spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အဝေးသင်ကျောင်းသားတွေကို အစာအဆိပ်သင့်စေတဲ့ ကြက်ဆီထမင်းကို ချက်ပြုတ်ပေးတာ မဟုတ်ဟု Blue Berry ဆိုင် ပြောကြား

Author

Date

Category

လင်းသန့်

လွိုင်ကော်အဝေးသင်ကျောင်းသားများ အစားအဆိပ်သင့်စေခဲ့တဲ့ ကြက်ဆီထမင်းကို ချက်ပြုတ်ခဲ့သူအဖြစ်   သံသယရှိနေတဲ့ ဆိုင်က သူတို့ ချက်ပြုတ်ပေးခဲ့တာမဟုတ်ဘူးလို့ Blue Berry ဆိုင်က ပြောကြားလိုက်ပါတယ်။  

အင်္ဂလိပ်စာမေဂျာ လွိုင်ကော်အဝေးသင်ကျောင်းသားတွေကနေ မှာယူခဲ့တဲ့ ကြက်ဆီထမင်းကို Blue Berry ဆိုင် ပိုင်ရှင်၏ ညီမဖြစ်သူက တာဝန်ယူခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်ထဲ ဒေါ်သက်မွန်ဆီမှာ ကြက်ဆီထမင်းအော်ဒါ မှာယူပေးတာဖြစ်တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကာယကံရှင်က ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ  ပြန်လည်ပြောဆိုထားပါတယ်။

အစာအဆိပ်သင့်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခင်းဖြစ်ပွားပြီးနောက်ပိုင်း သက်ဆိုင်သူတွေဆီကို ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာဖြေရှင်းမှုမျိုး မရှိခဲ့ဘူးလို့ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ကန္တာရဝတီတိုင်း(မ်)ကို နိုဝင်ဘာ ရ ရက်နေ့က  ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အစာဆိပ်သင့်တဲ့ ကိစ္စလည်း ကျနော်ကိုယ်တိုင် လိုက်တာပေါ့နော် အဲ့ဆိုင်ကို လိုက်တယ် ဆက်သွယ်လို့ မရဘူး နောက်ဆုံးတော့ ကျနော် ဖုန်းနဲ့ ပြောခွင့်ရပါတယ်။ သူတို့တွေကတော့ ထုံးစံတိုင်းပေါ့နော် သူတို ့ငြင်းတာ သူတို့ချက်တာ မဟုတ်ဘူးတို့ ဘာတို့တော့ ဖြစ်လာတော့တာပေါ့။ ဒါပေမယ့် တိ-မွေး-ကု တို့ ကျနော်တို့ မေးမြန်းချက်အရပေါ့ ဒီ အသား(ကြက်သား)ကနေ ဖြစ်တာပေါ့နေ်ာ သူတို့ ပြောပြချက်အရတော့ ရတဲ့နေရာတွေမှာပဲ ယူလိုက်တယ် ပြီးတော့ ကောင်းတာတွေကော မကောင်းတာတွေကော ရောသွားတယ် အဲ့ဒီ အသား မသန့်တဲ့ အခြေအနေကနေ စတာပါ အန္တရာယ်များပါတယ်”လို့ ဦးခမ်လျန်စွမ်းက ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆရာကန်တော့ပွဲအပြီး   ဒီအစားအစာကို စားသုံးခဲ့ပြီး နာရီပိုင်းအကြာမှာ အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သား  လူ ၅ဝ ထက်မနည်း   အစာအဆိပ်သင့်မှုလက္ခဏာတွေ ဖြစ်ပွားခဲ့တာပါ။

ကြက်ဆီထမင်းကို တာဝန်ယူချက်ပြုတ်ပေးခဲ့သူလို့ဆိုတဲ့ ဒေါ်သက်မွန်ကို ကန္တာရဝတီတိုင်း(မ်)က နိုဝင်ဘာ ၉ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာတော့ သူ့ဆီမှာ ကြက်ဆီထမင်းချက်ပြုတ်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

