spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လာမည့်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေး ပြည်နယ်အစိုးရမှ ကြိုးပမ်းမည်

Author

Date

Category

မော်ဦးမြာ

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးကို ယနေ့မေလ ရရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲမှ တိကျသောအဖြေမထွက်ရှိသေးသည့်အတွက် လာမည့် ၁၄ရက်နေ့တွင် ထပ်မံတွေ့ဆုံပြီး ပြည်နယ်အစိုးရမှ ရုပ်တုရွှေ့ပြောင်းရေးကို ဦးတည်ညှိနှိုင်းသွားမည်ဟု သပိတ်ကော်မတီမှ ပြောခွင့်ရပုဂိ္ဂုလ် ခူးရီးရယ်က ပြောသည်။

“ ၁၄ရက်နေ့မှာ ကျတော်တို့ တစ်ကြိမ်ပြန်ပြီးမှ တွေ့ကြမှာပေါ့ ဒီလာမယ့် ရှေ့ပတ်ထဲမှာ။ အဓိကကတော့ ဒီ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ရွှေ့ပြောင်းရေးကို ဦးတည်ပြီး ဆွေးနွေးကြမယ်လို့တော့ ဝန်ကြီးချုပ်အနေနဲ့ အဲ့လို မှတ်ချက်ပြောသွားတယ်။ သူ့အနေနဲ့ကတော့ လူငယ်တွေကို အချိန်တောင်းတယ်။ သူတောင်းတဲ့အကြောင်းရင်းကလည်း အဓိက နောက်တစ်ကြိမ် ရွှေ့ပြောင်းရေးကို သူက လုံးဝ ကြိုးပမ်းသွားမယ် လုံးဝကြိုးစားပေးမယ်ဆိုတဲ့ ပြောကြားချက်အပေါ် မူတည်ပြီးတော့ ကျတော်တို့လည်း သူ့ကို အချိန်တစ်ပတ်ပေးလိုက်တယ်ပေါ့။ ဆိုတော့ တကယ်လို့ လာမယ့် ၁၄ရက်နေ့မှာ ကျတော်တို့ ပြောဆိုဆွေးနွေးမှုက မပြီးပြတ်ဘူးဆိုရင် လမကုန်ခင် ၃ဝမှာပဲ ပြန်တွေ့ကြဖို့ ဆုံးဖြတ်ထားတယ်။” ဟု ခူးရီးရယ်ကပြောသည်။

၎င်းတွေ့ဆုံပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီ၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ တို့ ၄ ပွင့်ဆိုုင် တက်ရောက်ကာ တွေ့ဆုံခဲ့ကြသည်။

အစည်းအဝေးတွင်NRPC မှ မိန့်ခွန်းပြောကြားပြီး ပြန်လည်ထွက်ခွာခဲ့သည့်အပြင် KNPP ကိုယ်စားလှယ်တွေများသည်လည်း ပြန်လည်ထွက်ခွာခဲ့ကြကာ ကရင်နီလူငယ် သပိတ်ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကသာ ဆက်လက်ဆွေးနွေးခဲ့ကြသည်။

