၂၁ပင်လုံသည် ငြိမ်းချမ်းရေး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ဆို 

၂၁ ပင်လုံညီလာခံတွင် မိမိတို့တိုင်းရင်းသား ဆန္ဒများကို ဖော်ထုတ်ခွင့်ရသည့်အတွက် ငြိမ်းချမ်းရေး၏ ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“ဒီရလဒ်က ညီလာခံဖွင့်ပွဲအနေနဲ့ ပထမ ခြေလှမ်းကို အောင်မြင်စွာ ဖော်ဆောင်နိုင်တဲ့ ရလဒ်လို့ ခံယူထားတယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

ညီလာခံ တက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့် တိုင်းရင်းသားများ၏ အရေးဆန္ဒများကို ဖော်ထုတ်ပြီး တစ်တိုင်းပြည်လုံးကို ချပြခွင့်ရလာပြီဖြစ်သည်ဟု ရှားတောမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။

“အဲတော့ ဒီမှာ ဘာတွေဆွေးနွေးနေကြလဲ။ မတူညီတဲ့ဟာတွေကို ပြောဆိုနေကြတယ်။ ဒါပေမယ့် သေချာတာတစ်ခုက ဒီအခန်းထဲကို ရောက်နေတဲ့သူတွေအားလုံးမှာ တူညီတဲ့ စိတ်ဆန္ဒ တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် အမတို့ မြန်မာနိုင်ငံတော်ကြီးကို ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ခု ရရှိစေချင်တယ်။” ဟုဒေါ်ဝင့်ဝါထွန်းက ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့တက်ရောက်လာခဲ့ပြီး တိုင်းရင်းသားများ၏ ရင်တွင်းခံစားချက်များ ဖော်ထုတ်နိုင်သည့် ပွဲလည်း ဖြစ်ခဲ့သည်ဟု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိန်ထွန်းက ဆိုလိုက်သည်။

“ဘယ်လိုရလဒ်မျိုးရလဲဆိုရင် တိုင်းရင်းသားအသီးသီးရဲ့ တကယ့်ရင်တွင်း ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြကြတယ်။ အခက်အခဲတော့ မတူညီတဲ့အချက်လေးတွေကို အများကြီးပြန်လည်စုစည်းပြီးမှ ညှိနှိုင်းရမယ်။ အချိန်တော့ နည်းနည်းယူရလိမ့်မယ်လို့ ကျနော့်အနေနဲ့ ကျနော် ခံယူတယ်။ ကျနော့်အမြင်ပေါ့။” ဟုဦးစိန်ထွန်းကဆိုသည်။

Comments

comments