spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စက်မှုဇုံအနီးဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် ဆိုင်ကယ်စီးနှင်းသူ သေဆုံးခဲ့မှု အမှုဖွင့်ခွင့်မရှိဟု ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မတ်လ ၁၈ရက်နေ့၊ လွိုင်ကော်စက်မှုဇုံအနီး လွိုင်ကော်-အောင်ပန်းသို့ ပြေးဆွဲနေသည့် ခွန်ကယားလိုင်းကားနှင့် ဆိုင်ကယ်စီးနှင်းလာသည့် ကိုအလင်းရှို(ခ)ခွန်းထက်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးနှင်းလာသည့် ကိုအလင်းရှို(ခ)ခွန်းထက်မှာ ညာဘက်နံရိုး ၅ချောင်း၊ ညာခြေ၊ ညာလက်နှင့် ဦးခေါင်းတွင်ဒဏ်ရာရရှိကာ နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူရာ မတ်လ၂ဝရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ယာဉ်ထိန်းရုံးမှ သေဆုံးသူကိုအလင်းရှို (ခ) ခွန်းထက်ကို တရားစွဲဆိုထားသည်ဟု သေဆုံးသူမိသားစုထံမှ သိရသည်။

အခင်းဖြစ်စဉ် ယာဉ်တိုက်မှုတွင်ပါဝင်သည့် ခွန်ကယားယာဉ်လိုင်းမှ တာဝန်ရှိသူများသည် ဆေးဖိုးဝါးခများတာဝန်ယူပေးမည်ဟု ဆိုခဲ့သော်လည်း ယနေ့ထိတာဝန်ယူပေးခြင်းများ တစ်စုံတစ်ခုမရှိသည့်အပြင် သေဆုံးသူကိုပါ တရားစွဲခဲ့ကြောင်း သေဆုံးသူမိသားစုက ပြောပါသည်။

“ကုန်ကျစရိတ်ကို အားလုံးပေးမယ်နော အမှုမဖွင့်နဲ့လို့ အစတိုက်တဲ့ရက်က သူပြောတယ်။ ဆေးဖိုးဝါးခပေးမယ် ဆိုတော့ ငါတို့ မဖွင့်ဘူးအဲ့လိုပြောထားတာပေါ့။ နောက်တော့ သူတို့ဘားမလုပ်ပေးဘူး။ ” အခင်းဖြစ်ပွားစဉ်တွင် တွေ့ရသည့် သက်သေကားနှင့်ဆိုင်ကယ်များကို ကြည့်ခြင်းအားဖြင့် ကားသည်ဆိုင်ကယ်နောက်မှနေ၍ တိုက်ထားသည့်နေအထားတွေ့ရကြောင်း သေဆုံးသူ၏အစ်ကိုဖြစ်သူက ပြောပြသည်။

သေဆုံးသူအတွက် နစ်နာကြေးရအောင် ရဲစခန်းတွင်အမှုဖွင့်ရန် ကြိုးစားခဲ့သော်လည်း မြို့နယ်ရဲစခန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က အမှုဖွင့်ခွင့်မပေးခဲ့ကြောင်း ၎င်းအစ်ကိုဖြစ်သူက ဆိုသည်။

“ကျွန်တော်တို့က တိုင်ခွင့်တော့မပေးနိုင်ဘူးပေါ့။ မပေးနိုင်တဲ့ အကြောင်း စာနည်းနည်းရေးပေး လက်မှတ်ထိုးပေးလိုက်ဆိုလည်း မလုပ်ပေးဘူး။ ဒါဆို ကျွန်တော်တို့ ဘယ်နား သွားတိုင်ရမလဲဆိုတော့ ကျွန်တော့်ထက် ပညာရှိတဲ့ လူ၊ အရာရှိတဲ့ လူကိုသွားတိုင်ပေါ့လို့ပြောတယ်။” ဟု သေဆုံးသူ၏အစ်ကို ကိုစိုးနိုင်က ယာဉ်ထိန်းရဲနှင့် ပြောဆိုခဲ့သည်များကို ပြန်ပြောင်းပြောပြသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး လွိုင်ကော်မြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်သာ ဆိုင်သည့်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ကိုသာ မေးမြန်းဖို့ ပြန်လည်ပြောဆိုခဲ့ပါသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံသို့ မတ်လ ၂၃ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ အမှုတွဲတာဝန်ခံမရှိသည့်အတွက် ဖြေကြားပေး၍မရကြောင်း ပြောဆိုခဲ့ပါသည်။

မတ်လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ရှိ တာဝန်ရှိသူတစ်ဦးကို ဖုန်းဖြင့် ထပ်မံဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မတ်လ ၂၆ရက်နေ့တွင် ကန္တာရဝတီတိုင်းမ်မှ ယာဉ်ထိန်းရုံးသို့ သွားရောက်မေးမြန်းရာ ̏ ၁၉၈၉ခုနှစ် မော်တော်ယာဉ်ဥပဒေ ၁၄၉(ခ)အရ ဦးစားပေးလမ်းကြီးကနေ လာတဲ့ယာဉ်နဲ့ လမ်းသွယ်ကနေ ထွက်လာတဲ့ ယာဉ် တိုက်မိတဲ့ယာဉ်တိုက်မှုမှာ လမ်းမဖက်ကလာတဲ့ယာဉ်ကို ဦးစားပေးရမှာဖြစ်တာကြောင့် သေဆုံးသူဖက်က အမှုဖွင့်ခွင့်မရှိတာပါ˝ ဟု လွိုင်ကော်မြို့နယ် ယာဉ်ထိန်းရဲရုံးဦးစီး ရဲအုပ်အောင်လွင်ဦးက ကန္တာရဝတီတိုင်းမ် သို့ ပြောကြားသည်။

သေဆုံးသူမိသားစုဖက်မှာတော့ ယခုလို အမှုဖွင့် ခွင့်မရခြင်းသည် မမျှတကြောင်းနှင့် အမှုတွင်ပါဝင်သည့် ခွန်ကယားယာဉ်လိုင်းဘက်မှ ယာဉ်တိုက်မှုတွင်ပါဝင်သည့် သက်သေခံကားကို ထုတ်ယူကာ ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောဆိုထားပါသည်။

သေဆုံးသူ ကိုအလင်းရှို(ခ)ခွန်းထက်သည် မြို့မမြောင်းအောက်ရပ်ကွက်တွင်နေထိုင်ပြီး ကျပန်းအလုပ်သမားတစ်ဦးဖြစ်ကာ ဇနီးနှင့် သားသမီး ၄ဦးရှိသည်။

spot_img
spot_img

Recent posts