spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ဒရယ်ဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (Decentralization) 

Author

Date

Category

ဖယ်ဒရယ်ဒီမိုကရေစီဆိုသည်မှာ ဖယ်ဒရယ်နှင့် ဒီမိုကရေစီကိုပေါင်းစပ်ထားသော စနစ်တစ်ခုသာဖြစ်ပေသည်။ ထိုစနစ်သည် မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးစုများသော နိုင်ငံမျိုးအတွက် အလွန်အသုံးတည့်နိုင်သလို အားနည်းချက်များလည်း ရှိပါလိမ့်မည်။ အကောင်အထည်ဖော်သည့် အင်စတီကျူးရှင်းများ အပေါ်၌သာ မူတည်နေမည်ဖြစ်ပါသည်။

ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (Decentralization) ဆိုသည်မှာက ဖယ်ဒရယ် ဒီမိုကရေစီစနစ်အောက်က လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ဖို့အတွက် အဓိကကျဆုံးသော လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်ပေလိမ့်မည်။

ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်တွင်လည်း ကဏ္ဍ(၃)ခု ရှိပြီး ၎င်းတို့မှာ-
(၁) နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး
(၂) ဘဏ္ဍရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး
(၃) အုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး တို့ဖြစ်ပေသည်။
ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အောင်မြင်ဖို့အတွက် အထက်ပါလုပ်ငန်းစဉ် (၃)ရပ်စလုံး ဟန်ချက်ညီညီ အောင်မြင်ဖြစ်ထွန်းဖို့ လိုအပ်မည်ဖြစ်ပါသည်။

ပြီးခဲ့တဲ့ (၅)နှစ်တာ အစိုးရကို ပြန်ကြည့်လျှင် နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို အထိုက်အလျောက် အောင်မြင်ခဲ့တာကို တွေ့ရပါလိမ့်မည်။ ဒေသအစိုးရများနှင့် ဒေသလွှတ်တော်များကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုကို လျော့ချနိုင်ခဲ့ပေသည်။

ဘဏ္ဍာရေးအရ ဗဟိုချုပ်ကိုင်မှုလျော့ချရေးတွင်လည်း ဒေသဘတ်ဂျက်ဥပဒေများ ပေါ်ပေါက်လာခဲ့ပြီး ဒေသတွင်းဘတ်ဂျက်ပါဌာန အဖွဲ့အစည်းများသို့ ပိုမိုခွဲဝေထောက်ပံ့နိုင်ခဲ့တာကို တွေ့ရပေသည်။ ဘဏ္ဍာရေးလုပ်ပိုင်ခွင့်များစွာကို ဒေသအစိုးရများသို့ ခွဲဝေကျင့်သုံး ဆောင်ရွက်နိုင်ခဲ့ပြီး အားနည်းချက်၊ အားသာချက် များစွာလည်း တွေ့ခဲ့ရပေသည်။

သို့ရာတွက် အုပ်ချုပ်ရေးအရ ဗဟိုအုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုကို ၂၀၁၅ လောက်မှစလုပ်ကိုင်တာကို မြင်ရပေသည်။ ထိုအဖြစ်ကြောင့်ပင်လျှင် နိုင်ငံရေးနှင့် ဘဏ္ဍရေး ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်တို့မှာ အုပ်ချုပ်ရေးမပါဝင်သော အပြောင်းအလဲ ဟန်ချက်မညီမှုကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာကို သုံးသပ်ရပေသည်။ သို့ရာတွင် ရပ်တန့်သွားခြင်းမျိုး မဟုတ်ဘဲ ဆက်လက်ဆောင်ရွက်နေကြကာ အုပ်ချုပ်ရေးဗဟိုချုပ်ကိုင်မှု လျော့ချခြင်းကို မျှော်လင့်စောင့်ဆိုင်းနေခြင်းမျိုးသာ ဖြစ်ပေသည်။

ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းဆိုသည်ကို ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့် အာဏာများ ခွဲဝေပေးလိုက်သည်နှင့်ပင် ပြည့်စုံပြီဟု ယူဆနေကြပေသည်။ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေပေးသလို သက်ဆိုင်ရာဌာနအသီးသီးမှလည်း လက်အောက်ရုံးအသီးသီးသို့ ထပ်ဆင့်လုပ်ပိုင်ခွင့်အာဏာများ လွှဲအပ်ပေးရန် အဓိကလိုအပ်နေမည် ဖြစ်ပါသည်။

