spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကယားမှာ မူးယစ်ဆေးဖြတ်စခန်း လိုနေပြီ

Author

Date

Category

မူအက်စတာ ရေးသားသည်။

“ကျွန်တော့်ဘဝကို ဖျက်ဆီးနေတဲ့ ဒီဆေးတွေကို ကျွန်တော်အရမ်းရွံတယ်။”

မူးယစ်အာသာပြေစေဖို့အတွက် ပါးစပ်ထဲမှာ ပီကေကိုဝါးရင်း မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်က ဖွင့်ဟလာပါတယ်။

အတိတ်ရဲ့ မူးယစ်ဆေးဝါး အရိပ်မည်းတွေကြားမှာ ပင်ပန်းတဲ့ ရုန်ကန်မှုတွေအတွက် အထောက်အပံ့က သူတို့အတွက် ရှားလှပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်က အပေါင်းအသင်းတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ မူးယစ်သားကောင်အဖြစ်နဲ့ ဆိုးသွမ်းနေတဲ့ လူငယ်တစ်ဦးဟာ လက်ရှိအချိန်မှာ မူးယစ်ဆေးဖြတ်ရာ ကျောင်းတော်ကို ရောက်ရှိလာပြီး ဘဝကိုနားလည်နေပါပြီ။

ကယားပြည်နယ်မှာ လူငယ်အများစုက နေရပ်စွန့်ခွာပြီး ပြည်ပမှာသွားရောက်လုပ်ကိုင်ကြပြီး ကျန်ရှိတဲ့လူငယ် တွေက မူးယစ်ဆေးဝါးနဲ့ အဖော်ပြုပြုတဲ့ လမ်းကြောင်းပဲ ရောက်သွားကြတယ်။

မူးယစ်ဆေးဖြတ်ဖို့အတွက် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ဒါဝိတ်ကျောင်းတော်  တစ်ခုတည်းသာ ရှိပါတယ်။ ဒီကျောင်းတော်တည်ရှိတာ လေးနှစ်ရှိပြီး ဆေးဖြတ်ပေးတာ ၁၀ဝ ကျော်ရှိနေပါပြီ။

မူးယစ်ဆေးဖြတ်(ဒါဝိတ်)ကျောင်းတော်ကို ဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးစွဲနေတဲ့ သူတွေတော်တော်များများကို လူတွေကပစ်ပယ်ကြတယ်၊ ဒါပေမယ့် ဘုရားကဒီလူတွေကို ချစ်နေသေးတယ်၊ ဒါကြောင့် သူတို့ရဲ့ဘဝတွေကို အရှုံးမပေးပဲ ပြန်ထနိုင်ဖို့၊ သူတို့ဘဝတွေက တန်ဖိုးရှိတဲ့အကြောင်း၊ သူတို့ရဲ့ ရည်မှန်းချက်တွေကို ပြန်တည့်ပေးတဲ့ ကျောင်းတော်ဖြစ်စေဖို့ ရည်ရွယ်ပြီး ဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီကျောင်းတော်ထဲမှာ မြန်မာနိုင်ငံအဝှမ်းက လူမျိုးပေါင်းစုံလာရောက် စုနေကြတဲ့ကျောင်းဖြစ်ပါတယ်။ နိုင်ငံအဝှမ်းက ဆေးစွဲနေပြီး ဖြတ်ချင်နေတဲ့သူတွေ ဒီကျောင်းတော်မှာ လာရောက်စုဆုံနေကြပါတယ်။

ခွေးဂေဟာတည်ဆောက်ဖို့ လွှတ်တော်မှာ ဆွေးနွေး

ပြီးခဲ့တဲ့ နဝမအကြိမ် ကယားပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတုန်းက ကယားပြည်နယ်မှာရှိတဲ့ ခွေးလေခွေးလွင့်တွေကို ခွေးဂေဟာဆောက်ပေးဖို့အတွက် လွှတ်တော်မှာ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အဆိုတင်သွင်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဖရူဆိုမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က တိုင်းရင်းသားစာပေကဏ္ဍ အဆင့်မြှင့်တင်ဖို့အတွက် ဘတ်ဂျက်တိုးမြင့်ချထားရန် အစီအစဉ်ရှိမရှိဆိုတဲ့ အဆိုကိုလွှတ်တော်ဥက္ကဌက ပယ်ချခဲ့ပါတယ်။ တိုင်းရင်းသားအရေးအဆိုကို ပယ်ချခဲ့ပြီး ခွေးလေခွေးလွင့်ဂေဟာ တည်ဆောက်ဖို့အတွက် အဆိုကိုဆွေးနွေးခဲ့ကြပါတယ်။

