spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားတို့၏ စစ်မှန်သော အခွင့်အရေးဆိုသည်မှာ

Author

Date

Category

ဘိုထီး (ငွေတောင်ပြည်)ရေးသားသည်။

တိုင်းရင်းသားတို့၏ စစ်မှန်သော အခွင့်အရေးဆိုတာ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြတဲ့ ပြည်နယ်ဒေသ တစ်ခုလုံးရဲ့ အခွင့်အရေးကို ဆိုလိုတာ ဖြစ်ပါတယ်။ လူမျိုးတစ်စု၊ အဖွဲ့အစည်း တစ်ခု အခွင့်အရေးကို ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး ဆုံးရှုံးတာဟာ ပြည်နယ်ဒေသ တစ်ခုလုံးရဲ့ အခွင့်အရေး ဆုံးရှုံးလို့ပဲ ဖြစ်ပါတယ်။

အချို့တိုင်းရင်းသား လူမျိုးစုတွေဟာ လူဦးရေ အနည်းငယ်သာ ရှိပေမဲ့ လူမျိုးစု အခွင့်အရေးထက် ဒေသအခွင့်အရေးကိုသာ ဦးစားပေးတာကြောင့် သူတို့ နေထိုင်တဲ့ ဒေသက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာခဲ့တာပါ။ အချို့ တိုင်းရင်းသား လူမျိုးစုတွေဟာ လူဦးရေ များပြားပေမဲ့ ဒေသအခွင့်အရေးထက် လူမျိုးစု အခွင့်အရေးကိုသာ ဦးစားပေးတာကြောင့် သူတို့နေထိုင်တဲ့ ဒေသက ဒီနေ့ဒီချိန်ထိ ကိုယ်ပိုင် အုပ်ခွင့်ရဒေသ ဖြစ်မလာခဲ့ပါဘူး။

မနေ့တစ်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပြဿနာဟာ အခုဆိုရင် တာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်တိုင်းရင်းသားတွေဟာ ဒေသတစ်ခုလုံးရဲ့ အခွင့်အရေးကို အမှန်တကယ် လိုလားတဲ့ လူမျိုးစုတွေ ဖြစ်ကြတယ် မဟုတ်ပါလား။

ကယားပြည်နယ်နှင့် ကချင်ပြည်မှာ ဖြစ်ပေါ်တဲ့ ဒုက္ခသည် ပြဿနာဟာ ဆယ်စု နှစ်နီးပါးကြာခဲ့ပြီ ဖြစ်ပေမယ့် ဒီနေ့အချိန်ထိ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ မပြုလုပ်နိုင်ခဲ့တာ ဘာကြောင့်ပါလဲ။ အဓိက အကြောင်းအရင်းကတော့ ပြည်နယ်အတွင်း တိုင်းရင်းသား အဖွဲ့အစည်းတွေများပြားသလောက် ပြည်နယ်ကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ နည်းပါးလိုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ့်အဖွဲ့အစည်းထက် ကိုယ့်ဒေအကျိုးကိုသာ ဦးစားပေးတဲ့ ပထမဆုံး အဖွဲ့အစည်းဟာ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲဝင်  ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်နိုင်ငံလုံး အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းခဲ့သလို သခင်မြ၊ မန်းဘခိုင် နှင့် ဒီဒုတ်ဦးဘချိုတို့ သုံးဦးဟာ ဧရာဝတီတိုင်း တစ်ခုလုံး အခွင့်အရေး ရရှိအောင် ကြိုးပမ်းခဲ့ကြပါတယ်။ ဦးဘဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုဖြစ်ခဲ့ပါတယ်။ ဦးဘဝင်းနဲ့ ဦးအုန်းမောင်တို့ နှစ်ဦးဟာ မကွေးတိုင်း တစ်ခုလုံး အခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

