spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

ယမန်နှစ်ထက် ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြား

Author

Date

Category

ထျိုးမြာ

ကယားပြည်နယ်တွင် ယမန်နှစ်ထက် ယခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ပိုမိုများပြားနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က ကယားပြည်၊ ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သော လူနာ ၁၆ ဦးသာ ရှိခဲ့သော်လည်း ၂၀၁ရ ခုနှစ်အတွင်း မေလမှ ဇူလိုင်လ ၂ရ ရက်နေ့အထိ သွေးလွန်တုပ်ကွေးလက္ခဏာသံသယရှိသော လူနာ ၆၄၁ ဦးအထိဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။ 
ယခုနှစ်အတွင်း မေလတွင် ၃ဝ ဦး ဇွန်လတွင်၂၄၁ ဦး၊ ဇူလိုင်လ ၂ရ ရက်နေ့အထိ ၃၇ဝ ဦး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 
ယခုနှစ်သည် နေရာတိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အဆိုပါရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ကာ ခန့်မှန်းသည်ထက် ပမာဏများပြားနေသည်ဟု ဒေါက်တာရန်နိုင်မောင်က ပြောသည်။

ယခုကာလသည် တုပ်ကွေးရောဂါများ ပိုမိုဖြစ်ပွားသော ရာသီဖြစ်ခြင်းကြောင့် ဆေးရုံသို့ ရောက်လာသောလူနာတိုင်းကို ဆေးရုံမှ သွေးလွန်တုပ်ကွေးလက္ခဏာရှိမရှိ ဦးစွာစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

အဆိုပါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာအားတွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံသို့ အစီရင်ခံစာတင်ပြကာ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည် တစ်ပြိုင်တည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ကယားမှာ နှစ်ဦးနှစ်ဘက် ပေါင်းပြီးတော့ လုပ်တဲ့ဟာက အရမ်းကောင်းတဲ့အတွက်ကြောင့်မို့လို့ ပြည်သူကလည်း လိုက်နာတယ်။ ကျနော်တို့ ဆေးရုံဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေကလည်း အသိပညာပေးတွေ ကောင်းကောင်းလုပ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဖြစ်ပွားမှုတွေတော့ ရှိပေမဲ့လည်း သေဆုံးမှုကတော့ တစ်ယောက်နဲ့ပဲ ရပ်နေတယ်ပေါ့နော” ဟု ဒေါက်တာရန်နိုင်မောင်က ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာသည် ၂ ရက်မှ ရ ရက်ခန့် အပြင်းဖျားပြီး ပျို့အန်ခြင်း၊ ကိုယ်ခန္ဓာတွင် အနီစက်များထွက်ခြင်း၊ ဖျားနေစဉ် ၃ ရက်မှ ၅ ရက်အတွင်း သွေးလန့်သော လက္ခဏာများပေါ်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

ဖျားရာမှ ရုတ်တရက်အဖျားကျကာ ခြေဖျား လက်ဖျားများ အေးစက်ခြင်း၊ အဖျားကျသော်လည်း အစာမစားခြင်း၊ မှိန်းနေခြင်း (သို့မဟုတ်) ဂနာမငြိမ်ဖြစ်ခြင်း၊ မကြာခဏအော့အန်ခြင်းနှင့် အန်ဖတ်တွင် အညိုရောင် အဖတ်အမျှဉ်လေးများ ပါရှိလာခြင်းများသည် သွေးလန့်သည့်လက္ခဏာများဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ကာ ခြင်ကျားကိုက်ခြင်းဖြင့် ကူးစက်သည်။ အသက် ၁၅ နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပွားသည့်အပြင် လူကြီးများတွင်လည်း ဖြစ်ပွားလျှက်ရှိသည်။

တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အများဆုံးဖြစ်ပွားသည်။ ကျေးလက်သာမက မြို့ပြ၌လည်း ဖြစ်ပွားသည်။ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်လာသော ခြင်းကျားသည် ရေအိုး၊ ရေခွက်၊ ရေစည်၊ ညောင်ရေအိုးများနှင့် မိုးရေတင်ကျန်နိုင်သော ဘူး၊ ခွက် ၊ တာယာအဟောင်းများတွင် ပေါက်ပွားသည်။ ခြင်ဥမှ ခြင်အကောင်ဖြစ်ရန် ရ ရက်ခန့်ကြာမြှင့်သည်။ ခြင်းကျားသည် နေ့အချိန်တွင် ပိုကိုက်တတ်ကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ နိုးဆော်ထားသည်။

spot_img
spot_img

Recent posts