spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဌာနဆိုင်ရာများက ပြည်သူ့ဝန်ဆောင်မှု အပြည့်အဝမပေးနိုင်သေးဟု လွှတ်တော်ကိုယ်စားလှယ်ပြော

Author

Date

Category

မူအက်စတာ
 
ကယားပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများသည် လက်ရှိအချိန်ထိ ပြည်သူကို အကျိုးပြုသည့် ဌာနများ မဟုတ်ကြောင်းနှင့် လူထုများက ဌာနဆိုင်ရာများကို အယုံအကြည်မရှိကြသေးကြောင်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ဝေဖန်သည်။
 
“ဌာနတွေ ရှိလာတာကတော့ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ ဌာနတွေက အလုပ်လုပ်တဲ့နေရာမှာ လူထုတွေနဲ့ ပူးပေါင်းပါဝင်တဲ့အားက မရှိသေးဘူးဖြစ်နေတယ် အခုထိပေါ့။”ဟု ဦးသဲရယ်က ပြောသည်။
 
လူထုအတွက် အကျိုးပြုနိုင်ရန်အတွက် ဖွဲ့စည်းထားသည့် ဌာနများထံ အကူအညီတောင်းခံခြင်း မရှိသည့်အပြင် အလှမ်းဝေးနေသော ဆက်ဆံရေးသည် နှစ်ဘက်အတွက် ကောင်းမွန်သည့်ရလဒ်မဟုတ်ဟု ၎င်းက အကြုံပြုသည်။
 
“ဥပမာပြောရရင် ဒီစိုက်ပျိုးရေးဌာနတွေ၊ မြေစာရင်းဌာနတွေဆိုတာက တောင်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဌာနတွေဖြစ်တယ်။ ဆိုတော့ အခုထိထိ စိုက်ပျိုးရေးဌာနကို လာချင်တဲ့တောင်သူတွေ ဘယ်နှစ်ဦးရှိပါသလဲ။ မြေစာရင်းကိုလာပြီး တောင်သူတွေပုံစံ ရ ရအောင်ဝမ်းမြောက်ဝမ်းသာစွာနဲ့ လာလုပ်တဲ့တောင်သူတွေ ဘယ်နှဦး ရှိပါသလဲ။”ဟု လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်သည်။
 
ဒီးမော့ဆိုမြို့နယ်ရှိ တောင်သူများသည် ၎င်းတို့တောင်ယာမြေများ ပုံစံရရှိရန် ယခင်နှစ်တည်းက လျှောက်ထားခြင်းများရှိသော်လည်း လက်ရှိယခုနှစ်ထက်ထိ ပုံစံများမရသေးကြောင်း ကရင်နီပြည် တောင်သူများသမဂ္ဂမှ ကိုဂျူးလီယိုက ပြောသည်။
 
“တောင်သူတွေအများကြီးပဲ အရင်နှစ်တည်းက မြေစာရင်းရုံးကိုသွားပြီးတော့ ပုံစံ(၇)ရဖို့ သွားလျှောက်တာ၊ သူတို့ဘက်ကဘာမှ အကြောင်းမပြန်တော့ သွားကြည့်တာ စာရင်းစာရွက်ထဲမှာ တစ်ခုမှမှတ်တမ်းတွေမရှိထားဘူး၊ အဲ့ဝန်ထမ်းက ပြောင်းသွားပြီလို့ပဲ ပြောတယ်။” ဟု ကိုဂျူးလီယိုကပြောသည်။
 
လက်ရှိ အစိုးရသစ်ပြောင်းလဲသော်လည်း ဌာနဆိုင်ရာများမှ ယခင်ကလိုပင် မျက်နှာကြီးငယ်လုပ်နေသေးကြောင်း ကိုဒီးဒီက ဆိုသည်။
 
ကိုဒီးဒီက“ဌာနဆိုင်ရာကတော့ အရင်အတိုင်းပဲ။ မျက်နှာကြီးရာ ဟင်းဖတ်ပါပေါ့။ ဩဇာကြီးတဲ့သူတွေ နောက်ပြီးတော့ သူတို့အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူတွေ၊ ကြောက်ရတဲ့လူတွေဆိုရင် တစ်မျိုးပေါ့နော၊ သာမန်ပြည်သူတွေ နောက်ပြီးသူတို့မကြောက်တဲ့သူတွေ၊ သူတို့ကို အန္တရာယ်မပြုနိုင်တဲ့သူတွေ အဲ့လိုလူဆိုရင် သူတို့က အရင်အတိုင်းပါပဲ အရေးတယူရှိတာတွေ မတွေ့ရသေးဘူး။” ဟု ၎င်းကပြောသည်။
 
ဌာနဆိုင်ရာဝန်ထမ်းများသည် အစိုးရဝန်ထမ်းဟု မိမိကိုယ်ကိုမသတ်မှတ်ဘဲ ပြည်သူ့ဝန်ထမ်းအဖြစ် သတ်မှတ်ရန်လိုကြောင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကို အစိုးရသိစေရန်အတွက် လုပ်ဆောင်သင့်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
 
အချို့ ဝန်ထမ်းများမှာ အလုပ်အကိုင်ရရှိရန်အတွက်နှင့် အစိုးရလစာအတွက်သာ အစိုးရဝန်ထမ်းအဖြစ် လျှောက်ထားလိုက်ကြသည်။ တောင်သူများနှင့်ဆိုင်သည့် ဌာနသည် တောင်သူများက အားကိုးအားထားရလောက်သည့် လုပ်ဆောင်မှုမျိုး လုပ်ရန်လိုအပ်သည်။
 
လူထုနှင့် တရင်းတနှီးရှိရန်လိုအပ်သည်။ လက်ရှိတွင် ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုတွင်ပင် မပြေလည်သေးခြင်းက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအားကောင်းရေးသည် အလှမ်းဝေးနေသေးသည်။ လူထုနှင့် တိုက်ရိုက်ထိတွေ့နေသည့် ဌာနဆိုင်ရာများသည်လည်း လက်ရှိ၎င်းတို့လုပ်ဆောင်ချက်သည် အောင်မြင်မှု ရှိ မရှိ ပြန်လည် သုံးသပ်သင့်ပြီဟုလည်း အတော်များများ အကြုံပြုထားကြသည်။
 
ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးခင်မောင်ဦးက တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အခက်အခဲရှိပါက ၎င်းတို့ဌာနသို့ အချိန်မရွေး အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။
 
တောင်သူများသို့ ၎င်းတို့ဌာနကို အသိပညာပေးဟောပြောပွဲများလုပ်စေရန် အချိန်မရွေးဖိတ်ရန်အတွက် ၎င်းက ဖိတ်ခေါ်ခဲ့သည်။
spot_img
spot_img

Recent posts