spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကျွန်တော်တို့ ရင်ဆိုင်ရမယ့် “နွေ”

Author

Date

Category

ဓါတ်ပုံ – စိုင်းလင်းလင်းဦး

ခူးလီးတခဲ

သဘာဝလောင်စာကနေတဆင့် ဖြစ်ပွားလာတာကြောင့် လူသားတွေအနေနဲ့ တောမီးလောင်တာကို ထိန်းချုပ်ရ မလွယ်လှပါဘူး။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တောမီးတွေလောင်ကျွမ်းမှုကြောင့် ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သစ်တောတွေနဲ့ သတ္တဝါတို့ အပြန်အလှန် အမှီတဟဲပြုနေတဲ့ အသိုက်အမြုံကြီးကို သဘာဝတောမီးကြီးက ဆိုးရွားစွာ အန္တရာယ်ပြုလျက်ရှိနေပါတယ်။

သဘာဝပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တိရိစ္ဆာန်တို့ကို ထိခိုက်နေတဲ့အပြင် လူသားတို့ ပိုင်ဆိုင်မှုဥစ္စာတွေနဲ့ လူသားတို့ရဲ့ အသက်ကိုပါ အန္တရာယ်ပြုလာပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ခရီးသွားလာရေးကိစ္စရပ်တွေပါ ဆိုးကျိုး သက်ရောက်လာနေတဲ့အတွက် ကြီးမားတဲ့ ပြဿနာတခုလို့ ဆိုရတော့မှာပါ။

ဒါဟာ ကြီးမားတဲ့ပြဿနာလို့ သိနေလျက်နဲ့ ကြိုတင်ကာကွယ်မှုတွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အမြုံထဲမှာ လက်ဆင့်ကမ်း စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဆောင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ နေ့တဓူဝ ဝင်ငွေ၊ စားဝတ်နေရေးတခုလုံးအပေါ် တက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

တောင်မီးကြောင့် ဘယ်လိုဆိုးကျိုးတက်ရောက်မှုတွေ ရင်ဆိုင်နေရသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ဓါတ်ပုံ – စိုင်းလင်းလင်းဦး

၁။ သီးနှံများအား ထိခိုက်ခြင်း။

တောမီးကြောင့် ဆန်၊ စပါး၊ သီးနှံပင်တွေ ပျက်စီးစေပါတယ်။ နုနယ်သေးတဲ့ အပင်ငယ်တွေဟာ ပူပြင်းတဲ့တောမီးဒါဏ်ကို ခံရပြီးတဲ့နောက် တဖန်ရှင်သန်ခြင်း သို့မဟုတ် ပြန်လှည်ပေါက်ဖွားခြင်းကို မပြုလုပ်နိုင်တော့တဲ့အတွက် သစ်ပင်တွေရဲ့ကြီးထွားမှု၊ သစ်ပင်တွေရဲ့ အရည်အသွေးကို ကျဆင်းလာစေပါတယ်။ ဒါကြောင့် သစ်တောကြီးတခုလုံးရဲ့ ပကတိအနေအထားဟာ ပြောင်းလဲသွားစေပါတယ်။

၂။ မြေသားများပျက်ဆီးစေခြင်း။

သစ်ပင်များမီးလောင်ကျွမ်းပါက ရေကိုထိမ်းသိမ်းထားနိုင်စွမ်းမရှိတော့ပါဘူး။ မြေဆီလွာကို ထိန်းထားနိုင်စွမ်းမရှိတော့တဲ့အတွက် မိုးရာသီမှာ မြေယာတိုက်စားမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်စေပါတယ်။

၃။ ရေနေရာများ ထိခိုက်ခြင်း။

စမ်းချောင်း၊ အင်းအိုင်တွေကို အပင်တွေက ထိမ်းသိမ်းထားတာပါ။ အပင်တွေ မီးလောင်ဒါဏ်ခံရတဲ့အခါမှာ ရေကိုထိန်းသိမ်းထားနိုင်စွမ်း မရှိတော့တဲ့အတွက် မိုးရာသီမှာ ရုတ်တရက်ရေကြီးခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ မီးလောင်ဒါဏ်ခံရတဲ့ အပင်တွေဟာ ရေကိုထိန်းထားနိုင်စွမ်းမရှိတဲ့အခါမှာ စမ်းချောင်းနဲ့ အင်းအိုင်တို့မှာ ရေခန်းခြောက်မှုတွေ ဖြစ်သွားစေပါတယ်။

