spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပုလဲရတုပေါ်က ပြည်သူတို့၏ ဆုတောင်းသံ

Author

Date

Category

ဘိုထီး(ငွေတောင်ပြည်) ရေးသားသည်။

ရှစ်လေးလုံးကနေပေါက်ဖွားလာတဲ့ မြန်မာ့ဒီမိုကရေစီခရီးဟာ နှစ်(၃ဝ﴿တိုင် ရောက်ရှိခဲ့ပြီဖြစ်ပေမဲ့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ်တစ်ခု မရောက်ရှိသေးပါဘူး။ ဒီလိုဖြစ်ရတာဟာ ၂ဝဝ၈ အခြေခံဥပဒေကြောင့် ဖြစ်ရတယ်လို့ လူတော်တော်များများက ထင်မြင်ယူဆနေကြပါတယ်။ ၂ဝဝ၈အခြေခံဥပဒေဟာ မြန်မာ့တပ်မတော် အကြီးအကဲတွေက ဦးဆောင်ပြီးရေးဆွဲထားတဲ့ ဥပဒေတစ်ခုဖြစ်တယ်ဆိုတာ မှန်ပေမဲ့ အခြေခံဥပဒေရေးဆွဲရတဲ့ အခြေအနေအထိ ရောက်ရလောက်အောင် လှုံ့ဆော်ဖန်တီးတဲ့သူဟာ မြန်မာ့တပ်မတော်သားမဟုတ်ခဲ့ပါဘူး။ အကယ်၍ အခြေခံဥပဒေရေးဆွဲရတဲ့ အခြေအနေအထိ ရောက်ရလောက်အောင် လှုံ့ဆော်ဖန်တီးခဲ့တဲ့သူဟာ မြန်မာ့တပ်မတော်သား ဖြစ်ခဲ့မယ်ဆိုရင် ၁၉၉ဝပြည့်နှစ်ကတည်းက မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် လက်နက်အသုံးပြုပြီး အာဏာသိမ်းတဲ့ပြဿနာကို ဖြေရှင်းတာထက် ဘာလက်နက်မှမပါဘဲ အာဏာရယူဖို့ ကြိုးစားနေတဲ့ ပြဿနာကို ဖြေရှင်းတာ ပိုပြီးခက်ခဲနေလို့ပဲ ဖြစ်ပါတယ်။

ဒီနေ့ဒီအချိန်ထိ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းလို့မရနိုင်တာဟာ ဘာလက်နက်မှမပါဘဲ ကြိုးစားတဲ့သူ အချို့သာရှိနေတာကြောင့် ဖြစ်တယ်။ ၈၈ အရေးတော်ပုံဟာ လူတန်းစားပေါင်းစုံပါဝင်လာတဲ့ အရေးတော်ပုံတစ်ခုဖြစ်ပေမဲ့ တကယ်တော့ ကျောင်းသားခေါင်းဆောင်တွေကသာ စစ်မှန်တဲ့ ဒီမိုကရေစီလိုလားပြီး ကျောင်းသားခေါင်းဆောင်မဟုတ်တဲ့ အခြားခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီရရှိရေးကို အဟန့်အတားဖြစ်စေတာကြောင့် မြန်မာ့တပ်မတော်အာဏာသိမ်းမှု ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ အောင်မြင်မှုရရှိတဲ့ ဖိလိပိုင်နဲ့ အင်ဒိုနီးရှားရဲ့ အရေးတော်ပုံလှုပ်ရှားမှုဟာ ၈၈ အရေးတော်ပုံရဲ့ နောက်မှ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ၈၈အရေးတော်ပုံ မအောင်မြင်ခြင်းရဲ့ အဓိကအကြောင်းအရင်း အချို့ကတော့ အခြေခံမတူတဲ့ အုပ်စုတွေနဲ့ ပေါင်းစပ်ထားတဲ့ အရေးတော်ပုံဖြစ်ခြင်း၊ အုပ်စုအချင်းချင်းကြားသံသယပေါ်ပေါက်လာခြင်း၊ ဆန္ဒပြနေ့ရက်တွေ မကြာသင့်ပဲကြာလာခြင်းတို့ပဲ ဖြစ်ပါတယ်။

