spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တစ်ရက်လျှင် ကျပ်သုံးသိန်းအရှုံးပေါ်နေသည့် လွိုင်ကော် မီးရထားရပ်နားဖွယ်ရှိနေ

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ် လွိုင်ကော်မြို့မှ သာစည် ဘူတာသို့ ပြေးဆွဲနေသောမီးရထားမှာ တစ်ရက်လျှင် ကျပ်သုံးသိန်းခန့် အရှုံးပေါ်နေသောကြောင့် ရပ်နားရန်အခြေအနေရှိသည်ဟု လွိုင်ကော်ဘူတာရုံမှ ဒုတိယရုံပိုင် ဦးမင်းမင်းဦးက ပြောသည်။
“လက်ရှိမှာ အရှုံးပေါ်နေလို့ ရပ်လိုက်ဖို့အခြေအနေရှိတယ်။ တစ်ရက်တစ်ရက်ကို သုံးသိန်းလောက်ရှုံးတယ်။ ပြည်နယ်အစိုးရက ခွင့်ပြုရင် ဖြုတ်ဖို့ရှိတယ် ” ဟု ၎င်းကပြောသည်။
သာစည်အထိသာရောက်သည့် အမှတ် (၁၄၈)အစုံ လွိုင်ကော်- သာစည်မီးရထားသည် သွားလာသည့် ခရီးသည် မရှိတော့သဖြင့် အရှုံးပေါ်နေရခြင်းဖြစ်သည်။
“ ခရီးသည်တွေကမရှိဘူး။ တစ်ရက်ကို သုံးယောက်နှုန်းလောက်တောင်မရှိဘူး။ လမ်းစရိတ်ပြတ်တဲ့သူတွေပဲ လာစီးတယ် ”ဟု ဦးမင်းမင်းဦးကပြောသည်။
ပြည်နယ်အစိုးရအနေနှင့် ရပ်ရန်ခွင့်ပြုပါက ရုံးချုပ်အနေနှင့် ရပ်စဲထားရန်ရှိသော်လည်း ဝန်ထမ်းများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် စက်ပစ္စည်းအင်္ဂါရပ်နှင့်အညီရှိစေရန်အတွက် မီးရထားရှိသင့်သည်ဟု ဦးမင်းမင်းက ဆိုပြန်သည်။
ကားဖြင့်ခရီးသွားလျှင်ဝန်ဆောင်မှုကောင်းပြီး လမ်းခရီးကို ချက်ချင်းရောက်နိုင်သော်လည်း ရထားဖြင့်ခရီးသွားပါက လမ်းခရီးကြာပြီး လိုရာလမ်းခရီးကို ချက်ချင်းမရောက်နိုင်သဖြင့် ဘူတာတွင် လူပါးရခြင်းဖြစ်သည်ဟု ခရီးသွား ဒေသခံများထံမှ သိရသည်။
လွိုင်ကော်-သာစည်ကို ရထားစရိတ် (၂၃၀၀)ကျပ်ဖြစ်ပြီး နံနက်ငါးနာရီထွက်ကာ သာစည်သို့ ညအချိန်ဆိုက်ပြီး တစ်နေ့တစ်ကြိမ်ပုံမှန်ပြေးဆွဲပေးနေခြင်းဖြစ်သည်။
ယခင်က ဈေးရောင်းခရီးသည်များသည် ပွဲရောင်းရန် တစ်နေရာနှင့် တစ်နေရာသို့ ရထားဖြင့် ခရီးကူးကြသော်လည်း အခုချိန်တွင် ဈေးရောင်းခရီးသည်များလည်း မရှိတော့ကြောင်းသိရသည်။
ကယားပြည်နယ်အတွင်းရှိ မီးရထားလမ်းများမှာ အရေအသွေး စိတ်မချရခြင်း၊ ရထားစီးလျှင် အချိန်ကြာလွန်းခြင်း စသည့်အချက်များကြောင့် မစီးဖြစ်ကြကြောင်း ခရီးသည်များ ပြောသည်။

spot_img
spot_img

Recent posts