“ ကရင်နီလူငယ် သပိတ်ကော်မတီ အားမရဘူး ကျေနပ်မှုလည်း လုံးဝမရှိဘူး။ ကျနော်တို့ သပိတ်ကော်မတီအနေ ပိုပြီးတော့မှ ခံရတာ တစ်ခုက ဘာလဲဆိုရင် ဒီတွေ့ဆုံ ညှိနှိုင်းမှုဆိုတဲ့ ကိစ္စက NRPC ကနေ စတယ်လို့တော့ ကျနော်တို့ မှတ်ယူတယ်။ သို့သော်လည်း NRPC က ဒီမနက် ကျနော်တို့ကို မပြောမဆိုနဲ့ ပြန်ပြီးတော့မှ ထွက်ခွာသွားတယ်ပေါ့။ ဆိုတော့ လမ်းခုလတ်မှာ ကျနော်တို့ကို ချန်ထားခဲ့တယ်။ ဆိုတော့ အစက သူတို့က ဝင်ပြီးမှ ဖြေရှင်းပေးမယ်လိုလိုနဲ့ နောက်ဆုံးခါကျတော့လည်း သူတို့တွေက ဒီအတိုင်းပဲ ချန်ထားလိုက်တယ်ပေါ့။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ တကယ်လို့ သူတို့အဲ့လိုလုပ်တယ်ဆိုရင်တောင်မှ ကျနော်တို့ လူငယ် သပိတ်ကော်မတီကို တရားဝင်ပြောပြဖို့လိုတယ်။ ဒီနေ့အပြင် ဒီရက်အစည်းအဝေးမတိုင်ခင်မှာ ကျနော်တို့ မနေ့ညက အလွတ်သဘောပြောကြတာလည်း ရှိတယ်။ ဆိုတော့ အလွတ်သဘောတွေ့ကြတဲ့နေရာမှာ သူတို့တွေက ကျနော်တို့ကို ပြောပြတာလည်းမရှိဘူးပေါ့။ ကျနော်တို့မြင်တာတော့ ဒါကတော့ အပြန်အလှန်လေးစားမှုမရှိဘူးလို့ ကျနော်တို့တော့ မြင်တာပေါ့။” ဟု ခူးရီးရယ်က ပြောသည်။

၎င်းဆွေးနွေးပွဲတွင် အသိသက်သေအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

“ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်ဖို့တော့ မျှော်လင့်တယ်။ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းစေလိုတယ်” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဒုဥက္ကဌခူးဦးရယ်က ဆိုသည်။

လာမည့် ဆွေးနွေးပွဲတွင် ကြေးရုပ်တု ပြောင်းရွှေ့ရန် ဦးတည်သွားမည်ဖြစ်သကဲ့သို့ မြေနေရာကိုလည်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ယူ ရှာဖွေမည်ဖြစ်ကြောင်း ကရင်နီလူငယ် သပိတ်ကော်မတီထံမှ သိရသည်။

“ ကျနော်တို့က တရားခံရှာဖို့မဟုတ်ဘူး။ အဖြေရှာဖို့ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းမယ်ဆိုရင်တော့ ဆွေးနွေးပွဲတွေရဲ့ ထုံးစံအတိုင်း ကျနော်တို့ အချိန်တစ်ခု အတိုင်းအတာတစ်ခုတော့ ယူရအုံးမှာဖြစ်ပါတယ်။ ဒါကလည်း ကျန်တဲ့လူငယ်ဖက်မှာလည်း ခက်ခဲမယ် ကျနော်တို့က တစ်လဆွဲပြီး နောက်လလည်း ဆွဲဖို့အကြံပြုတယ် မဟုတ်ဘူး။ ကျတော်တို့ စဉ်းစားကြည့်တာ အကောင်းဆုံးအဖြေက ဒီလိုမျိုးထိပ်တိုက်ရင်ဆိုင်တဲ့ အနေထားကို မရောက်စေဖို့အတွက် ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတော့ operation 3 ပေါ့၊ နောက်ထပ် အချိန်ယူပြီးတော့ ညှိနှိုင်းဖို့ကို မေတ္တာရပ်ခံချင်တယ်။ ကြားကာလမှာ နှစ်ဦးနှစ်ဖက် ခံစားချက်တွေ နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ လေးစားမှုရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ပြီးတော့ သွားမယ်ဆိုရင်ပေါ့နော။” ဟု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC)မှ ဦးဇော်ဌေးကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကိစ္စကို လာမည့် ၁၄ရက်နေ့တွင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး လိုအပ်ပါက ၃ဝရက်နေ့တွင်တစ်ကြိမ် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ယနေ့တွေ့ဆုံပွဲကို လွိုင်ကော်မြို့ ကိန္နရာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

spot_img
spot_img

Recent posts