၁၉၉ဝအထွေထွေရွေးကောက်ပွဲမှာ ကျောင်းသားခေါင်းဆောင်တွေ ဝင်ရောက်ပြီး အရွေးမခံတာဟာ ၂၀၀၈အခြေခံဥပဒေ ပေါ်ပေါက်လာရခြင်းရဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရေးတော်ပုံဆန္ဒပြပွဲတုန်းက သပိတ်ခေါင်းဆောင်နှင့် မြန်မာ့တပ်မတော်ကြား ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ကြားဝင်ဖြန်ဖြေခဲ့တာပဲမဟုတ်လား။ ၁၉၉ဝခုနှစ်ကစပြီး ၂၀၁၅ခုနှစ်ထိ မြန်မာ့ဒီမိုကရေစီ လေလှိုင်းသံတွေဟာ မိုးမြင့်ထက်ထိ ကျယ်လောင်ပေမဲ့ အဲ့ဒီလေလှိုင်းသံတွေဟာ ၂၀၁၆ခုနှစ်၊ ဧပြီလ ၁ရက်နေ့ကနေစပြီး တဖြည်းဖြည်းတိုးလာတာကို ကြားသိရပါတယ်။ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီလမ်းတစ်လျှောက်မှာ နိုင်ငံရေးခေါင်းဆောင်များရဲ့ ပါဝင်ခြင်းမရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားတော့မယ်ဆိုရင် ခရီးလမ်းဟာ ရိုးသားပြီးမှန်ကန်တဲ့ ခရီးလမ်းတစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။

