spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ကိုယ့်ရှေ့မှာရှိနေတဲ့ မုန်တိုင်းကြီးတွေကို ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ “နော်ဒါးခူ”

Author

Date

Category

သီတာအောင်

အဲ့ဒီနေ့ကတော့ မိုးတအုံ့အုံ့နဲ့ မိုးဖွဲလေးတွေ ရွာနေတဲ့နေ့လေးတစ်နေ့မှာပေါ့။ အဲ့ဒီနေ့ရဲ့ အရုဏ်ဦးအချိန်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူ/ သားတွေ အတွက် အောင်စာရင်းကြည့်ဖို့ ရင်ခုန်နေကြတဲ့ အချိန်လေးပါ။ တချို့ကတော့ မိုးလင်းနေပြီဖြစ်တဲ့ ဇွန်လ ၁၁ ရက် မနက် ၆ နာရီလောက်မှာတော့ သူတို့နာမည်တွေ ရေးထိုးထားမယ့် စာမေးပွဲအောင်စာရင်းကို သွားကြည့်နေကြပြီပဲ ဖြစ်ပါတယ်။

အောင်စာရင်းကိုသွားကြည့်တဲ့ သူတွေထဲမှာတော့ အသက် ၃ဝ အရွယ်အစ်ကိုတစ်ယောက်နဲ့ အသက် ၁၆နှစ်သာထင်ရတဲ့ ညီမငယ်လေးတစ်ယောက်လည်း အပါအဝင်ပါပဲ။ ထူးခြားတာတစ်ခုက ညီမငယ်လေးဟာ ခြေတစ်ဖက်က အခြားတစ်ဖက်ထက် တိုနေပြီး လက်နှစ်ဖက်လုံးကလည်း တံတောင်ဆစ်မပါပဲနဲ့ တိုတိုလေးဖြစ်နေတာပါ။ အောင်စာရင်းကြည့်ပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ မောင်နှမ နှစ်ယောက်လုံး အပြုံးကိုယ်စီနဲ့ပါ။ အစ်ကိုက ညီမငယ်လေးအတွက် ဂုဏ်ယူနေသလို ညီမငယ်ကလေးကလည်း သူမရဲ့ အောင်မြင်မှုအတွက် အပြုံးပန်းတွေ ဝေဆာနေပါတယ်။

ညီမငယ်လေးရဲ့နာမည်က နော်ဒါးခူလို့ ခေါ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ နာမည်က ပိုပြီး လူသိများလာခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သုံးနှစ်သုံးကြိမ် ကြိုးစားဖြေဆိုခဲ့ပြီး အောင်မြင်ခဲ့တဲ့ နော်ဒါးခူရဲ့ လုံ့လကို အားလုံးက အသိအမှတ်ပြုခဲ့ကြသလို သူမရဲ့အောင်မြင်မှုက နားထောင်လို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။  ဒီလိုဇွဲလုံ့လဝီရိယမလျော့ပဲ ကြိုးစားဖြေဆိုခဲ့တဲ့ နော်ဒါးခူဟာဆိုရင် သာမန် ကလေးမဟုတ်ဘဲ မွေးရာပါ တမူထူးခြားနေတဲ့သူလေးဖြစ်ပါတယ်။  သူမရဲ့ ဘယ်ခြေထောက်တစ်ဖက်က တိုနေပြီးတော့ လက်နှစ်ဖက်မှာ တံတောင်ဆစ်ကနေ တိုနေတဲ့ မွေးရာပါ မသန်စွမ်းသူလေးတစ်ဦးပါ။ ကြိုးစားသူလေး နော်ဒါးခူကတော့ သူမအနေနဲ့ စာကိုကြိုးစားသင်ခဲ့ရတဲ့ ရည်ရွယ်ချက်က စေတနာ့ဝန်ထမ်းကျောင်းဆရာမ တစ်ယောက်လုပ်ချင်တာကြောင့်ပါလို့ ဆိုပါတယ်။

” ရွာမှာက ပညာတတ်သူတွေနည်းပါးပြီး ပညာရေးကို စိတ်ဝင်စားမှုနည်းပါးတဲ့ ကလေးလူငယ်တွေကို ကျောင်းတက်လာအောင် ၊ ပညာရေးမှာ စိတ်ဝင်စားမှုတွေများလာအောင် တစ်ဖက်တစ်လမ်းကနေပြီး ကျောင်းပြင်ပအနေနဲ့ ပညာသင်ကြားပို့ချပေးဖို့ ရည်ရွယ်ထားတယ်” လို့ နော်ဒါးခူက ပြောပါတယ်။

သူမမိဘတွေရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ကပ်သမီးကျေးရွာက ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးတွေကို ပညာဒါန ပြုလုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မိဘတွေက ကရင်တိုင်းရင်းသားတွေဖြစ်ပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်ထားကြသူတွေဖြစ်ပါတယ်။  ဖခင်ဖြစ်သူက စစ်မှုထမ်းတစ်ဖက်နှင့် ကယားပြည်နယ်ဘက်ကို တာဝန်ထမ်းဆောင်ရင်း နော်ဒါးခူကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