ဦးရာဇတ်ဟာ ရဲဘော်ကိုထွေး နှင့်အတူ လက်တွဲပြီး မန္တလေး တိုင်းရင်း တစ်ခုလုံး အခွင့်အရေး ရရှိ အောင်ကြိုးပမ်းတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ မိုင်းပွန် စော်ဘွား စပ်စံထွန်းဟာ ရှမ်းပြည်နယ် တစ်လုံး အခွင့်အရေး ရရှိအောင် ကြိုးပမ်းနေတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးအားလုံး ဒီနေ့ဒီချိန်ထိ စစ်မှန်တဲ့ အခွင့်အရေး မရရှိတာဟာ ဒေသအားလုံး အခွင့်အရေး ရရှိအောင် ကြိုပမ်းနေတဲ့ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်များ အသက်ရှင် ကျန်ရစ်နေခြင်း မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ဟာ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အခွင့်အရေး ရရှိအောင် လုပ်ဆောင်ခြင်းလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံသားတို်င်း အခွင့်အရေးရရှိဖို့ဆိုရင် ပြည်နယ်ဒေသ အားလုံး အခွင့်အရေး ရရှိ်ဖို့ အရေးကြီးပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေးသမား တစ်ဦးဟာ ရပ်ကွက်သူ၊ ရပ်ကွက်သားက သူ့ကို အမြဲ အားကိုးအားထားပြုရတဲ့ ပုဂ္ဂိုလ်တွေ ကြပါတယ်။

ရပ်ကွက်သူ၊ ရပ်ကွက်သားရဲ့ အားကိုးအားထားမှုကို တကြိမ်တစ်ခါမျှ မရရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ရွေးကောက်ပွဲ တစ်ခုုခုမှာ ဘယ်လောက်ပဲ အနိုင်ရပါစေ။ ဒါဟာ စစ်မှန်တဲ့ နိုင်ငံရေး သမားတစ်ဦး လို့သတ်မှတ်လို့ မရပါဘူး။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပြီးမှာ ပြည်သူကို အကျိုးပြုတဲ့ နိုင်ငံရေး ခေါင်းဆောင်များ ပေါ်ထွက်လာလိမ့်မယ်လို့ မျော်မှန်းထားပေမဲ့ လက်တွေ့မှာ မှန်းချက်နှင့် နှမ်းထွက် လွဲနေတာကြောင့် မြန်မာ့ ဒီမိုကရေစီ ခရီးလမ်းက သောင်မတင် ရေမကျ ဖြစ်ခဲ့ရတာပါ။

လွှတ်တော်ရဲ့ အခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတယ်ဆိုတဲ့ လေသံတွေ၊ ပြောဆိုသံတွေ မကြာခဏ ကြားနေရပါတယ်။ အဲဒီပြောဆိုသံတွေဟာ တိုုင်းရင်းသား အခွင့်အရေးအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသား အခွင့်အရေးအတွက် နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတာဟာ လွှတ်တော်ရဲ့ အခန်းကဏ္ဍထက်ပိုပြီး အရေးပါနေလို့ပဲ ဖြစ်ကြပါတယ်။ ကရင်ပြည်နယ် တစ်ခုလုံး အခွင့်အရေး ရရှိအောင် ကြိုးပမ်း လုပ်ဆောင်နေတဲ့ ကရင်ပြည်နယ် ဝန်ကြီးဝန်ချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်တဲ့ အချိန်ကျမှ ကရင်ပြည်နယ် အခွင့်အရေး ရရှိအောင် လုပ်ဆောင်နေတာမှ မဟုတ်တာ။ ဝန်ကြီးချုပ် တာဝန်မထမ်းဆောင်ခင် လေး၊ ငါး ဆယ်နှစ်ကတည်းက ကရင်ပြည်နယ် အခွင့်အရေး ရရှိအောင် လုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသား အမျိုးသမီးနိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့တာပါ။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒေါ်နန်းခင်ထွေးမြင့်ရဲ့ စိတ်ဓာတ်ဟာ တိုင်းရင်းသား ဒေသရဲ့ အခွင့်အရေးကို အမှန်တကယ် လိုလားတဲ့ စိတ်ဓာတ် အပြည့်အဝရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံး တိုင်းရင်းသား အမျိုးသမီးဝန်ကြီးတစ်ဦး ဖြစ်လာခဲ့တာပါ။