မြန်မာ့ဒီမိုကရေစီအခန်းကဏ္ဍမှာ နိုင်ငံရေးသမားများဖြစ်ကြတဲ့ ကျောင်းသားခေါင်းဆောင်များရဲ့ အခန်းကဏ္ဍပါဝင်နိုင်ခြင်းမရှိသမျှ ကာလပတ်လုံး မြန်မာ့ဒီမိုကရေစီခရီးလမ်းဟာ ရိုးသားပြီးမှန်ကန်တဲ့ ခရီးတစ်ခုဖြစ်လာမှာ မဟုတ်သလို ၂၀၀၈ အခြေခံဥပဒေကို လည်း ပြင်ဆင်လို့ရမှာ မဟုတ်ပါဘူး။ မြန်မာ့ဒီမိုကရေစီခရီးက နှစ်(၃၀)တိုင်ခဲ့ပြီဖြစ်ပေမဲ့ ထူးခြားပြောင်းလဲမှု မရှိတာဟာ ခရီးကိုဦးဆောင်တဲ့ ခေါင်းဆောင်ထဲမှာ နို်င်ငံရေးသမားများ ပါဝင်ခြင်းမရှိလို့ပဲဖြစ်ပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးလှုပ်ရှားတဲ့အခါတိုင်း ပရဟိတလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများနှင့်တွဲပြီး လှုပ်ရှားတဲ့ပုဂ္ဂိုလ်ကို အဓိကဆိုလိုတာပဲဖြစ်ပါတယ်။ အချို့လူတွေက လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံရေးသမားများဖြစ်ကြတယ်လို့ ထင်မြင်ယူဆကြပါတယ်။ အဲ့ဒီထင်မြင်ယူဆချက်ဟာ မှန်ကန်တဲ့ ထင်မြင်ယူဆချက်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူလိုအပ်တာတွေကို အစိုးရဆီကတစ်ဆင့် တောင်းဆိုပေးတဲ့တာဝန်သာ လုပ်ဆောင်နိုင်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်နိုင်ခြင်း မရှိလို့ပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ နိုင်ငံရေးသမားများကသာ လုပ်ဆောင်နိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်တဲ့ ကိစ္စဟာ နိုင်ငံရေးသမားလူငယ်ခေါင်းဆောင်များလည်းပဲ အမှန်တရားကို ထုတ်ဖော်ပြောဆိုနိုင်ကြောင်း သတင်းစကားပါးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို နိုင်ငံရေးသမားလို့ခေါ်ဆိုနိုင်လဲဆိုရင် ပြည်သူတွေသိရှိနိုင်ဖို့ (၁၃-၈-၂၀၁၈) ညနေ(၅း၂၀)နာရီခန့်မှာ ကွယ်လွန်သွားတဲ့ မသင်းသင်းအေး(ခ)မမီးမီးက သက်သေပြလိုက်ပါတယ်။ မမီးမီးဟာ အသက်(၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသူဘဝကတည်းက နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့တာပါ။ မမီးမီးကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအမျိုးသမီးနိုင်ငံရေးသမားတစ်ဦး ကြွေလွင့်သွားတယ်ဆိုတာ ဒီမိုကရေစီအခွင့်အရေးကို ဆာငတ်နေတဲ့ ပြည်သူတွေသိရှိနိုင်ဖို့ အသိပေးကြေငြာမောင်းခတ်လိုက်တာပဲ ဖြစ်ပါတယ်။ မမီးမီးဟာ တာမွေ အကသကျောင်းသားသမဂ္ဂနှင့်အတူ ၈၈အရေးတော်ပုံ ပါဝင်လှုပ်ရှားရာတဆင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်လာတာပါ။ နိုင်ငံရေးအပေါ်ထားရှိတဲ့ ခံယူချက်နဲ့ ပတ်သက်ပြီး သူမက̏ ကျွန်မအနေနဲ့ လွှတ်တော်ထဲရောက်လာဖို့ ဘယ်တော့မှ စိတ်မကူးခဲ့ဘူး၊ ကမာ္ဘ့အလယ်မှာ မြန်မာလူမျိုး မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ဒီ့အတွက် ကျွန်မဆက်လက်ပြီးတိုက်ပွဲဝင်ရဦးမှာပါ။ ˝ဆိုပြီး ပြောကြားသွားပါတယ်။ မမီးမီးဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ အမျိုးသမီးကလေးသူငယ်ရေးရာဌာန ဒုတာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မတရား အဓ္ဓမပြုကျင့်ခံရတဲ့ ကလေးသူငယ်တွေ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှု ပြဿနာတွေကို ဖြေရှင်းပေးတဲ့ နိုင်ငံရေးသမား အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။ မမီးမီးရဲ့ဘဝမှာ သူမအကြိုက်နှစ်သက်ဆုံး တေးသီချင်းကတော့ ̏ ခွန်အားဖြည့်မိငယ်˝ ဖြစ်ပါတယ်။ တေးသီချင်းပေါင်း မြောက်များစွာရှိပါလျှက်နဲ့ ̏ ခွန်အားဖြည့်မိငယ်˝ တေးတစ်ပုဒ်ကိုသာ ကြိုက်နှစ်သက်တယ်ဆိုကတည်းက မြန်မာ့ဒီမိုကရေစီခရီးလမ်း ဘယ်လောက် ခက်ခဲကြမ်းတမ်းနေပါစေ ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ သဘောပါ။ မြန်မာ့ဒီမိုကရေစီခရီးလမ်းအဆုံးထိမရောက်ခင်မှာ မမီးမီးကွယ်လွန်သွားတာဟာ ပုလဲရတုပေါ်က တောင်းဆုပြုနေတဲ့ ပြည်သူတွေရဲ့ဆုတောင်းသံတွေ မပြည့်သေးဘူးဆိုတာကို သိစေချင်တဲ့အနေနဲ့ အချက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မမီးမီးကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ̏ ဒီလိုမျိုးကြီးစောစောစီးစီး ဒီလိုမျိုးနဲ့ အစောကြီးထွက်ခွာသွားတာကို အခုချိန်ထိ ကျွန်တော်လက်မခံနိုင်သေးဘူး၊ သူလုပ်ချင်တာတွေအများကြီးရှိသေးတယ်၊ လူကုန်ကူးမှုတွေ၊ သက်ငယ်မုဒိမ်းအတွက်ဆောင်ရွက်မှုတွေကို နေ့မအိပ် ညမအိပ်နဲ့ လုပ်နေတဲ့သူ၊ သူသာရှိဦးမယ်ဆိုရင် အများဆောင်ရွက်နိုင်မှာ။˝ ဟု ၈၈ ငြိမ်းပွင့်မှ ကိုဂျင်မီကပြောသွားပါတယ်။ မမီးမီးရဲ့ဘဝမှာ မြေနိမ့်ရာလှံစိုက်တဲ့ ဘဝပါ။ ဆိုလိုချင်တာက မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားကောင်းများ အများအပြားရှိမယ်ဆိုရင် မမီးမီးလို နိုင်ငံရေးသမားတွေ ကံမကောင်း အကြောင်းမလှတဲ့ အခြေအနေမျိုးတွေ ဘယ်တော့မှမကြုံရဘူးလို့ ဆိုလိုချင်တာပါ။

