spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်တွင်း ဘော်လုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လူငယ်များ မျှော်လင့်

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်း အလယ်ကယန်း၊ သိကျိတ်နှင့်ကယောကျေးရွာအုပ်စုတို့မှ ဘော်လုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များ မျှော်လင့်နေကြသည်။

အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီးဘူးကျေးရွာနေ လူငယ်ကစားသမား ခွန်းအားပိုက “ဒီမှာက အားကစားပွဲလုပ်တယ်ဆိုတာက အမြဲတမ်းမဟုတ်ဘူး။ တစ်နှစ်မှ တစ်ခါဖိတ်ခေါ်ဖလား၊ ရပ်ကွက်ဖလားတို့ ဖွင့်မှပဲ ကျွန်တော်တို့ ကစားရတာပါ။ ကစားပြီးလည်း ကစားသမားတွေက တခြားသောနေရာမှာ ထပ်ကစားဖို့ အခွင့်အလမ်းက မတွေ့ရဘူး။” ဟု ဆိုသည်။

ထိုသို့ အခွင့်အလမ်းနည်းပါးရခြင်းသည် ၎င်းတို့ဒေသရှိ ထူးချွန်သည့် လူငယ်ကစားသမားများကို မြို့နယ်အဆင့် ကစားနိုင်မည့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်သည့် ဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များ မရှိခြင်းကြောင့်ဟု ၎င်းက ဆိုသည်။

၎င်းကျေးရွာအုပ်စုများတွင် ဘော်လုံးအားကစားကို လိုက်စားသည့် လူငယ်အများအပြားရှိသော်လည်း ကျေးရွာအုပ်စုအဆင့်မှ မြို့နယ်အဆင့်သို့ တက်လှမ်းနိုင်သည့် အခွင့်အလမ်းနည်းပါးခြင်းကြောင့် မိရိုးဖလာ တောင်ယာ၊ လယ်ယာလုပ်ငန်းများတွင်သာ ပြန်လည် နှစ်မြုပ်ကြရခြင်းကြောင့် ဖြစ်သည်။

မြို့နေလူငယ်ကစားသမားများက အဆိုပါအခွင့်အလမ်းမျိုးကို ပိုမိုရရှိကြသကဲ့သို့ ၎င်းတို့မှလည်း ယင်းအခွင့်အလမ်းမျိုးဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအထိ ရောက်ရှိနိုင်ရန် မျှော်လင့်နေကြသည်။

“ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဘော်လုံးပွဲကို ကျင်းပတာက အားကစားသမားတွေကို မွေးထုတ်ဖို့ပေါ့။ ရေရှည် မြို့နယ်ကို သွားနိုင်ဖို့အတွက်က အဓိက ကျနော်တို့ မြို့နယ်နဲ့ အား/ကာကော်မတီကို အချိတ်အဆက်လုပ်ပါတယ်။ တကယ်လို့ မြို့နယ် အုပ်ချုပ်ရေးဖလားရှိမယ်ဆိုလည်း
ကျနော်တို့ကို ဖိတ်ခေါ်ဖို့ပေါ့” ဟု ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဘော်လုံးပွဲကျင်းပရေး အား/ကာကော်မတီဝင် ခွန်းနိုးဟာက ပြောသည်။

ထိုသို့ ဒေသတွင်း လူငယ်ကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက် အလယ်ကယန်း၊ သိကျိတ်နှင့် ကယောကျေးရွာအုပ်စုတို့မှ ဘော်လုံးအသင်း (၃၂)သင်းပါဝင်သည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဘော်လုံးပြိုင်ပွဲအား ကယန်းပြည်သစ်ဌာနချုပ် ဆီးဘူး ငြိမ်းချမ်းရေးဘော်လုံးကွင်းတွင် တစ်လကျော်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘော်လုံးပြိုင်ပွဲမှ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားမတိုင်မီ ငြိမ်းချမ်းရေးဘော်လုံးကွင်းတွင် ကယားရွှေတံခါးနှင့် Kayan Landအသင်းတို့
ချစ်ကြည်ရေး ကစားခဲ့ကြကြောင်း သိရသည်။

၎င်းပိတ်ပွဲအခမ်းအနားတွင် ပ၊ ဒု၊ တ ရရှိခဲ့သည့်အသင်းများနှင့် အကောင်းဆုံးကစားသမားများကို ဆုပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဥက္ကဌ
ဦးထွန်းကျော်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ်ပြည်နယ်လွှတ်တော် အမတ် ခွန်းအန်းဂျေလို၊ ဖယ်ခုံမြို့နယ်ထွေ/အုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

ကျေးရွာအုပ်စု (၃) ခုပါဝင်သည့် အဆိုပါကဲ့သို့ ဖိတ်ခေါ် ဘော်လုံးပြိုင်ပွဲအား ငြိမ်းချမ်းရေးအားကစားကွင်း၌ နှစ်စဉ်ကျင်းပနိုင်ရန်နှင့် လူငယ်ကစားသမားကောင်းများ ထွက်ပေါ်လာရန်အတွက်ဒေသခံများမှ မျှော်လင့်ထားသည်။

spot_img
spot_img

Recent posts