လူတွေဟာ ကိုယ့်ရဲ့ပုံ ကိုယ်တိုင်မြင်နိုင်ဖို့  ကြည့်မှန်ကို အသုံးပြုကြပါတယ်။ တစ်ပါးသူက ကိုယ့်ကို အထင်ကြီးလာအောင်၊ ပိုပြီး စိတ်ဝင်စားလာအောင်ဆိုနဲ့ ရည်ရွယ်ချက်နဲ့ ကြည့်မှန်ကို အသုံးပြုမယ်ဆိုရင် အဲဒီကြည့်မှန်ဟာ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ ကြည့်မှန်တစ်ချပ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ပါးသူက ကိုယ့်ကို ပိုပြီးယုံကြည်လာအောင်၊ ကိုယ်ကိုပိုပြီး အားကိုးချင်စိတ်ရှိလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြည့်မှန်ကို အသုံးပြုမယ်ဆိုရင် အဲဒီကြည့်မှန်ဟာ ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကြည့်မှန် တစ်ချပ် ဖြစ်လာမှာ သေချာပါတယ်။

ပြည်နယ် ဒေသအတွင်းမှာ တန်ဖိုးရှိတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ဆိုရင် ပြည်နယ် အခွင့်အရေးရရှိဖို့ ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ လိုသလို ပြည်နယ်တစ်ခုလုံးကို အမှန်တကယ် ကိုယ်စားပြုတဲ့ အခွင့်အစည်းတစ်ခု ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း တိုင်းရင်းသားအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရေရှည်တည်တံ့ ခိုင်မြဲမယ့် အဖွဲ့အစည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ကယားပြည်နယ်ဟာ တစ်ချိန်က ကရင်နီပြည် တစ်ခုဖြစ်ခဲ့ပါတယ်။ ကရင်နီပြည်ဆိုတဲ့ နာမည်ဖြစ်ပြီး ကယားပြည်နယ်ဆိုတဲ့ နာမည်ဟာ မြန်မာအစိုးရက အသိအမှတ်ပြုတဲ့ နာမည်ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးတာဟာ ပြည်နယ်ရဲ့ နာမည်ကို အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။ ပြည်နယ် အပေါ်မှာ ထားရှိတဲ့ စေတနာ စိတ်အနည်းအများပေါ်မှာ မူတည်ပါတယ်။

ပြည်နယ်နာမည်ကို အသိအမှတ်ပြုတဲ့အခါမှာ အသုံးပြုတဲ့ စကားလုံးက ဘယ်လောက်ပဲ လှပနေပါစေ၊ ပြည်နယ်အပေါ်မှာ စေတနာ စိတ်မရှိဘူးဆိုရင် စစ်မှန်တဲ့ အခွင့်အရေး ဘယ်တော့မှ ရရှိမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားများ အခွင့်အရေး ဆုံးရှုံးရခြင်း အဓိက အကြောင်းရင်းအချို့ကို တင်ပြရမယ်ဆိုရင် ပြည်နယ်သံယံဇာတရဲ့ အကျိုးအမြတ်ကို ပိုင်ဆိုင်လိုကြပေမယ့် သံယံဇာတ ပျက်စီးဆုံးရှုံးခြင်းမရှ်ိအောင် အတူတကွ ဝိုင်းဝန်းထိန်းသိမ်းလို စိတ်မရှိခြင်း၊ ပြည်နယ် အကျိုးထက် ကိုယ့်အဖွဲ့အစည်း အကျိုးကိုသာ ဦးစားပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

စစ်မှန်တဲ့ အခွင့်အရေးရရှိဖို့အတွက် တိုင်းရင်းသားများ အားလုံး ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး ၊ ဒီဒေသ အကျိုးကို သစ္စာရှိရှိနဲ့ အတူတကွ လုပ်ဆောင်နိုင်ကြပါစေ။

spot_img
spot_img

Recent posts