ပြောင်းဈေးကြောင့် သိုလှောင်ထားသူများ အရှုံးပေါ်

ရှားမြာ

ယခုနှစ်အတွင်း ငြိမ်သက်နေသည့် ပြောင်းဈေးကြောင့် ပြောင်းသိုလှောင်ထားသည့် တောင်သူဦးကြီးများအနေဖြင့် အရှုံးနှင့်     ကြုံတွေ့နေကြရသည်ဟု လွိုင်ကော်မြို့နယ် ဆိုလဆယ် ရွာအတွင်းရေးမှူး ဦးဦးရယ်က ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ လွိုင်ကော်မြို့နယ် ဆိုလဆယ်ကျေးရွာတွင် ယခင်နှစ်ကတည်းက သိုလှောင်ထားသည့် ပြောင်းဖူးစေ့များ ယခုအချိန်အထိ ရောင်းမထွက်သေးသည့်တောင်သူများ ရှိနေကြပြီး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက တစ်ပိသာတွင် ၅၅၀ အထိတက်လာခဲ့သည့် ပြောင်းဈေးမှာ လက်ရှိတွင် တစ်ပိသာ ၃၅၀ နှင့် ငြိမ်သက်နေခဲ့ပြီး သိုလှောင်ထားသူများအနေဖြင့် အရှုံးခံ၍ ရောင်းချရမည့်အခြေအနေတွင် ရှိနေသည်။

“စားဝတ်နေရေးအပါအ၀င် အကုန်အခက်အခဲဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရင်နှစ်က ဒီိလိုအချိန်ဈေးကောင်းတော့ လူတွေက ဒီနှစ် ဒီလိုအချိန်ကိုမျှော်ပြီး ရောင်းဖို့ သိုလှောင်ထားတယ်ကော။ ခုက မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ပုံစံဖြစ်သွားတာပေါ့။”ဟု ဦးဦးရယ်က ပြောသည်။

ပြောင်းဖူးကိုသာ အဓိက စိုက်ပျိုးသည့် ဆိုလဆယ်ရွာတွင် ပြောင်းဖူးစေ့ အိတ် နှစ်ထောင်ခန့် ရောင်းရန်ရှိနေသေးပြီး    ဆိုလဆယ်ရွာအပြင် ရှမ်းရွာ၊ မိုက်ကန်းရွာ စသည့်ရွာများတွင်လည်း ရောင်းချရန်အတွက် သိုလှောင်ထားသည့် ပြောင်းဖူးစေ့များ   ရှိနေသေးကြောင်း သိရသည်။

Comments

comments