လုပ်ပိုင်ခွင့်အာဏာဆိုသည်မှာလည်း ခွဲဝေပေးလိုက်သည်နှင့် အောင်မြင်သွားသည် မဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ စည်းကမ်းဥပဒေများကို လေးစားလိုက်နာတန်ဖိုးထားဖို့ စနစ်တကျ ဆောင်ရွက်သင့်ပေသည်။ ရာထူးအဆင့်လိုက် လုပ်ပိုင်ခွင့်အာဏာများ ပြန်လည်ခွဲဝေ ဆောင်ရွက်စေခြင်းမျိုး မရှိဘဲ ဗဟိုချုပ်ကိုင်ဆောင်ရွက်ခြင်းများသည် အစိုရစနစ်ကို လေးလံစေသည့် အဓိကအကြောင်းအရာများပင် ဖြစ်ပေသည်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သော OSS (One stop Service) ရုံးများ ထင်သလောက် မအောင်မြင်ရခြင်းများမှာ ဌာနများတွင် ရံးအကြီးအကဲများ၌သာ လုပ်ပိုင်ခွင့်များ စုပြုံနေကြပြီး ရာထူးအဆင့်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် လုပ်ပိုင်ခွင့်များ ခွဲဝေကျင့်သုံခြင်း မရှိကြခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် နိုင်ငံတော်ဘတ်ဂျက်များစွာ အကုန်ကျခံဖွင့်လှစ်ခဲ့သော OSS ရုံးကြီးများမှာ ဟန်ပြသက်သက်သာ ဖြစ်နေပြီး ရည်ရွယ်ချက်ဖြစ်သော ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ကြခြင်း မရှိတာကို တွေ့ရပေသည်။ ထို့ထက်ဆိုးသည်က ရုံးဌာနများသည်လည်း အချိုု့က မြို့လယ်၊ အချို့က မြို့ပြင်များ ဖြစ်နေကြပြီး ပြည်သူရေးရာ စီမံခန့်ခွဲမှု အမြင်ဖြင့် မတည်ဆောက်နိုင်ခဲ့ခြင်းများသည် လက်ရှိ အစိုးရစနစ်ကို များစွာ ဒုက္ခပေးနေသည့် အချက်များပင် ဖြစ်ပေသည်။

ဒီမိုကရေစီအစိုးရအနေဖြင့် ဖယ်ဒရယ်စနစ်ကို အောင်မြင်စေရန် ဆောင်ရွက်ရာတွင် အထူးသတိထားရမည့် အချက်များမှာ လက်ရှိအစိုးရစနစ်ကို လက်တွေ့ကျကျ သိနားလည်အောင် လေ့လာရပေလိမ့်မည်။ ထိုမှတစ်ဆင့် မိမိသွားလိုသော စနစ်ကို ချဉ်းကပ်လေ့လာရပေလိမ့်မည်။ စနစ်တစ်ခုမှတစ်ခုသို့ အကူးအပြောင်းများဟာ အင်မတန်အရေးကြီးသည့် အချိန်ကာလပင်ဖြစ်ပြီး အထူးသတိပြု ကိုင်တွယ်သင့်ပေသည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာပြည်၏ ဖယ်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်ရန် အဓိကကျသော အချက်မှာ အစိုးရ၏ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း လုပ်ငန်းစဉ်အပေါ် မူတည်နေပြီး ထိုလုပ်ငန်းစဉ် အောင်မြင်ရေးအတွက်လည်း ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲကြရပေလိမ့်မည်။ နိုင်ငံရေး၊ ဘဏ္ဍရေးနှင့် အုပ်ချုပ်ရေးအရ ဗဟိုချုပ်ကိုင်မှု လျော့ချရေး လုပ်ငန်းစဉ်များ ဟန်ချက်ညီညီနှင့် ပြုပြင်ပြောင်းလဲ အောင်မြင်ခြင်းသည်သာ အစိုးရ၏ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို အဓိက အောင်မြင်စေမည့် အချက်ဖြစ်ကြောင်း မီးမောင်းထိုး တိုက်တွန်းရေးသား လိုက်ရပေသည်။

ကျော်စိုးသူ
Economic Development

spot_img
spot_img

Recent posts