spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကုန်စည်များထုတ်လုပ်ရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတွဲ ဖော်ပြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

မြန်မာနိုင်ငံတွင်း စားသုံးသူများ နားလည်သဘောပေါက် လွယ်စေရန်အတွက် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန် ညွှန်ကြားချက်တစ်စောင်ကို နိုင်ငံတော်အစိုးရမှ အောက်တိုဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

̏ ဒီအစားအသောက်တွေမှာ နိုင်ငံခြားက သွင်းလာတဲ့ကုန်တွေကတော့ FDA approve မပါဘူး၊ ပြည်တွင်းကထုတ်တဲ့ ဟာကျတော့ approve လို့ပါတယ်၊ approveလို့ပါတဲ့အရာတွေကတော့ စိတ်ချရတယ်၊ ပြောရမယ်ဆိုရင် ဘယ်အရာမှ ၁၀၀%စိတ်ချရတယ်ဆိုတာ မရှိပါဘူး˝ ဟု မြန်မာဘာသာဖြင့် ပါရှိပြီး FDA ထောက်ခံချက်ပါရှိသည့် ကုန်စည်တိုင်း စိတ်ချရမှုမရှိကြောင်း ကယားပြည်နယ် FDAဌာန ပြည်နယ်ဦးစီးအရာရှိ ဒေါက်တာစုသီရိနှင်းက ပြောသည်။

ကုန်စည်များ အဘယ်ကြောင့် ၁၀၀%စိတ်မချရသည်မှာ ကုန်များ သိုလှောင်ထားချိန်တွင် စနစ်တကျ သိမ်းဆည်းသိုလှောင်ထားခြင်း မရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ကုန်များဖြန့်ဖြူးချိန်တွင် လုံခြုံသည့် ထုတ်ပိုးမှုမရှိခြင်းတို့ကြောင့် FDA approve ဟု ပါရှိသော်လည်း စနစ်တကျသိုလှောင်ခြင်း မရှိသည့်အတွက် စိတ်မချရကြောင်း ဒေါက်တာစုသီရိနှင်းက ဆက်ပြောသည်။

စားသုံးသူများ အဓိကကြည့်ရှုရမည့် အချက်များမှာ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးမည့်ရက်စွဲများ၊ ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်သည့်နေရာ၊ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများ စသည်တို့ကို သေချာကြည့်ရှုကာ ဝယ်ယူသင့်သည်။

စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီသည် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၃၁၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာတစ်စောင် ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကယားပြည်နယ်ရှိ လုပ်ငန်းရှင်များသည် ထုတ်ပြန်ချက်တွင် ပါရှိသည့်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။

̏ အဓိက ပြည်နယ်အတွင်းမှာ ဆက်သွယ်ရေးကလည်း ဖုန်းတွေတော့ရှိတယ်၊ ရွာတွေမှာကျတော့ သတင်းစာတွေ ဖတ်တာနည်းတယ်လေ၊ နည်းတဲ့အခါကျတော့ အခုလိုကြော်ငြာလိုက်တဲ့ အမိန့်ကြော်ငြာစာကို သူတို့မသိလိုက်မှာလည်း ကြောက်ရတယ်။ နောက်ပြီး ဗမာလူမျိုးတွေရဲ့ ထုံးစံအတိုင်း စာဖတ်တာအားနည်းတယ်လေ၊ ဒါကြောင့် ဒီ ၆လနောက်ပိုင်းကျရင် အရေးယူမှု အက်ရှင်တွေပါလာမှာပေါ့၊ အရေးယူမှုလုပ်ရင် သူတို့မသိလိုက်ပါဘူးဆိုတာ မရှိအောင်၊ လုပ်ငန်းတွေလည်း မဆုံးရှုံးရအောင် သူတို့လိုက်နာနိုင်အောင်လို့ အဓိက ရည်ရွယ်ပါတယ် ˝ ဟု စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက ပြောပါသည်။

ယခုထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ ၆လ ပြည့်မြောက်သည့်နေ့တွင် စတင်ကာ အာဏာသက်ရောက်စေပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။ လိုက်နာခြင်းမရှိသည့် လုပ်ငန်းရှင်များအား စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၉ အရအရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ပါရှိသည်။

စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့် ဦးစားပေးကုန်စည်များမှာ အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်း ကိရိယာများ စသည်တို့ကို ဦးစားပေးဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

spot_img
spot_img

Recent posts