spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ဘဏ္ဍာငွေကို လက်လွတ်စပယ်သုံးသော ကယားပြည်နယ်အစိုးရ

Author

Date

Category

မူအက်စတာရေးသားသည်။

ပစ္စည်းများ ဝယ်ယူခြင်းနှင့် လုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားတောင်းခံရာ၌ စည်းစနစ်တကျ မရှိသည့်အပြင် အသုံးစရိတ်များကို ဖေါင်းပွနေသည့် ကယားပြည်နယ်ယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေးစီမံခန့်ခွဲသုံးစွဲနေမှုကို လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ဝေဖန်လိုက်သည်။

ယင်းကဲ့သို့ စည်းမဲ့ကမ်းမဲ့အပြုအမှုမျိုး ထပ်မံပြုလုပ်လျှင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက သတိပေးထားသည်။

ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာ၌ နမော်နမဲ့နိုင်သော ပြည်နယ်အစိုးရကို နောက်နောင်မပြုလုပ်ရန် ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီဥက္ကဌ ဦးသိန်းအောင်စဲရယ်က ၎င်းတို့၏ အစီရင်ခံစာဖတ်ကြားရာတွင် ထည့်သွင်းသတိပေးလိုက်သည်။

ပြည်နယ်ရန်ပုံငွေတွင် ပါဝင်သည့် ဌာန ၂၃ ခု၏ ငွေစာရင်းကို စစ်ဆေးခဲ့ရာ ဌာနအလိုက်အသုံးစရိတ် သုံးစွဲမှုများ လွန်စွာကွာဟနေသည်ဟု အဆိုပါ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအစီရင်ခံစာက ဆိုသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအတွက် ရုံးသုံးစက်ကိရိယာများ ဝယ်ယူရန်အတွက် ကျပ်သန်းပေါင်း ၄၅၈.ဝသန်း (ကျပ်သိန်းပေါင်း ၄၅၈၀) တောင်းခံထားသော်လည်း အခြားဌာနများနည်းတူ အမျိုးအမည်များ ပါရှိခြင်းမရှိသည့်အတွက် ၎င်းကို ရေးရာကော်မတီမှ ပယ်ချခဲ့သည်။

“ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ဘတ်ဂျက်စာအုပ်မှာ အချက်အလက်တွေကို ဘာတစ်ခုမှ ပြည့်စုံအောင် ရှင်းလင်းတင်ပြထားခြင်း မရှိတာကြောင့် စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီ တောင်းခံခြင်းမျိုးမဟုတ်ဘဲ အလှူအိမ်သဖွယ် တောင်းခံခြင်းမျိုးကိုသာ တွေ့ရပါတယ်။”ဟု မယ်စဲ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဝေဖန်သည်။

လက်လွတ်စပယ်ဖြစ်နေသည့် ယင်းဘဏ္ဍာငွေတောင်းခံခြင်းကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် လွှတ်တော်ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက အစိုးရအဖွဲ့ကို အကြောင်းကြားခဲ့သော်လည်း လာရောက်ခြင်းမရှိပေ။

“အစိုးရအဖွဲ့တွေကိုခေါ်တော့ သူတို့မလာတာ ကျွန်တော်တို့အတွက်လည်း အခက်အခဲဖြစ်တယ်၊ ကျန်တဲ့အဖွဲ့တွေတော့ လာရှင်းပါတယ်၊ ဒီအစိုးရအဖွဲ့တွေတော့ လာမရှင်းဘူး။”ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ဥက္ကဌ ဦးသိန်းအောင်(ခ)စဲရယ်က ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဆီဆေးပန်းချီကား ၁ဝ ကားအတွက် ကျပ်သန်း ၃ဝ တင်တောင်းသည်။ ထို့အပြင် TV ၁၁ လုံး အတွက် ၁.၆၅သန်း (၁၀၆၅၀၀ဝ ကျပ်) တင်တောင်းသည်။ ပြည်နယ်အစိုးရအဖွဲ့မှ တောင်းခံလာသော ထိုအသုံးစရိတ်များကို လွှတ်တော်က စိစစ်လျှော့ချမည်ဖြစ်သည်။