“ဒါကတော့ ဖြစ်တတ်တဲ့ သဘောပေါ့နော် အချိန်ပိုင်းပဲ ကြန့်ကြာသွားတဲ့အတွက်ကြောင့်မို့ ဖြစ်သွားတာပေါ့နော်လို့ သူတို့က အဲ့လိုပဲ ပြောတယ်။ ဆရာဝန်တွေက အိမ်တိုင်ရာရောက် အကုန်လာပြီးတော့ ကြည့်သွားတယ်။ ကျမကိုလည်း ကျောင်းမှာ ဆရာဝန်တွေကလည်း ခေါ်ပြီးတွေ့တယ်။ ခေါ်ပြီး စစ်ဆေးတယ် ဆရာဝန်တွေ ဘာမှမပြောဘူး။ နောက်ပြီးတော့ ကျောင်းက ပါမောက္ခတွေကအစ ဘာတစ်ခုမှ မပြောဘူး။ အခုကတော့ ဖြစ်တတ်တဲ့ သဘောပေါ့နော် အခန့်မသင့်လို့ ဖြစ်သွားတာပါတဲ့။ ချက်တဲ့သူကိုလည်း အားလည်းအားနာတယ်တဲ့ အဲ့လောက်အထိ ကျမတို့ကို သူတို့က ပြန်တောင်းပန်တာ။”လို့ ကြက်ဆီထမင်းချက်ပြုတ်ပေးခဲ့သူ ဒေါ်သက်မွန်က ပြောပါတယ်။

ကြက်ဆီထမင်းမှာယူဖို့ လွိုင်ကော်အဝေးသင် စတုတ္ထနှစ် အင်္ဂလိပ်စာမေဂျာကျောင်းသား EC အဖွဲ့ဝင် အေးကျော်ဦးက သူတို့ EC အဖွဲ့ဝင်ဖြစ်တဲ့ နွေးစုစံက တာဝန်ယူထားတယ်လို့ ဆိုပါတယ်။ အစာအဆိပ်သင့်တဲ့ကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို တိုင်တန်းတာမျိုး မလုပ်ဆောင်ခဲ့ဘူးလို့ ကိုအေးကျော်ဦးက ပြောပါတယ်။ ကျေအေးလိုက်တဲ့ သဘောမျိုးပဲ ထားရှိလိုက်တယ်လို့လည်း သူကပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့  ဒီအစာအဆိပ်သင့်မှုကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အခြေအနေမရှိသေးပေမယ့်လည်း ကျောင်းသားတွေရဲ့ သဘောဆန္ဒကသာ အဓိကပဲလို့ လွိုင်ကော်တက္ကသိုလ်၏ မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က အောက်တိုဘာ ၂၅ ရက်နေ့က ဖြေရှင်းထားပါတယ်။

ဒီလိုမျိုး စားသုံးသူအကြားက ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေဆီကို လာရောက်တိုင်တန်းမျိုး ပြုလုပ်မှပဲ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကြားဝင်စေ့စပ်ညှိနှိုင်းဖြေရှင်းပေးတာတွေ ပြုလုပ်နေပေမယ့်လည်း အစာအဆိပ်သင့်ခဲ့တဲ့ ကာယကံရှင်တွေက ဒီအစာအဆိပ်သင့်မှုနဲ့ ပတ်သက်လို့ လာရောက်တိုင်ကြားတာမျိုး မရှိသေးဘူးလို့ ဦးခမ်လျန်စွမ်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ အစာအဆိပ်သင့်တဲ့ကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံဖြေရှင်းဖို့လည်း လုပ်ဆောင်နေပြီလို့ ဦးခမ်လျန်စွမ်းက ပြောပါတယ်။

အစားအသောက်တွေကို ပမာဏများများနဲ့ ချက်ပြုတ်ရပါက အစားအစာသန့်ရှင်းလတ်ဆက်မှုနဲ့ ပတ်သက်လို့ အစိုးရဌာနဆိုင်ရာဆီကို ဆက်သွယ်အကူအညီ တောင်းခံရန်ဖို့လည်း ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာရဲ့ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts