spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တရားမဝင် သေနတ်သယ်ဆောင်မှု နောက်ဆက်တွဲ စပ်ဆက်ပစ္စည်းများ လွိုင်ကော်တွင် ထပ်မံဖမ်းမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

သာစည်မြို့နယ်တွင် လွိုင်ကော်မှ မန္တလေးသို့ တရားမဝင်သေနတ်သယ်ဆောင်မှု၏ နောက်ဆက်တွဲကွင်းဆက်တရာခံများနှင့် စပ်ဆက်ပစ္စည်းများကို လွိုင်ကော်မြို့ရှိ နေရာနှစ်နေရာတွင် ထပ်မံဖမ်ဆီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာစည်မြို့တွင် ဖမ်းဆီးရရှိခဲ့သော သေနတ် ၂၂ လက်၏ ကွင်းဆက် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ကွင်းဆက်တရားခံဖြစ်သော လွိုင်ကော်မြို့ရှိ ပန်ကန်းကျေးရွာအုပ်စု၊ စိုက်ကွင်း(၃)ကျေးရွာနေ ဦးဒါးရယ်၏ နေအိမ်သို့ မော်တော်ယာဉ်တစ်စီးသည် ဇူလိုင်လ ၂ဝ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်က မသင်္ကာဖွယ် ဝင်ရောက်သွားကြောင်း တွေ့ရှိရသဖြင့် အဆိုပါနေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

နေအိမ်သို့ ဝင်ရောက်ရှာဖွေသော်လည်း ကွင်းဆက်တရာခံဖြစ်သူ ဦးဒါးရယ်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဦးစာကို တွေ့ရှိခဲ့သည်။ နေအိမ်အတွင်းသို့ရာဖွေရာတွင် အပေါ်ထပ်တက်သည့် လှေခါးအောက်တွင် သံသေတ္တာအတွင်းမှ ခဲယမ်းများ၊ နင်းမိုင်းများ၊ လက်ပစ်ဗုံးများ၊ ကျည်အိမ်များ၊တပ်ရင်းအသုံးအဆောင်များအားလည်းကောင်း၊ ငွေသား ကျပ်သိန်း ၈၉ သိန်းကျော်နှင့် လက်ကိုင်ဖုန်း ၂ လုံးနှင့် နေအိမ်ရှေ့ ကားဂိုဒေါင်အတွင်းမှ မော်တော်ကား ၁ စီးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။

ထို့အပြင် အဆိုပါ သေတ္တာအတွင်းမှ ပလပ်စတစ်အကြည်ရောင် အပိုင်းအစဖြင့် ထုပ်ပိုးသော ဘိန်းဆီဟုယူဆရသော အမဲရောင်အစေးအခဲ ၃ ဂရမ်ပါ အထုတ် ၁ ထုတ်ကို ထပ်မံတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်ဦးစာကို (အသက် ၃၂)ကို မယ(ပ)၂၇/၂၀၁ရနှင့် မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အမှုဖြင့် ဖမ်းဆီးထားရှိကာ အရေးယူဆောင်ရွက်နေသည်။ ဦးဒါးရယ် (အသက် ၄၀)မှာ ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

သေနတ်များဝယ်ယူရာတွင် အဓိက တရားခံဖြစ်သော ဦးဒါးရယ်သည် ကလလတ(ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး)မှ တပ်ခွဲအဆင့်ဖြစ်သူဖြစ်ဟု ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ အတည်ပြုထားသည်။ သို့သော်လည်း ဦးဒါးရယ်သည် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော နယ်ခြားစောင့်တပ် ခစတ(၁၀၀၄/၁၀၀၅)တပ်၏ တပ်ဖွဲ့ဝင်မဟုတ်ကြောင်း ပြည်သူ့စစ်များကွပ်ကွဲရေးမှူး ဦးထွန်းကျော်က တာဝန်ရှိသူများထံ အတည်ပြုထွက်ဆိုထားသည်။

ထို့အပြင် သာစည်တွင် ဖမ်းဆီးခဲ့သော နေစိုးထွေးမင်း၏ လွိုင်ကော်မြို့ရှိ ၎င်း၏နေအိမ်အား ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဖမ်းဝရမ်းအမှတ် (၇/၂၀၁၇)ဖြင့် ဝင်ရောက် ရှာဖွေရာတွင် SOD တံဆိပ်ပါ ဒီတိုနေတာ တစ်ထုပ်လျှင်(၅၀၀)ခုပါ (၂၆) ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် (၉၀)ကျပ်သားပါ (၆၀)ထုပ် နှင့် ငွေသား ကျပ်(၁၄၀)သိန်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ည ၁ဝ နာရီအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က သက်သေများနှင့်အတူ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့ သွားရန်ရောက်ရှိလာသော နေစိုးထွေးမင်း(ခ)ကိုစိုင်း၊ ၄၄ နှစ်၊ (ဖ) ဦးစိုးထွေး၊ မင်္ဂလာ ရပ်ကွက် လွိုင်ကော်မြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇနီးဖြစ်သူ မမြတ်ဆုနှင်း၊ ၄၆ နှစ်၊ (ဖ) ဦးကျော်လှ(လိပ်စာတူ)သူတို့ လိုက်ပါစီးနင်းလာသော ယာဉ်အမှတ် 2D/5608 မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်းအတွင်းမှ အဖြူရောင် ဆာလာအိတ်အတွင်း မွေ့ယာဖြင့်ပတ်ထားပြီး သိုဝှက်သယ်ဆောင်လာသော HK-33 မောင်းပြန်ရိုင်ဖယ် ၂ဝ လက် (ကျည်အိမ်ပါ)နှင့် AK-47 မောင်းပြန်ရိုင်ဖယ် (၂)လက် (ကျည်အိမ်မပါ) သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

နေစိုးထွေးမင်းနှင့်ဇနီးဖြစ်သူတို့အား စစ်ဆေးရာ မန္တလေးမြို့အောင်မြေ သာစံမြို့နယ် အင်းလေးတည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း(ခ)မောရာ၊ ၄၅ နှစ်၊ ကလေးမြို့ တာဟန်းရပ်ကွက်နေသူထံ ပို့ဆောင်ခငွေကျပ်(၁၅)သိန်းဖြင့် ပို့ဆောင်ရန် သယ်ဆောင် လာခြင်းဖြစ်ကြောင်း သိရပြီး ကျုံလျန်ဆန်း(ခ)မောရာအား ဇူလိုင်လ ၂ဝ ရက်နေ့ မနက် တွင် အင်းလေးတည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့်လက်နက်များအား ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနို်င်ငံအတွင်းသို့ သယ်ဆောင် လာခြင်းဖြစ်ပြီး ၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်သယ်ယူခဲ့ပြီး ယခုဖမ်းဆီးရမိသည့်အကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

 

spot_img
spot_img

Recent posts