ကယားပြည်နယ်ကျေးလက်ဦးစီးဌာနမှ အဆိုပြုထားသော နန့်တဘက်ချောင်းစီမံကိန်းသည်လည်း စီမံကိန်းအကြီးစားဖြစ်သည့်အတွက် ပြည်ထောင်စုမှ တာဝန်ယူရမည့် စီမံကိန်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁နှင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၃ တို့ကို ချိုးဖောက်ခဲ့ခြင်းကြောင့် ၎င်းကော်မတီမှ ကန့်ကွက်သည်။ ၎င်းစီမံကိန်းအတွက် ပြည်နယ်အစိုးရက ကျပ်သန်းပေါင်း ၂၀၀ဝ တင်တောင်းထားသည်။

၎င်းစီမံကိန်းသည် ကျပ်သန်းပေါင်း ၄၃၀ဝ အသုံးပြုမည့် စီမံကိန်းကြီးဖြစ်၍ ပြည်နယ်အဆင့်ဘတ်ဂျတ်မှ တောင်းခံခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီညွှတ်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်သည်။

အလားတူ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘတ်ဂျက်မှ တင်သွင်းလာသည့် အဝေးပြေးကားဂိတ် လိုင်းပေါင်းစုံ မော်တော်ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း ၁၀၀ဝခန့် လျာထားသည့်ကိစ္စကိုလည်း ကော်မတီမှ စိစစ်လျှော့ချမည်ဖြစ်ဟု ဆိုသည်။

ကယားပြည်နယ်တွင် ဘီလူးချောင်းကြီး ရှိပါလျှက်နှင့် နန့်တဘက်ချောင်းဖြင့် ရေသွယ်ယူရခြင်းမှာ လွန်စွာမှ အကုန်အကျများမည့် စီမံကိန်းကြီးဖြစ်ပါသည်။ ယာဉ်ရပ်နားစခန်းသည်လည်း ညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်နေပြီလားဆိုသည်ကို ပြန်လည်သုံးသပ်ရန် လိုသည်ဟု လွှတ်တော်ကိုယ်စားလှယ်က အကြံပြုသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တင်ပြလာသည့် စက်ယန္တယားကိစ္စတွင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အစိုးရအဖွဲ့၏ငွေလုံးငွေရင်း အသုံးစရိတ်နှင့် ဝယ်ယူထားသည့် ဘတ်ဂျက်စာအုပ်၏ ပုံစံ ၁၂ တွင် စက်ယန္တယား ၁ဝစီး စာရင်း မတွေ့ရှိခြင်းသည် မရိုးသားသည့်လုပ်ဆောင်မှုဖြစ်ပြီး ဌာနပိုင်စာရင်းတွင် မဖော်ပြဘဲဖျောက်ထားရခြင်းမှာ အဂတိလိုက်စားမှုဥပဒေနှင့် ညှိစွန်းနေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက ပြောသည်။

ပြည်နယ်စာရင်းစစ်ချုပ်မှ ၎င်းကိစ္စကို ထိထိစစ်ဆေးဖော်ထုတ်ရန်လိုကြောင်း ဖရူဆိုမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက ကယားပြည်နယ်လွှတ်တော်တွင် တိုက်တွန်းခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တိတိကျကျလိုက်နာရန်လိုကြောင်း ဦးနော်အီးက အကြံပြုဆွေးနွေးသွားခဲ့သည်။

ဥပဒေချုပ်ရုံးရှိပြီးသားနှစ်ထပ်ရုံးသစ်ကို ဖျက်သိမ်းပြီး ရုံးသစ် ၃ ထပ်ဆောင်ကို တည်ဆောက်ရန်အတွက် ဘတ်ဂျက်ကျပ်သန်းပေါင်း ၂၄ဝ ကို အစိုးရက တောင်းခံထားသည်။

တင်တောင်းရသည့်အကြောင်းရင်း၊ ရုံးသစ်တည်ဆောက်လိုသည့် အကြောင်းရင်းများကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးတီရယ်က လွှတ်တော်တွင် အကြောင်းပြချက်ပေးသည်။

