spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယန်းတိုင်းရင်းသားစာပေကို အခက်အခဲမရှိသင်ကြားနိုင်ရန် ဆရာဖြစ်သင်တန်းပေး

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် ကယန်းတိုင်းရင်းသားစာပေသင်ကြားရာတွင် အခက်အခဲမရှိစေရန်အတွက် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကျောင်းချိန်ပြင်ပ သင်ကြားနေသည့်ဆရာ၊မ (၂၁၀)ဦးကို ဆရာဖြစ်သင်တန်း ပြုလုပ်ပေးခဲ့သည်။

သင်တန်းပြုလုပ်ပေးသည့်အပေါ် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ ကယန်းတိုင်းရင်းသားစာပေသင်ကြားရေးတာဝန်ခံ ခွန်းလွီးစီက” ကျောင်းချိန်ပြင်ပ ကယန်းစာပေသင်ကြားနေတဲ့ ဆရာ၊မတွေအတွက် အခက်အခဲရှိတယ်။ အဲ့ဒါကြောင့် သူတို့အတွက် သင်တန်းလုပ်ပေးရခြင်းဖြစ်တယ်။” ဟု ပြောသည်။

ထို့အပြင် ယခုသင်တန်းတွင် ပါဝင်တက်ရောက်နေသည့် ဆရာ၊မများသည် လက်ရှိအချိန်တွင် ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးနေသော်လည်း အစိုးရမှ သင်ကြားရေးအထောက်အကူပြု(TA) ဝန်ထမ်းခေါ်ယူပါက အဆင်သင့်ဖြစ်နေစေရန် အဆိုပါသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“ဒီနှစ်ကျောင်းဖွင့်ခါစ (၆)လပိုင်းကတည်းက သင်လာတာတော့ (၃)လ လောက်ရှိပြီ။ သင်တန်းမပေးတုန်းကတော့ အဲ့လောက်ထိ နည်းကျကျ ကိုယ်ကမသင်နိုင်ဘူးပေါ့နော်။ နားလည်သလောက်၊ မှတ်သလောက်ပဲကိုယ်သင်တာပေါ့။ အခုလိုမျိုးသင်တန်းပေးတော့ အဆင်ပြေပြေနဲ့ ပြန်ပြီးတော့ သင်နိုင်မယ်လို့ ထင်တာပဲ”ဟု ဖယ်ခုံမြို့၊ ဟိန္ဓမရပ်ကွက်၊ အမက(၁)ကျောင်းတွင် ကယန်းတိုင်းရင်းသားစာပေကို ကျောင်းချိန်ပြင်ပ သင်ကြားနေပြီး သင်တန်းတက်ရောက်နေသည့် ဒေါ်ခိုင်ဝါကျော်က ဆိုပါသည်။

၎င်းသင်တန်းကို ဖယ်ခုံမြို့၊ ဈေးနောက်ရပ်ကွက်၊ ပျိုးခင်းဘော်ဒါဆောင်ခန်းမတွင် စက်တင်ဘာလ (၆) ရက်နေ့မှစပြီး တစ်ပတ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ပြုလုပ်သည့် အဆိုပါသင်တန်းအတွက် ကုန်ကျစရိတ်ကို ကယန်းတိုင်းသားလူမျိုးရေးရာဝန်ကြီး၏ ဘတ်ဂျက်နှင့် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုကို မြှင့်တင်ရာတွင် ကယန်းအဖွဲ့အစည်းများနှင့် ကယန်းလူထုများမှ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ စာပေသင်ကြားရေးတာဝန်ခံ ခွန်းလွီးစီက တိုက်တွန်းပြောဆိုသည်။

ကယန်းတိုင်းရင်းသားစာပေသင်ကြားရာတွင် သင်ကြားရေးအထောက်အကူပြု(TA)ဝန်ထမ်းအဖြစ် တစ်ရက် (၄၈၀၀)ကျပ်နှုန်းနှင့် ကျောင်းချိန်ပြင်ပ အချိန်ပိုင်း သင်ကြားသူအား တစ်လ (၃၀၀၀၀)ကျပ်နှုန်းဖြင့် အစိုးရမှ ချီးမြှင့်ထားသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကယန်းတိုင်းရင်းသားစာပေကို ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင် ကျောင်းပေါင်း (၁၄၄) ကျောင်း၌ စာပေသင်ကြားသည့်ဆရာ၊မ (၂၆၇) ဦးရှိပြီး ပင်လောင်းမြို့နယ် ကျောင်း(၇)ကျောင်းတွင် ဆရာ၊မ (၁၃)ဦး မှ သင်ကြားပေးနေကြောင်း သိရသည်။

ကယန်းတိုင်းရင်းသားစာပေကို ကယန်းတိုင်းရင်းသားလူမျိုးများနေထိုင်သည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် သင်ကြားခွင့်ရပြီး နေပြည်တော်ကောင်စီနယ်မြေတွင် သင်ကြားခွင့်မရသေးကြောင်း သိရသည်။

spot_img
spot_img

Recent posts