ကယားပြည်နယ်မှာ လေလွင့်ခွေးဂေဟာဆောက်ရလောက်တဲ့အထိ ခွေးတွေရှိမနေပါဘူး။

ကယားပြည်နယ်က လူငယ်တွေကြားမှာ  WY တွေ သုံးစွဲနေကြ

 “WY ဆိုတဲ့ဆေးတွေကို ဆိုရင်လည်း ဗုန်းဗောလအောသုံးနေတာကို တွေ့ရပါတယ်” လို့ အမျိုးသမီးများဖွံ့ဖြိုးရေးစင်တာ(WDC)က ခွန်းပီတယ်က သူကွင်းဆင်းလေ့လာပြီး မြင်တွေ့နေရတဲ့ အနေအထားကို ပြန်ပြောင်းပြောတယ်။

“ကမ်းစပ်တလျှောက်မှာရှိတဲ့ ရွာတွေမှာဆိုရင်လည်း ကမ်းစပ်တွေမှာ ဘူးခွံတွေ အများကြီးတွေ့ရတယ်၊ ည  ၈ နာရီ ၉နာရီဆိုရင် ရွာအပြင်ထွက်ပြီး မူးယစ်ဆေးတွေ သုံးနေကြတယ်” လို့သူက ဆက်ပြောပါတယ်။

စားဝတ်နေရေးအတွက် ကယားတောင်သူတွေ ဘိန်းစိုက်နေတုန်းပါ

 ဒီပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးကို အခြေခံပြီးစားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်းကြတဲ့ တောင်သူတွေအများအပြားရှိနေပါတယ်။ အခြားသီးနှံတွေ ဈေးနှုန်းမတည်ငြိမ်လို့ မူးယစ်ဆေးဝါးရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘိန်းပင်တွေကို လက်ရှိအချိန်ထိ စိုက်ပျိုးနေပြီး စားဝတ်နေရေးပြဿနာကို ဖြေရှင်းနေရတဲ့ မိသားစုတွေ အများကြီး ရှိနေဆဲပါ။

တောင်သူတွေဟာဘိန်းပင်ကို ကိုယ်တိုင်စိုက်ပျိုးနေကြပေမယ့် သူတို့ကိုယ်တိုင်ဒီဘိန်းတွေကို ချက်ပြီးရောင်းကြတာမရှိပါဘူး။ စိုက်ပျိုးပြီး ရလာတဲ့ ဘိန်းတွေကို ရောင်းချကြတာပါ။

ဒါပေမယ့် သူတို့တွေကိုယ်တိုင်မချက်လုပ်ပဲ၊ စက်ရုံတွေမရှိပဲနဲ့ ဒီဒေသတွေမှာ ဘယ်လိုလုပ်ပြီး ဆေးလုံးတွေသုံးစွဲပြီး ပျက်စီးနေကြတာလဲ။ လွယ်ပါတယ်။ နယ်စပ်ဒေသဖက်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ဖက်တွေမှာ အလုပ်အကိုင်သွားရောက် ရှာဖွေလုပ်ကိုင်နေသူတွေကနေတစ်ဆင့် ကူးစက်ပြီး ရောက်ရှိလာကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရွာထဲမှာ လုံးဝခွင့်မပြုထားဘူး” လို့ ကယောဒေသဖက် ဒိုရောရွာသားတစ်ယောက်က ဆိုပါတယ်။ “သူတို့တွေ သုံးချင်ကြတယ်ဆိုရင် မြို့ပေါ် ဥပမာဆေးရနိုင်တဲ့ နေရာတွေကို သူတို့သွားကြတယ်” လို့ ဆက်ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါး အလွယ်တကူရတဲ့ဒေသတွေက အထူးသဖြင့် လက်နက်ကိုင်တွေဆီကနေရရှိကြတာ များကြသလို တချို့က မော်ချီးဘက်မှာ အလုပ်သွားလုပ်ကြပြီး ပါလာကြသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

လက်ရှိ ကယားပြည်နယ်မှာ အသက် ၁၆/၁၈ နှစ်နဲ့အထက်လူတွေ ကိုယ့်ဒေသမှာနေထိုင် လုပ်ကိုင်စားသောက်တဲ့သူတွေ နည်းပါတယ်။ ပြည်တွင်းပြည်ပတွေကိုသွားပြီး အလုပ်လုပ်ကိုင်သူတွေက အိမ်ထောင်စုတစ်ခုမှာ အနည်းဆုံးတစ်ယောက်သွားနေပါတယ်။ ကိုယ့်ပြည်နယ်မှာ လုပ်ကိုင်စရာ အလုပ်အကိုင်တွေက မိသားစုစားဝတ်နေရေးအတွက် မဖူလုံနိုင်တဲ့အတွက်ကြောင့် ပြည်တွင်း/ပြည်ပ ရွာပြင်ကိုထွက်ပြီး အလုပ်အကိုင်ရှာဖွေနေကြရပါတယ်။ ဒီလိုအပြင်ထွက်ပြီး ပြန်လာသူတွေဆီကနေ အများဆုံးပါလာတာတယ်လို့ သိရပါတယ်။

ရွာမှာနေတဲ့သူတွေကလည်း ဝင်ငွေမရှိတဲ့အတွက် အပေါင်းအသင်းတွေကြားမှာ လေလွင့်နေပြီး မူးယစ်ဆေးဝါးသုံးစွဲဖို့ အခွင့်အလမ်းတွေ ပိုရှိလာနေပါတယ်။ မူးယစ်ဆေးသုံးစွဲပြီး ပျက်စီးလေလွင့်နေတဲ့ လူငယ်တွေအများကြီးရှိနေပါတယ်။

ထိရောက်တဲ့ မူးယစ်တားဆီးရေး နဲ့ မူးယစ်ဆေးဖြတ်တဲ့ ဂေဟာတွေ လိုနေပါပြီ

 ဒီလူငယ်တွေ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်  ကျွန်မတို့ရဲ့ကယားပြည်နယ်ကြီးအတွက် ရင်လေးစရာတွေကြီးပဲ ဖြစ်နေတော့မှာပါ။ ဒါကြောင့် ကယားပြည်နယ်မှာရှိနေတဲ့ ဆေးစွဲသူတွေအတွက် ဆေးဖြတ်ရေးစခန်းတစ်ခု အစိုးရကနေအမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်နေပါတယ်။

လူငယ်တွေကလည်း ပြည်သူ့စကားဝိုင်းမှာ တရားဝင်တောင်းဆိုခဲ့ပြီးပါပြီ၊ ဆေးဖြတ်ချင်တဲ့ လူငယ်တွေအတွက် ဆေးဖြတ်စခန်းတစ်ခုထူထောင်ပေးဖို့ လူငယ်ခွန်းပီတယ်က တောင်းဆိုခဲ့ပါတယ်။

လက်ရှိ ကယားပြည်နယ်မှာ မူးယစ်ဆေးဖြတ်စခန်းအနေနဲ့ တစ်ခုပဲရှိနေပါတယ်။ ဒါဟာလည်း ဘာသာရေးကို အခြေခံထားတဲ့ကျောင်းတစ်ခုဖြစ်နေတော့ လူတိုင်းကမလာရောက်နိုင်ပါဘူး။ ကျောင်းဆောင်ကလည်း လူအများကြီးနေလို့ရတဲ့ ကျောင်းဆောင်လည်းမဟုတ်တဲ့အတွက်ကြောင့် အခက်အခဲဖြစ်နေပါတယ်။ ဒီကျောင်းကိုရောက်လာတဲ့သူတွေထဲမှာ ဆေးပြတ်သွားတဲ့သူတွေ ရှိသလို၊ အိမ်ပြန်ပြီး ပြန်သုံးစွဲနေသူတွေလည်း ရှိတယ်လို့သိရပါတယ်။

ဒါကြောင့်မို့ အကယ်၍သာ အစိုးရကနေပြီးတော့ မူးယစ်ဆေးဖြတ်စခန်းတစ်ခု ထူထောင်ပေးပြီး စနစ်တကျထိန်းကျောင်းပေးနိုင်ရင် ပြည်နယ်အတွင်းမှာ ပျက်စီးနေတဲ့ လူငယ်တွေ သိသိသာသာလျော့ကျသွားစေပါလိမ့်မယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် ဒီအချိန်မှာ ပြန်စဉ်းစားမိတာ ကျွန်တော်အရမ်းရှက်တယ် ” လို့ ဒါဝိတ်ကျောင်းတော်က ဆေးဖြတ်ချင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ သူက “ကျွန်တော်နောက် ဘယ်တော့မှဒီလိုမလုပ်တော့ဘူး၊ လုပ်ဖို့လည်း စိတ်ကူးမိမှာမဟုတ်တော့ဘူး”လို့ မျက်ရည်ဝဲဝဲနဲ့ ပြောနေပါတယ်။

လက်ရှိ ကယားပြည်နယ်အစိုးရတွေရဲ့ လုပ်ဆောင်ချက်အရ လူဂေဟာ(ဆေးဖြတ်စခန်း)တစ်ခု ဆောက်ဖို့ထက် ခွေးဂေဟာဆောက်ဖို့ ပိုအရေးကြီးနေသလိုပါပဲ။ ကယားပြည်နယ် ဒီးမော့ဆိုမြို့မရဲစခန်းတာဝန်ရှိသူရဲ့ ပြောကြားချက်အရ လွိုင်ကော်အကျဉ်ထောင်ထဲ ပြစ်ဒဏ်ကျခံနေသူ အများစုက ယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရသူတွေပါပဲ။

“ဒီးမော့ဆိုမြို့နယ်မှာ ဘိန်းစိုက်ပျိုးနေကြပေမယ့် ဘိန်းဖြူတွေသုံးစွဲတာမရှိဘူး၊ အဲ့တော့ အဓိကသူတို့ဘာတွေသုံးစွဲနေကြတာလဲ၊ စိတ်ကြွရူးသွပ်ဆေးတွေသုံးနေကြပါတယ်”လို့ ဒီးမော့ဆိုမြို့မရဲစခန်းမှမြို့နယ်မှူး ရဲမှူးဦးအောင်မင်းကပြောပါတယ်။ “ရဲစခန်းကိုရောက်လာတဲ့ သူတွေကလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုတွေပါပဲ”လို့ ဦးအောင်မင်းက ဆက်ပြောပါတယ်။

ဘိန်းတွေကို အဓိကဆေးဝါးဖော်စပ်တဲ့နေရာမှာပဲ သုံးဖို့အတွက်စိုက်ပျိုးခြင်းဖြစ်တာကို လူသားတွေက အလွဲသုံးစားလုပ်တော့ ဥပဒေကအရေးယူရတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် ဥပဒေအရာရှိ ဦးသီဟက ပြောပါတယ်။

“ကျန်းမာရေးဌာနက သူတို့သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း ဆေးဝါးဖော်စပ်မယ့်နေရာမှာ အသုံးပြုတာ။ အခုက ကျွန်တော်တို့က ဒါတွေကို အလွဲသုံးစားလုပ်နေတာ။ အလွဲသုံးစားလုပ်တော့ မဖြစ်သင့်တာတွေဖြစ်တော့ ဥပဒေက ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန်အရေးယူနေရတာဖြစ်ပါတယ်”

လူငယ်တွေ ဆေးဝါးသုံးစွဲလိုက်၊ ဥပဒေကအရေးယူလိုက်၊ အပြစ်ခံယူပြီး ပြန်ထွက်လာ ပြန်သုံးလိုက် ဥပဒေအရေးပြန်ယူလိုက်နဲ့ ချာလပတ်လည်နေပါတယ်။ ဆိုတော့ ဒီမူးယစ်ဆေးဝါးကို အမြစ်ပြတ်ချေမှုန်းဖို့ မသုံးစွဲကြဖို့ ပြီးတော့ သုံးစွဲနေတဲ့ လူငယ်တွေအတွက် ဆေးဖြတ်စခန်းတစ်ခုအမြန်ဆောက်ပေးဖို့ ဒီအစိုးရလက်ထက်မှာ လိုအပ်နေပါပြီ။

“ထုတ်လုပ်ရောင်းချသူတွေလည်း လူကြီးတွေလို့ပဲ ကျွန်တော်ထင်တယ်။ ဒီလူတွေဆက်ရှိနေသရွေ့ ဒီမူးယစ်ဆေးဝါးတွေ ဆက်ရှိနေမှာပဲ၊ သုံးစွဲတဲ့လူငယ်တွေလည်း ဆက်ရှိနေမှာပဲ။ ဒါကြောင့် ဒီလူတွေမရှိအောင် ဌာနဆိုင်ရာနဲ့ လူထုတွေကော၊ အစိုးရတွေကော၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကော ပူးပေါင်းပြီးနှိမ်နင်းဖို့လိုအပ်ပါလိမ့်မယ်” လို့ ခွန်းပီတယ်က ပြောလိုက်ပါတယ်။

လက်ရှိပြည်နယ်အတွင်းမှာတော့ အစိုးရကနေ ဖွင့်ထားတဲ့ကျောင်းမရှိတဲ့အတွက် ဆေးဖြတ်ချင်တဲ့လူငယ်တွေအတွက်က ဒီဒါဝိတ်ကျောင်းမှာသာ ဆေးဖြတ်ကြပါတယ်။

“အကယ်၍ ကျွန်တော်သာ ဒီကျောင်းကိုရောက်မလာခဲ့ဘူးဆိုရင် အခုလောက်ဆိုရင် ကျွန်တော်ဒီမှာထိုင်ပြီး စကားပြောခွင့်ရှိတော့မှာမဟုတ်ဘူး၊ ကျွန်တော်လူ့ဘဝကနေ ထွက်ခွာပြီးတာ ကြာလောက်ပြီ”လို့ လူငယ်က ဝဲနေတဲ့မျက်ရည်တွေနဲ့ ပြောပြပါတယ်။

spot_img
spot_img

Recent posts