နှစ်စဉ်ရေရှားပါးသော ကျောက်စုကျေးရွာအတွက် ရေရရေး ဆောင်ရွက်ရန် အစီအစဉ်မရှိသေး

စူးမယ်

မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် ရေရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိကို မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ လွှတ်တော်သို့ မေးမြန်းရာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ၄င်းနေရာတွင် ရေမရရှိနိုင်သောကြောင့် ရေရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေကြားခြင်းအပေါ် သဘောမကျသောကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှတဆင့် အမျိုးသားလွှတ်တော်တွင် ဆက်လက် မေးမြန်းသွားမည် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။

ဦးအောင်နိုင်ဦးက “မိုးတွင်းလောက်မှာပဲ ရေရရှိတယ်။ နွေရာသီမှာ ရေက အကုန်ပူခြစ်တောက်နေတယ်ပေါ့နော။ ကျနော်တို့ကွင်းဆင်းတဲ့ရောမှာကော။ တကယ့်တကယ်တူးမယ်ဆိုရင်တောင် စက်ကြီးတွေနဲ့တူးမယ်ဆိုရင်တော့ ဒီအစိုးရအနေနဲ့ ရလောက်တယ်ပေါ့။ ဒီအစိုးရအနေနဲ့ ဒီအစီစဉ်မရှိဘူးလို့ ပြောတဲ့အခါ မဖြစ်သင့်ဘူးပေါ့။ တမျိုးမရရင် ၊တမျိုးစမ်းပြီးတော့ လုပ်ပေးသင့်တယ်ပေါ့။ ဒါကျနော်တို့ ပြည်သူတွေက တကယ်အခက်ခဲရှိနေလို့။ ရေဟာ မရနိုင်တာမဟုတ်ပါဘူး”ဟု ပြောသည်။

ကျောက်စုရွာတွင် ကျောင်းသား ၃၀၀ ခန့်ရှိသော စာသင်ကျောင်းနှင့် ကျေးလက်ဆေးပေးခန်း ရှိနေသော်လည်း အသုံးပြုရေအခက်အခဲ ရှိနေသောကြောင့် မိုးရွာသီတွင် မိုးရေခံ သုံးနေကြရပြီး နွေရာသီတွင် ရေဝယ်သုံးနေရသောကြောင့် အစိုးရမှ အဝီစိစက်ရေတွင်းတူးပေးသင့်ကြောင်း ၄င်းက ဆက်ပြောသည်။

ရေရှားပါးနေသည့် ကျောက်စုရွာတွင် ပရဟိတအဖွဲ့မှ ရေသွားရောက်လှူဒါန်းမှုများ ရှိနေသော်လည်း ရေရရှိရန် ဆောင်ရွက်ပေးသင့်သောကြောင့် လွှတ်တော်တွင် မေးရခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

“အခုသူတို့ဘယ်လိုရပ်တည်နေလဲဆိုရင် သူတို့ ရေတစ်ကားကို စက်တွေနဲ့ သွားသွားခပ်တယ်ပေါ့နော။ ရေတစ်ကားကို တသောင်းခွဲ ၂သောင်း ၊သုံးသောင်းပေါ့။ ပေးပြီးတော့ ရွာထိရေသယ်ကြတယ်ပေါ့”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(ပထမနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာနေ အိမ်ခြေ ၁၂၀ ရှိ လူဦးရေ ၆၀၀ ခန့်အား ရေရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ သိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်အတွင်းရှိ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် ရေကောင်းရေသန့် အသုံးမပြုကြရကြောင်း ၂၀၁၄ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် ဖေါ်ပြထားသည်။

Comments

comments