spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖာလာဈေးကောင်းမရ၍ ဖာလာစိုက်တောင်သူများအခက်တွေ့

Author

Date

Category

ဖာလာစေ့ကို မီးနှင့်လှော်ကာအခြောက်ခံနေပုံ…ဓာတ်ပုံ- ခွန်းကလိုင်းဖရီး

ခွန်းကလိုင်းဖရီး

ရှမ်း/တောင်ဒေသနှင့် ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဖာလာစိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုနေကြသည့် တောင်သူများအနေဖြင့် လက်ရှိတွင် ဖာလာဈေး မရှိသည့်အတွက် မိသားစုစားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ယခင်နှစ်က ဖာလာအခွံအုပ်ခြောက် ၁ ပိဿကို ကျပ် (၁) သောင်းခွဲ၊ အခွံခွာပြီး အစေ့ခြောက် ၁ ပိဿကို ကျပ် (၃)သောင်း အထိဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ဖာလာအခွံအုပ်ခြောက် ၁ ပိဿကို ကျပ် (၇) ထောင်နှင့် အခွံခွာပြီး အစေ့ခြောက် ၁ ပိဿကို ကျပ် (၂) သောင်းအထိသာ ဈေးရှိနေကြောင်း သိရသည်။

ကယန်းဒေသ ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာတွင် ဖာလာစိုက်ပျိုးလုပ်ကိုင်နေသည့် ဦးသန်းမောင်က “ပြီးခဲ့တဲ့ နှစ်က ဈေးကတော့ အနည်းနဲ့အများရှိပါတယ်။ ဒီနှစ်က ဝယ်သမားကို မရှိဘူးဖြစ်နေတယ်။ ၁ ပိဿကို ၅ ထောင်၊ ၆ ထောင်လောက်ပဲ ဈေးပေါက်တဲ့အချိန်မှာ လုပ်အားခနဲ့ ဒီပြုပြင်ခ၊ ပြုစုခတွေက လုံးဝမဖာမိဘူး ဖြစ်နေတယ်။”ဟု ပြောသည်။

မိုးရာသီတွင် ဖာလာသီးကို နေဖြင့်အခြောက်လှန်းရန်ခက်ခဲသည့်အတွက်  တောင်သူများက ထင်းမီးကို အသုံးပြုပြီး (၄) နာရီခန့် အချိန်ယူ မီးလှော်လှန်းရခြင်းကြောင့်လည်း သတ်မှတ်အရည်အသွေးမမီပဲ ဈေးကောင်းရရန် ခက်ကြောင်း ဆိုသည်။

“ဈေးဘာဖြစ်လို့ နည်းလဲဆိုတာ လိုက်တော့ အဓိကအရည်အသွေးပေါ့။ အရည်အသွေးအားနည်းတာကို သွားတွေ့တယ်ပေါ့။ အရည်အသွေးဘာဖြစ်လို့ အားနည်းလဲဆိုတော့ မီးတွေနဲ့ လှော်ကြတယ်လေ။ တရုတ်တွေက အဓိက လာဝယ်တယ်။ ဒါပေမယ့် အရည်အသွေး အရမ်းကြီးမကြိုက်တော့ ဈေးအရမ်းကြီး မရဘူးဖြစ်နေတယ်။” ဟု ချစ်သောမြန်မာအဖွဲ့ လုပ်ငန်းညှိနှိုင်းရေးမှူး ကိုသော်ဇင်ဟိန်းက ဆိုသည်။

အပူငွေ့ဖြင့် အခြောက်ခံသည့် ဖာလာအခြောက်ခံစက်ကို ချစ်သောမြန်မာအဖွဲ့က ကယန်းဒေသတွင် စမ်းသပ်လုပ်ကိုင်လျက်ပြီး အရည်အသွေးအားဖြင့်လည်း ပိုမိုကောင်းမွန်ခြင်းကြောင့် ဈေးပိုရကြောင်း ၎င်းက ဆိုသည်။

မီးလှော်အခြောက်ခံသည့် ဖာလာ ၁ ပိဿကို ကျပ် (၇) ထောင်ခန့်သာရသော်လည်း အပူငွေ့ဖြင့် အခြောက်ခံသည့် ဖာလာက ကျပ်(၁)သောင်းထိ ဈေးရခြင်းကြောင့် ကျပ် (၃) ထောင် ပိုရနေသည်ဟု ဆိုသည်။ သို့သော်လည်း ဒေသထွက် ဖာလာများပြားလွန်းပြီး စက်တစ်လုံးတည်းရှိခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးနိုင်ရန် ခက်ခဲနေသေးကြောင်း ကိုသော်ဇင်ဟိန်းက ဆက်ပြောသည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်ဖာလာပွဲစားများမှ အလုအယက်ဈေးကောင်းပေးပြီး လာရောက်ဝယ်ယူခဲ့ကြသော်လည်း ယခုနှစ်တွင် ဝယ်ယူသူများ ရှားပါးနေကြောင်း သိရသည်။

ဖာလာစိုက်တောင်သူ ဒေါ်အာဆွန်းတာက “ခူးတဲ့အချိန်မှာ ခြံထဲမှာပဲ လာလုဝယ်ကြတယ်။ ဒီနှစ်တော့ လုံးဝမပေါ်လာဘူး။ မဝယ်ရဲဘူးပေါ့။” ဟု ပြောသည်။

ဖာလာပင်သည် သစ်တောကို အမှီပြုကာစိုက်ပျိုးရခြင်းဖြစ်ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်သည်။ ထို့ကြောင့် ကယန်းဒေသရှိ တောင်သူများက ရွေ့ပြောင်းတောင်ယာအစား ဖာလာကို ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြသည်။

ဖာလာပင်ကို စိုက်ပျိုးပြီးသည်မှ ပျှမ်းမျှ (၄)နှစ်အကြာတွင် သီးနှံကိုစတင်ခူးဆွတ်နိုင်ပြီး နောက်ပိုင်းတွင် တစ်နှစ်တစ်ကြိမ်၊ နှစ်စဉ်ခူးဆွတ်နိုင်သည့်အတွက်ကြောင့် တောင်သူများအတွက် ပုံမှန်ဝင်ငွေရရှိနိုင်သည့် နှစ်ရှည်သီးနှံပင် အမျိုးအစားဖြစ်သည်။

spot_img
spot_img

Recent posts