spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မြေယာပြဿနာများကို ပြည်နယ်အစိုးရ ဖြေရှင်းပေးရန် သတင်းစာရှင်းလင်းပွဲမှ တောင်းဆိုခဲ့ကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ယခု ဖြစ်ပေါ်နေသည့် မြေယာပြဿနာများနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအနေဖြင့် တစ်စုံတစ်ရာ ညှိနှိုင်းဖြေရှင်းပေးရန် တောင်သူများက ဇွန်လ၂၄ရက်နေ့ ကရင်နီပြည်တောင်သူများသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့ပါသည်။

ဇွန်လ၂၄ရက်နေ့ ကရင်နီပြည်တောင်သူများသမဂ္ဂရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်

“အခုလက်ရှိဖြစ်နေတဲ့ စစ်တပ်နဲ့တောင်သူတွေရဲ့ အရေးအခင်းလို့ပြောရမလား တရားစွဲဆိုမှုအထိ ဖြစ်လာတဲ့အပေါ်မှာ အစိုးရအနေနဲ့ ဒီဟာက တောင်သူတွေကို မလုပ်သင့်ဘူး အစိုးရအနေနဲ့ ပြတ်ပြတ်သားသား တောင်သူဖက်ကနေ ရပ်တည်ပြီး ပြောပေးနိုင်ရင်တော့ တစ်စုံတစ်ရာ ဖြေရှင်းမှု ဖြေလျော့မှု ရလာလိမ့်မယ်လို့ ယုံကြည်တယ်။” ဟု ကရင်နီပြည်တောင်သူများသမဂ္ဂရုံးမှ ဥက္ကဌ ခူးတူရယ်က ပြောသည်။

စစ်တပ်အနေဖြင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လုပ်ငန်းတာဝန်တစ်ခုုဖြစ်သည့်အတွက် တောင်ယာကို လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ပေးရန်နှင့် တောင်သူများ၏ဘဝကို စာနာ နားလည်ပေးရန် လိုအပ်ကြောင်း ခူးတူရယ်က ဆက်ပြောသည်။

ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာရှိဒေသခံများ စိုက်ပျိုးသည့်တောင်ယာမြေ ဧက ၂၀ဝ ကျော်ကို အမြောက်တပ် ၃၆ဝက သိမ်းဆည်းထားသည့်ဖြစ်ရပ်တွင် တပ်က တောင်သူများကို တရားပြန်စွဲနေသည့်ကိစ္စကို အစိုးရက တာဝန်ဖြေရှင်းရန် တောင်းဆိုသွားကြပါသည်။

“ကျတော်တို့ စိုက်စားတဲ့ မြေကြီးပေါ်မှာ ၂၀၁၄ ရလပိုင်း ၂၄ရက်နေ့ အဲအချိန်မှပဲ စစ်တပ်မြေကြီးဆိုတာသိတယ်။ အစတုန်းက စစ်တပ်မြေကြီးပါဆိုတာ တစ်ခါမှမကြားဖူးဘူး။ ကျတော်တို့မြေကြီးပေါ်မှာ စစ်တပ်လာနေတာလည်း ခနလေးလာနေမယ်ဆိုလို့ ပြောတဲ့ စကားတစ်ခွန်းက အခုက အပိုင်သိမ်းပြီး ကျတော်တို့ကို မောင်းထုတ်နေပြီ။ မောင်းထုတ်ရုံသာမက ကျတော်တို့ကို တရားစွဲပြီး ဒုက္ခအမျိုးမျိုး ပေးနေတဲ့ ပုံစံမျိုးက နိုင်ငံရေးအရ ဥပဒေနဲ့ လုံးဝသွေဖယ်နေတာပေါ့”ဟု ဒေါဆိုရှေးတောင်သူတစ်ဦးဖြစ်သည့် ခွန်းသောမတ်က ပြောသည်။

တပ်သိမ်းမြေပြဿနာကိစ္စသည် ဒေါဆိုရှေ့တောင်သူများကြုံတွေ့နေရသကဲ့သို့ လွိုင်ကော်မြို့ နွားလဝိုးနှင့် ချိကယ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများကလည်း ပြဿနာရင်ဆိုင်ကြုံတွေ့နေကြရသည်။

၎င်းတို့တောင်ယာမြေကို တပ်မှ အုတ်တံတိုင်းလာရောက်ခတ်ထားခြင်းဆောင်ရွက်နေကြပြီး တောင်သူများက ပြန်ဖြိုခြင်း၊ တပ်က ပြန်ခတ်ခြင်းစသည့် လူထုနှင့်စစ်တပ် ထိပ်တိုက်လုပ်ရပ်များကြောင့် ပဋိပက္ခများ အနည်းငယ်ဖြစ်ပေါ်လျက်ရှိနေသည်။

လွိုင်ကော်မြို့နယ်အတွင်း သိမ်းထားသည့် မြေဧကများမှာ အမှတ် ၂၅ဝ ခြေလျင်တပ်ရင်း ဧက ၄၀ဝကျော်၊ အမှတ်၂၆၁ ခြေလျင်တပ်ရင်း ဧက၃၀ဝကျော်၊ ဆက်သွယ်ရေး တပ်ခွဲ(လွိုင်ကော်) ဧက တစ်ရာကျော်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ ဧက တစ်ရာကျော်၊ အမြောက်တပ် ၃၅၆ ဧက ၃၀ဝကျော် စုစုပေါင်း ဧက ၁၀၀ဝကျော်ရှိသည်ဟု သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် မြေယာပြဿနာကို ပြည်နယ်အစိုးရအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ပါဝင်ဖြေရှင်းပေးမှုမရှိ အားနည်းနေကြောင်း တွေ့ရှိရပြီး တောင်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းကလည်း ထောက်ပြဝေဖန်သည်။

နည်းပညာအထောက်အကူပြု အဖွဲ့ ဥက္ကဌဖြစ်သည့် ကိုကျော်ထင်အောင်က “အာဏာရှိသူတွေ လက်နက်နဲ့ လူထုကို အနိုင်ကျင့်နေတဲ့လူတွေဖက်က ရပ်တည်မလားဆိုတာ ကျတော်တို့ ပြတ်ပြတ်သားသား မေးခွန်းထုတ်ရမယ့် အချိန်ဖြစ်လာပါပြီ” ဟု ပြောသည်။

လက်ရှိကယားပြည်နယ်အတွင်းတွင် တပ်နှင့်တောင်သူ မြေယာပြဿနာကြုံတွေ့နေကြရသည့်အပြင် လုပ်ငန်းရှင်များက တောင်သူများ၏ မြေယာအပေါ် မြေလွတ်မြေလပ်နှင့် မြေရိုင်း လျှောက်ထားမှုနှင့် ပတ်သက်ပြီးလည်း ဖရူဆိုမြို့နယ်အတွင်းတွင် ဒေသခံများက ကန့်ကွက်သည့် ဖြစ်ရပ်များလည်းရှိနေသည်။

ဒေသခံတစ်ယောက်အနေဖြင့် ခံစားခွင့်၊ တန်းတူညီမျှခွင့်မရရှိသည့်အတွက် မြေလွတ်မြေလပ်နှင့် မြေရိုင်း လျှောက်လာရောက်လျှောက်ထားသူကို ကန့်ကွက်ကြောင်း မော်သီဒိုကျေးရွာမှ ဒေါ်ဇူဇန်နာက ၎င်းတို့ ဒေသခံ၏ ခံစားချက်ကို ပြောဆိုခဲ့သည်။

“ကျမတို့ မကြုံဖူး မကြားဖူးခဲ့တဲ့ မြေယာပြဿနာ အရှုပ်အယှက် တော်တော်များများကိုအခု ခံစားနေရတယ်။ ကျမတို့ပြည်သူလူထုက အလင်းကနေ အမှောင်ထဲကို ကျရောက်သွားသလိုမျိုးလို ခံစားရတယ်။” ဟု ဒေါ်ဇူဇန်နာက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

Advertisement

မြေယာပြဿနာများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် တောင်သူများမှ ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများ၊ ခံစားချက်များကို သတင်းစာရှင်းလင်းပွဲမှ တစ်ဆင့် သက်ဆိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များထံ တင်ပြ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်နယ်အတွင်းရှိ ကျေးရွာစုံ ဒေသခံတောင်သူများတက်ရောက်ကြသလို အရပ်ဖက်အဖွဲ့အစည်းများက တက်ရောက်ဝန်းရံခဲ့သည်။

spot_img
spot_img

Recent posts