spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားအခွင့်အရေးတိုးတက်မှု ပထမခြေလှမ်းသာရှိသေးဟု တိုင်းရင်းသားရေးရာဝန်ကြီးဆို

Author

Date

Category

နော်ဒွေးအယ်ခူ

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ခြင်းအားဖြင့် တိုင်းရင်းသားများ ထပ်မံအခွင့်အရေးများရရှိနိုင်ရန် ပထမခြေလှမ်းသာဖြစ်သေးကြောင်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ပြောသည်။

“ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးဟာ ကျွန်တော်တို့လုပ်နိုင်ရင်လုပ်နိုင်သလောက်၊ တိုင်းရင်းသားတွေ ကြိုးစားရင် ကြိုးစားနိုင်သလောက် အခွင့်အရေးရပါမယ်။ ဒီလိုပဲ ကျွန်တော်ခံယူထားတာပေါ့”ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲကို ဇွန်လ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ကယန်းတိုင်းရင်းသားတွေအနေနဲ့ ပိုပြီးတော့ တိုးတက်ဖို့မျှော်လင့်ချက်ရှိပါတယ်။ ဘယ်လိုရှိလဲဆိုတော့ အရင်က ဒါမျိုးတွေကို လိုချင်လည်းမရဘူးပေါ့။အခုတက်လာတဲ့အစိုးရက ဦးစားပေးပြီးတော့ ကယားပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားတွေအတွက်ကို စုစုစည်းစည်း တစ်နေရာတည်း ထားပေးတဲ့အတွက် ကျွန်တော်အင်မတန်မှ အားရဝမ်းသာမိပါတယ်။”ဟု ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူက ပြောသည်။

ကိုယ်ရိုးရာ၊ ကိုယ့်စာပေကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ရောင်စုံပန်းအိုးလေးတစ်အိုး ဖြစ်လာနိုင်ရန် မျှော်လင့်ထားကြောင်း ၎င်းကဆက်ပြောသည်။

တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အတွင်းရေးမှူး ဦးညွှန့်ရယ်က ဆိုသည်။

“ကျွန်တော်အနေနဲ့ ဒီရုံးကို နိုင်ငံတော်အစိုးရက ကျွန်တော်တို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမယ်။ လုပ်ငန်းတွေကိုလည်း တိုင်ပင်ညှိနှိုင်းမယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တင်ပြဖို့တော့ ဒီရုံးကနေတဆင့် ဆောင်ရွက်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားလူမျိုးများအနေဖြင့် ပူးပေါင်းပြီး ယုံကြည်မှုတွေဖြင့် တည်ဆောက်ကြမှ အမှန်တကယ်လိုလားတောင့်တနေသည့် စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့်နေရာတွင် အင်အားတစ်ခုကို ဖြစ်စေမည်ဖြစ်ကြောင်းနှင့် အသိစိတ်ဓာတ်များဖြင့် လက်တွဲပူးပေါင်းကြရန် ညွှန်ကြားရေးမှူးရုံး၊ အဆောက်အအုံသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက တိုက်တွန်းပြောကြားခဲ့သည်။

“တစ်ဦးနဲ့တစ်ဦး၊ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုး အမှီသဟဲပြုပြီး အပြန်အလှန်လေးစားတန်ဖိုးထားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အနေအထားတွေကို မဖြစ်မနေဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့်လည်း တိုင်းရင်းသားများ၏ လိုလားချက်၊ လိုအပ်ချက်၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်း အစရှိသည့် အခန်းကဏ္ဍများကို ဖော်ဆောင်သည့်နေရာတွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့် နည်းလမ်းမှန်သွားနိုင်ရန်အတွက်ကို ကြပ်မတ်ပေးရန် ညွန်ကြားခဲ့သည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် (၆)ခန်းတွဲ အဆောက်အအုံသစ်ကို ဆောက်လုပ်ရန် ထည့်သွင်းလျာထားကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံးကို လွိုင်ကော်မြို့လယ်၊ နောင်ယားကန်အနီးတွင် တည်ဆောက်ထားပြီး ကျပ်သိန်းပေါင်း ၃၁၀ဝ ခန့် သုံးစွဲထားကြောင်းသိရသည်။

ကယား၊ကယန်း၊ ကယော၊ ဂေဘား၊ ယင်းတလဲ(ပြန်တလိုင်)၊ မနုမနော(ကော်ယော်)၊ ရှမ်း၊ ကရင်၊ ဗမာ၊ ပအိုဝ်း စသည့်တိုင်းရင်းသားများသည် ကယားပြည်နယ် နေရာအနှံ့အပြားတွင် စုပေါင်းနေထိုင်သည်။

 

spot_img
spot_img

Recent posts