို့နိုင်ပြီဖြစ်သည့် အတွက် အစိုးရအနေဖြင့် ပြောင်းစိုက်တောင်သူ ပြဿနာများကို အမြန်ဆုံး ကူညီဖြေရှင်းနိုင်လိမ့်မည်ဟု တောင်သူများက မျှော်လင့်နေကြသည်။

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *