spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ကယား ၈၈ မျိုးဆက်များ NLD ၏ ပါတီဝင်အဖြစ် ဝင်ရောက်

Author

Date

Category

ကန္တာရဝတီတိုင်​း(မ်​)

၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့အပြီး ကယားပြည်နယ်၏ ၈၈ မျိုးဆက်မှ အင်အားစုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်အဖြစ် အလုံးအရင်းလိုက် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

၈၈ မျိုးဆက်များမှ စုစည်းကာ ပါတီအဖြစ် တည်ထောင်ရန် ကနဦးက ရည်ရွယ်ခဲ့သော်လည်း ကယားပြည်နယ်၏ အနေအထားနှင့် နိုင်ငံရေးလမ်းကြောင်းတစ်ခုအဖြစ် NLD ပါတီသို့ ဝင်ရောက်ပြီး နိုင်ငံရေးတွင် ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရန် ကယားပြည်နယ် ၈၈ မျိုးဆက်က ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

လက်တလော၌ ကယားပြည်နယ် ၈၈ မျိုးဆက်များမှ ဦးဆောင်ပြီး NLD ပါတီထဲ ဝင်ရောက်ရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေခဲ့ကာ ၈၈ မျိုးဆက်များ ကိုယ်တိုင် ပါတီထဲဝင်ရောက်ရန် အဆိုပြုခဲ့ကြသည်။

ဩဂုတ်လ ၉ ရက်နေ့တွင် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ကယားပြည်နယ် ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ ၈၈ မျိုးဆက်အင်အားစုများနှင့် ပြည်သူအချို့အပါအဝင် လူဦးရေ ၆၀ဝ ကျော် Nld ပါတီထဲ ဝင်ရောက်ရန် ပါဝင်အဆိုပြုလွှာ ပေးအပ်ပွဲကို အခမ်းအနားဖြင့် ကျင်းပခဲ့သည်။

“ကယားပြည်နယ်ရဲ့ အနာဂတ်၊ နိုင်ငံရဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်ကနေပြီးတော့ ပါဝင်လုပ်ဆောင်ဖို့အတွက် ထိထိရောက်ရောက်လုပ်ဆောင်ချင်တယ်လေး။ စနစ်တကျလည်း လုပ်ဆောင်ချင်တယ်။ အင်နဲ့အားနဲ့ လုပ်ဆောင်ချင်တယ်။ အဲ့လို ရည်ရွယ်ချက်နဲ့ ကျနော်တို့ရဲ့ ကယားပြည်နယ် ၈၈ မျိုးဆက်က အင်အားအများစုက၊ နောက်ပြီးတော့ မျိုးဆက်သစ်လူငယ်တွေလည်း ပါတယ်။ နောက်ပြီးတော့ စိတ်ဝင်စားတဲ့ အခြားပြည်သူတွေလည်း ပါတယ်။ အဲ့ဒါတွေက အားလုံးစုပေါင်းပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖြစ် ဝင်ရောက်ကြဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်။”ဟု ကယားပြည်နယ် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုသက်နောင်ထွန်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ၈၈ မျိုးဆက်တွေ NLD ပါတီထဲဝင်ရောက်ခြင်းအား ရွေးချယ်မှုတစ်ခုအဖြစ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများဖြင့် ၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ၌ တောင်းဆိုချက်များရလာရန် ဆက်လက်ကြိုးစားကြရအုန်းမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ဒေါ်မိစုပွင့်က ပြောသည်။

“အရင်က ကျမတို့ တိုက်ပွဲဝင်ခဲ့တယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ်တည်ဆောက်ရေးပေါ့။ ဒီနေ့ ဒီကာလဟာ ဒီမိုကရေစီစနစ်သွားဖို့အတွက် စပြီးတော့ ခြေလှမ်းလှမ်းတတ်ကာစ ကလေးလိုမျိုး ယိုင်တိယိုင်ထိုးနဲ့ ဒီ ဒီမိုကရေစီ NLD အစိုးရတက်လာတဲ့နောက်မှာ အစွမ်းကုန်ကြိုးစားနေရတဲ့ကာလပဲ ရှိသေးတယ်။ ဆိုတော့ တစ်ဖက်မှာ ကျမတို့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျမတို့က ပစ်ပယ်ထားလို့မရတဲ့ အနေအထားဖြစ်နေတယ်။ ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်တဲ့အဆင့်ရောက်မှ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်အရေးပေါင်းစပ်ပြီးတော့ တကယ့်ငြိမ်းချမ်းတဲ့ အနာဂတ် ပြည်ထောင်စုဒီမိုကရေစီနိုင်ငံကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”ဟု ဒေါ်မိစုပွင့်က ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့၌ ကျရောက်သော ၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် ၂၉ နှစ်မြောက်တွင် အရေးတော်ပုံမှာ ကျဆုံးသွားသော ရဟန်းရှင်လူများအတွက် ခရစ်ယာန်ဘုရားကျောင်းတွင် ဆုတောင်းပေးခြင်း၊ ဘုန်တော်ကြီးထံ သင်္ကန်ကပ်လှူခြင်းဖြင့် အရေးတော်ပုံအထိမ်းအမှတ်အဖြစ် စုပေါင်းပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။

spot_img
spot_img

Recent posts