ဝန်ကြီးဦးတီရယ်က ၎င်းဥပဒေချုပ်ရုံးသည် ၁၉၉၁ ခုနှစ်တွင် တည်ဆောက်ထားသည့်ရုံးဖြစ်ပြီး ရေတလျှောက်များပျက်စီးခြင်း၊ မျက်နှာကျက်များပျက်စီးခြင်း၊ သွပ်မိုးများမိုးယိုခြင်း၊ ကြမ်းခင်းများမှာ ပျဉ်ခင်းဖြစ်၍ ဆွေးမြေ့ခြင်း၊ အိမ်သာများမှာလည်း ပျက်စီးနေ၍ အနံ့အသက်များ မကောင်းခြင်း စသည်တို့ကြောင့် ရုံးသစ်တည်ဆောက်ရန် ဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း ၂၄ဝ ကို ခွင့်ပြုပေးသင့်ကြောင်း ၎င်းကဆိုသည်။

သို့သော် လွှတ်တော်ကော်မတီမှ အစိုးရတင်တောင်းထားသည့် ဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း ၂၄ဝ ကို ခွင့်ပြုပေးနိုင်ခြင်း မရှိကြောင်း ၎င်းကော်မတီဥက္ကဌ ဦးသိန်းအောင်စဲရယ်က ဆိုသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဝယ်ယူမည့် နွားမ ၁၇ဝကောင်သည် ဒေသနှင့်ကိုက်ညီမှုမရှိသည့်အတွက်ကြောင့် ကျပ်သန်းပေါင်း ၁၀၂ သန်းအား စိစစ်လျှော့မှုကိုမူ ကော်မတီ၏အစီရင်ခံစာတွင် ပါဝင်သည့်အတိုင်း လိုက်နာမည်ဖြစ်ကြောင်း ဦးတီရယ်က ပြောသည်။

“၂၀၁၈-၁၉ ခုနှစ် ၆လဘတ်ဂျက်တွင် ၂လတာ ကုန်လွန်ခဲ့ပြီဖြစ်သောကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးရံပုံငွေ သုံးစွဲခြင်းနှင့် ပတ်သက်၍ လွှတ်တော်သို့ညှိနှိုင်းဆောင်ရွက်ခြင်း မရှိတာကို တွေ့ရှိရပါတယ်၊ အဆိုပါရန်ပုံငွေမှ ထုတ်ယူသုံးစွဲနေကြတာ စည်းမျဉ်းစည်းကမ်းမရှိဘဲ ကြုံသလိုအသုံးပြုနေတာ တွေ့ရတယ်၊ ငွေပမာဏကိုလည်း သတ်မှတ်ချက်မရှိပဲ ပေးချင်သလိုပေးနေကြတယ်။”ဟု ဖရူဆိုမြို့နယ် ကိုယ်စားလှယ် ဦးသဲရယ်က စွပ်စွဲပြစ်တင်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ အနေနှင့် ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁နှင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၃ တို့ကို ချိုးဖောက်ပြီး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှ ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ခြင်းမဟုတ်ဘဲ စီမံကိန်းလျာထားချက်များကိုသာ ၁၈-၁၉ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင်ထည့်သွင်းရေးဆွဲပြီး လွှတ်တော်သို့ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုမီ ဆွေးနွေးနိုင်ရန်အတွက်သာ တင်ပြထားခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ချိုးဖောက်ခြင်းမဟုတ်ကြောင်း ဝန်ကြီးဦးတီရယ်က ပြန်ချေပခဲ့သည်။

ထို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြလာသည့် ဘတ်ဂျက်ငွေများကို စိစစ်ပြီး လုပ်ငန်းတန်ဖိုး ၃၉၀၅.၀၁ ကျပ်သန်းမှ ၂၉၀၅.၀၁ထိကို ကျေးလက်ဒေသဖွံ့ဖြိုးရေးရံပုံငွေစာရင်းသို့ ပြောင်းရွှေ့ပြီး ကျပ်သန်း ၁၀၀ဝ အထိ လွှတ်တော်ရေးရာကော်မတီမှ လျှော့ချမည်ဖြစ်ဟု လွှတ်တော်အစီရင်ခံစာက ဆိုထားသည်။

spot_img
spot_img

Recent posts