ဓါတ်ပုံ – စိုင်းလင်းလင်းဦး

၄။ သဘာဝတောရိုင်း တိရိစ္ဆာန်နှင့် သတ္တဝါများအား ထိခိုက်ခြင်း။

တောမီးဟာ တောရိုင်းတိရိစ္ဆာန်ကြီးတွေအပါအဝင် သက်ရှိသတ္တဝါငယ်များရဲ့ အသက်ကို သတ်နေတာပါ။ သတ္တဝါတွေကို သတ်တဲ့အပြင် ၎င်းတို့ အမှီတဟဲပြုနေရတဲ့ သဘာဝအစားအစာတွေကိုပါ ဖျက်စီးစေပါတယ်။

၅။ လူနဲ့ လူသားတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်ဥစ္စာများ ပျက်စီးစေခြင်း။

တောမီးဟာလူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။
မီးခိုးငွေ့တွေဟာ လူတို့ရဲ့မျက်စိကိုနာကျင်စေပြီး မျက်စိအလုပ်လုပ်တဲ့စွမ်းအားကိုထိခိုက်စေပါတယ်။ မီးခိုးငွေ့ရဲ့ သေးငယ်တဲ့ အမှုန်အမွားတွေဟာ လူတို့ရဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ရရှိလွယ်ပါတယ်။

မျက်စိနဲ့ အသက်ရှူလမ်းကြောင်းကနေတဆင့် နောက်ဆက်တွဲ ရောဂါတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ လူတို့ရဲ့ ပိုင်ဆိုင်မှုဆိုင်ရာနဲ့ ပတ်သက်ပြီး အထူးသဖြင့် တောနဲ့နီးစပ်တဲ့ နေရာဒေသတွေမှာ မိမိတို့ အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်နေတဲ့ လယ်ယာခြံတွေကို အလွယ်တကူ ပျက်စီးစေပါတယ်။

၆။ စီးပွားရေး၊ လူမှုရေးနှင့် ခရီးသွားလုပ်ငန်းများအားထိခိုက်စေခြင်း။

တောမီးရဲ့ မီးခိုးမြူတွေဟာ လူတို့ရဲ့ မြင်တွေ့နိုင်စွမ်း ဆိုးကျိုးများပေးနေပါတယ်။ အထူးသဖြင့် ဖေဖေါ်ဝါရီလနဲ့ ဧပြီရယ်လတို့မှာဆိုရင် မြူခိုးတွေ အုံဆိုင်းတဲ့ ကာလဖြစ်ပါတယ်။

ခရီးသွားတွေရဲ့ အထင်ကရဖြစ်တဲ့နေရာတွေမှာ မီးခိုးမြူတွေ အုံဆိုင်းသွားတဲ့အတွက် ခရီးသွားများ သိသိသာသာကျဆင်းသွားနိုင်တဲ့အတွက် နိုင်ငံရဲ့ ဝင်ငွေကို ထိခိုက်စေပါတယ်။

တောမီးရဲ့ ထိခိုက်မှုဆိုးကျိုးဟာ ကမာ္ဘ့ရဲ့ ရာသီဥတုပြောင်းလဲမှုကိုပါ တက်ရောက်စေတဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုလို့လည်း မှတ်ယူရမှာပါ။ တောမီးဟာ ကျွန်တော်တို့ရဲ့ လူသားတွေနဲ့ ဝေးရာမှာ လောင်ကျွမ်းနေပေမယ့်လို့ အထက်မှာ ဖေါ်ပြထားပေးတဲ့ အချက်တွေအရ ကျနော်တို့ရဲ့ လူသားအားလုံးအပေါ် တိုက်ရိုက်ထိခိုက်နစ်နာနေပါတယ်။

ဒါကြောင့် ခုလိုနွေရာသီလို အချိန်မျိုးမှာ မီးအသုံးပြုမှုနဲ့ပတ်သက်ပြီး အထူးသတိပြုဖို့နဲ့ တောမီးအန္တရာယ်ကို ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ကြဖို့ အကြံပြုတင်ပြလိုပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ လူမှုအသိုက်အမြုံကြီး သာယာပါစေ။

spot_img
spot_img

Recent posts