၁၉၉၆ ခုနစ် ဇူလိုင်လ ၁ဝရက်နေ့ အမှတ် (၅၄)တပ် ရင်းမှာ မွေးဖွားခဲ့ပြီး ဖခင် ဦးစောပါဒေါ ၊ မိခင်က ဒေါ်နော်ဖောပို တို့ဖြစ်ကြပါတယ်။ မွေးချင်းမောင်နှမငါးယောက်ထဲက အငယ်ဆုံးဖြစ်ပြီး အေးအေးဆေးဆေးလည်းနေတတ်တဲ့အတွက် မိဘတွေက “နော်ဒါးခူ” လို့ အမည်ပေးခဲ့ကြတာပါ။

နော်ဒါးခူက လသားအရွယ်ကတည်းက သန်မာပြီး စပ်စုတဲ့ကလေးဖြစ်တယ်လို့ သူမရဲ့ မောင်နှမတွေပြောပြချက်အရသိရပါတယ်။ အသက် ရ နှစ်အရွယ်မှာ သူငယ်တန်းကျောင်းစတက်ခဲ့ပြီး စာကိုအရမ်းကြိုးစားခဲ့တဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။  အခြားမောင်နှမတွေ စာကြည့်ချိန်မှာ သူသန်နေတဲ့ ခြေထောက်တစ်ဖက်နဲ့ စာရေးလေ့ကျင့်ခဲ့ပါတယ်။ ဒီလိုနဲ့ စာရေးတတ်လာခဲ့တာပါ။ မူလတန်း ပညာသင်ချိန်မှာတော့ တပ်ထဲက အ.မ.က ကျောင်းမှာပဲ ကျောင်းတက်ခဲ့ပြီး ပဉ္စမတန်းကနေ ဒသမတန်းအထိကတော့ အထက(၁) ကျောင်းမှာတက်လို့ အစ်မဖြစ်သူနဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ အတူနေလာခဲ့ပါတယ်။

နော်ဒါးခူ က အင်္ကျီကုို အခုုလိုုခေါက်ပါတယ်

သာမန်ကလေးတွေမှာဆိုရင် ကစားနေရင်း ၊ လမ်းလျှောက်ရင်း ချော်လဲတာတွေဖြစ်ခဲ့ရင် သူတို့ရဲ့ လက်ချောင်းလေးတွေနဲ့ ထောက်လို့ရပေမယ့် နော်ဒါးခူလေးကတော့ ထောက်စရာ လက်ချောင်းလေးတွေမရှိတာကြောင့် ဒီလက်အတိုကလေးနဲ့ပဲ ထောက်နေခဲ့ရပြီး အချိန်ကြာလာတာနဲ့အမျှ လက်တွေ ကွဲအက်လာခဲ့ပါတယ်။ အဲဒီကနေ အရိုးတွေက ထွက်ထွက် လာလေ့ရှိတဲ့အတွက် ဆေးရုံမှာ သွားပြီး ခွဲစိတ်ရတဲ့အထိပါပဲ။

“ဒီလိုတွေထွက်လာတော့ နာကျင်လာတယ်။ ဘယ်လိုမှခံစားလို့မရနိုင်တဲ့ ဝေဒနာတွေကို ခံစားလာခဲ့ရပြီလေ။ ထွက်လာတဲ့အရိုးတွေဆိုရင် ဖြတ်လိုက်ရတယ်။ မဖြတ်ဘူးဆိုရင်တော့ ဒီထက်ပိုပြီး
နာကျင်မှုပိုပြီး ခံစားရတယ်” လို့ နော်ဒါးခူက ပြောပါတယ်။

အရို်းတွေထွက်လာတိုင်း ဒီလိုဖြတ်ရဖို့အတွက် ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံ မြို့နယ်က ဆေးရုံအထိ သွားဖြတ်ရပါတယ်။ မသန်စွမ်းသူတစ်ယောက်ဖြစ်နေတာမို့ ဆေးခန်းကတော့ အခမဲ့ ကုသပေးပါတယ်။  ဒါပေမယ့်လည်း ခရီးစရိတ်ကိုတော့ ကိုယ်တိုင် ကုန်ကျခံရတဲ့အတွက် ဖခင်ဖြစ်သူရဲ့ လစာနဲ့ မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် ဖခင်ဖြစ်သူက စစ်မှုထမ်းဘဝကနေ မိသားစုဝမ်းစာရေး ၊ သမီးဆေးသွားကုသနိုင်ရေးအတွက် တခြားဝင်ငွေရနိုင်ဖို့ မနက်မိုးလင်းတာနဲ့ ကြက် ၊ ဝက် ၊ အမဲသား ရောင်းချသူတွေထံမှာ တိရိစာ္ဆန်ကို သတ်ဖြတ် ၊ ခုတ်ထစ်ပေးတာတွေနဲ့ အပိုငွေရအောင် ရှာခဲ့ရပါတယ်။