ဒီမိုကရေစီအခွင့်အရေးကို လိုလားနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒဟာ မိဖုရားရဲ့အချစ်ကို ပိုင်ဆိုင်ချင်ကြပေမဲ့ လက်တွေ့မှာတော့ ဘုရင်မနဲ့သာ ညားကြတာပဲဖြစ်ပါတယ်။ မိဖုရားဆိုတာ ဘုရင်ကိုအမြဲတမ်း ပြုစုယုယတဲ့ တာဝန်ကိုလုပ်ဆောင်ရတဲ့ အမျိုးသမီးဖြစ်ပြီး ဘုရင်မဆိုတာ တိုင်းပြည်ကိုအုပ်ချုပ်ရတဲ့ အမျိုးသမီးကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီခရီးမှာ နိုင်ငံရေးသမားများရဲ့ အခန်းကဏ္ဍပါဝင်ခွင့် မရှိတာကြောင့် မိဖုရားဖြစ်တဲ့ ဒီမိုကရေစီအခွင့်အရေးကို မရရှိပဲ ဘုရင်မဖြစ်တဲ့ ၂၀၀၈အခြေခံဥပဒေရဲ့ ထိန်းချုပ်မှုအောက် ပြည်သူတွေရောက်ရှိသွားတာပါ။ အရင်းစစ်တော့ အမြစ်ကမြေကြီးမှာ ဆိုတဲ့စကားအတိုင်း ဖြစ်နေသမျှအားလုံးရဲ့ အဓိကတရားခံဟာ နှစ်ယောက်ထိုင်တဲ့ခုံတစ်လုံးအပေါ်မှာ တစ်ဦးတည်းကသာ ထိုင်ချင်တဲ့ စိတ်ဓာတ်ကြောင့်ဖြစ်တယ် ဆိုတာတွေ့ရှိရပါတယ်။ နှစ်ယောက်ထိုင်တဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ တစ်ဦးကသာထိုင်ချင်တဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပြီး ပုလဲရတုလမ်းမပေါ်က တောင်းဆုပြုနေကြတဲ့ ပြည်သူတစ်ဦးစီတိုင်း လိုရာဆန္ဒပြည့်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အသက်(၄၇)နှစ်ပြည့် မမီးမီးတစ်ယောက် ကြွေလွင့်ခဲ့ပေမဲ့ ရှင်သန်နေဆဲဖြစ်ပါစေ။

spot_img
spot_img

Recent posts