နော်ဒါးခူဟာဆိုရင် အစ်ကို အစ်မတွေ အိမ်ထောင်ပြုကုန်ကျတဲ့နောက်မှာ မိခင်နဲ့အတူနေပြီး အိမ်တွင်းမှုလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။ မိခင်က မအားဘူးဆိုရင် သူမအားသန်တဲ့ခြေတစ်ဖက်နဲ့ပဲ အဝတ်တွေလျှော်ဖွတ်ပေးတယ် ၊ တံမြက်စည်းတွေလှည်းတယ် ၊ ကြမ်းတိုက်ပေးတာတို့ ၊ ပန်ကန်ဆေးတာတွေ လုပ်ကူပေးနိုင်တယ် လို့ အစ်မဖြစ်သူက ပြောပြပါတယ်။ သူမမှာ လက်ချောင်းလေးတွေမရှိတာကြောင့် အရာဝတ္ထုတစ်ခုကို ချိုင်းကြားမှာ ညှပ်ပြီးလုပ်ရတာပါ။ ထမင်းစား၊ ရေသောက်တာတွေအတွက်တော့သူမရဲ့ ခြေထောက်ကို အသုံးပြုရလေ့ရှိပါတယ်။

အားငယ်တယ်ဆိုတာမရှိပဲနဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ ကိုသုံးပြီး အမြဲ အပတ်တကုပ်ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သူမကို အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်နန်းအေးအေးမိုးက ပြောပါတယ်။ မသန်ပေမယ့် စွမ်းတယ် ဆိုတဲ့အတိုင်း ကျောင်းတက်ရင်း အားလပ်ချိန်တွေ ၊ ထမင်းစားဆင်းချိန်တွေမှာဆိုရင် စာအုပ်တစ်အုပ်ကိုင်ပြီး ဆရာအနားကို ကပ်နေမြဲပဲလို့ ဆရာမက ပြောပါတယ်။

“စာအပိုင်းနဲ့ ပြောရရင် အားနည်းတယ်၊ ဒါပေမယ့် သာမန်ကျောင်းသားတွေထက် ဇွဲရှိတယ် သာမန်လူတွေထက်လည်း ကြိုးစားတယ်။ အောင်ချင်တဲ့ စိတ်လည်း တအားရှိတာပေါ့နော်” လို့ ဒေါ်နန်းအေးအေးမိုးက ပြောပါတယ်။  သူမက မသန်စွမ်းပေမယ့်၊သာမန်ကျောင်းသားတွေ လက်နဲ့စာရေးနေချိန်မှာ ခြေထောက်နဲ့စာရေးနေရပေမယ့် ကြိုးစားခဲ့တာကြောင့် သာမန်ကျောင်းသားတွေနဲ့ တန်းတူ အဆင်ပြေပြေ စာသင်ခဲ့ရတယ်လို့ ဆရာမက ပြောပါတယ်။

စာဖတ်ရတာကိုုလည်း ကြိုက်ပါတယ်။
စာဖတ်ရတာကိုုလည်း ကြိုက်ပါတယ်။

တက္ကသိုလ်ဝင်တန်း နှစ်နှစ်ဆက်တိုက်ကျပြီးနောက် အားငယ်စိတ်တွေဝင်ခဲ့ပြီး အိမ်ကနေ စာကျက်ကာ အပြင်ဖြေ ဖြေဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမရဲ့ အားငယ်နေချိန်တွေမှာတော့ သူမယုံကြည်ကိုးကွယ်တဲ့ နှစ်ခြင်းဘာသာကို ခွန်အားဖြစ်စေမယ့် ကျမ်းစာပိုဒ်ကို အမြဲရွတ်ဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

တတိယအကြိမ် ဖြေဆိုချိန်မှာတော့ အမှတ်ပေါင်း ၂၆၉ မှတ်နဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူမက ငယ်စဉ်တုန်းက အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒရှိခဲ့ပေမယ့်လည်း အမှတ်မမှီနိုင်တဲ့အတွက် လွိုင်ကော်တက္ကသိုလ်မှာပဲ ကျောင်းတက်ဖို့ ရွေးခြယ်ထားတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ပဲ အခက်အခဲ ရှိနေပါစေအရှုံးမပေးတမ်း ကြိုးစားနေမယ်ဆိုရင် တစ်ချိန်မှာအောင်မြင်ရမယ်ဆိုတာ နော်ဒါးခူက အားလုံးကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ရှေ့ဆက်ရမယ့် အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း “ကိုယ့်ရှေ့မှာ မုန်တိုင်းတွေဘယ်လောက်ပဲ ကြီးနေပါစေ အဲဒီမုန်တိုင်းကြီးကို ရဲရဲဝင့်ဝင့် ဖြတ်ကျော်နိုင်ရဲရမယ်။ ဒါမှအောင်မြင်မှုတွေ ရရှိလာနိုင်မှာပါ” လို့နော်ဒါးခူက အပြုံးလေးနဲ့ ဆိုလိုက်ပါတယ်။

spot_img
spot_img

Recent posts