spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လူ့အခွင့်အရေးဆိုင်ရာစာချုပ် လက်မှတ်ထိုးရန် အစိုးရကို တောင်းဆို 

Author

Date

Category

ထျိုးမြာ

တောင်းဆိုမှုများပြားလာမှသာ နိုင်ငံတကာစာချုပ်ဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာစာချုပ်တွင် မြန်မာနိုင်ငံအစိုးရက လက်မှတ်ထိုးနိုင်ရေးအတွက် အာရုံစိုက်လာမည်ဟု ညီမျှခြင်းမြန်မာ(Equality Myanmar)၏ ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

အဆိုပါစာချုပ်ကို မြန်မာအစိုးရက လက်မှတ်ထိုးလိုက်ခြင်းဖြင့် ပြည်သူအတွက် အကာကွယ်ပေးသော ဥပဒေများထွက်ပေါ်လာစေနိုင်မည့် အကျိုးရလဒ်များ ရရှိလာနိုင်ကြောင်း အောင်မျိုးမင်းက ပြောသည်။

“လက်နက်ကိုင်စစ်ပွဲတွေဖြစ်တဲ့အတွက် ပြည်သူလူထုက အခုချိန်ထိ အိုးအိမ်အတည်တကျ မဖြစ်သေးတဲ့အရာတွေ ပြန်ကြည့်မယ်ဆိုရင် မယ်ဟောင်ဆောင်ဘက်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း၊ အဲ့စခန်းကလူတွေကို ကျနော်တို့ ဘယ်လိုဆုံးဖြတ်မှာလဲ။ သူတို့ပြန်လာရန် ဘယ်လောက်ထိ အဆင်သင့်ဖြစ်ထားလဲ သူတို့ကို လူသားအဖြစ် ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့အတွက် အစိုးရက ဘယ်လောက်ပံ့ပိုးနိုင်လဲဆိုတာကို ကျနော်တို့ ကြည့်နေတယ်”ဟု အောင်မျိုးမင်းက ပြောသည်။

တိုင်းပြည်တွင် ဥပဒေအသစ်များ ရေးဆွဲနေသော်လည်း အချို့သော ဥပဒေဟောင်းများက လူထုကို လုံခြုံမှုမရှိခြင်း၊ နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရရှိမှုအခြေအနေများကို ထိပါးနေခြင်းကြောင့် အဆိုပါစာချုပ်က ယင်းအချက်များကို အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဆက်နွယ်လျှက်ရှိသော ကျန်းမာရေး၊ ပညာရေးကဏ္ဍပိုင်းတွင် အစိုးရက အနည်းငယ်ဖော်ဆောင် ပြောင်းလဲလာသည်ကို တွေ့ရသော်လည်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လူ့အခွင့်အရေးလေးစားလိုက်နာရေးအတွက် အစိုးရမှ ကာကွယ်ပေးခြင်း၊ ဖော်ဆောင်ပေးခြင်း အပြည့်အဝမရရှိသေးဟု အမျိုးသမီးများအတွက်အမျိုးသမီးဖောင်ဒေးရှင်း(WFWF)၏ ဒါရိုက်တာ ရိုစီကျော်က ပြောသည်။

“နိုင်ငံသားအခွင့်အရေးမှာဆိုရင် လွှတ်လပ်စွာပြောဆိုခွင့်မှာဆိုရင် ကျမတို့ ပြည့်ပြည့်ဝဝမခံစားရတာတွေရှိတယ်။ နောက်တခုက လွတ်လပ်စွာစုဝေးပိုင်ခွင့်တို့ အဲ့ဒါတွေလည်း မခံစားရတာတွေရှိတယ်။ ကယားပြည်နယ်ထွေအုပ်လည်း ထုတ်ထားတဲ့ဟာတွေ ရှိတယ်လေး။ ကျမတို့ အသင်းအဖွဲ့တွေတခုခုကို လုပ်မယ်ဆိုရင် စာရင်းတွေ ကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ အချက်က ကျမတို့ နိုင်ငံသာနဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ဆို လုံးဝမအပ်စပ်တာတွေရှိတယ်ပေါ့နော။ တရားရေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်ပေါ့နော့ ကြည့်လိုက်လို့ရှိရင် လူ့အခွင့်အရေးနဲ့ မကိုက်ညီတာတွေရှိတယ်”ဟု ရိုစီကျော်က ပြောသည်။

“ဒီဒေသမှာနေထိုင်ပေမဲ့ ကိုယ့်အခွင့်အရေးကိုကိုယ်မသိဘူး။ ကိုယ့်အခွင့်နဲ့ ပတ်သက်လို့ဘယ်လိုမှန်းတောင်ကိုယ်မသိဘူး။ ကြောက်နေရတဲ့ ပြည်သူလုထုတွေကို ကြည့်မယ်ဆိုရင်တော့ နယ်စွန်နယ်ဖျားက တိုင်းရင်သားဒေသတွေက ပိုများပါတယ်။ အမျိုးသမီးတွေကတော ့ပိုပြီးတော့ခံရပါတယ် ” ဟု ရိုစီကျော်က ဆက်ပြောသည်။

နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးစာချုပ်တွင် လက်မှတ်ထိုးမည်ဟု နိုင်ငံတကာကို ကတိပြုထားသည်မှာ သုံးနှစ်ရှိပြီဖြစ်သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ စာချုပ်တွင် အမြန်လက်မှတ်ထိုးနိုင်ရေး တိုက်တွန်းသော စည်းရုံးလှုပ်ရှားမှုတစ်ခုကို လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာစာချုပ်ကြီးဖြစ်​​သော လူ့အခွင့်အရေးဆိုင်ရာစာချုပ် (၉) ခုအနက် သုံးခုသာ လက်မှတ်ထိုးထားခြင်းလည်​း ဖြစ်သည်။

အဆိုပါ လူ့အခွင့်အရေးဆိုင်ရာစာချုပ်နှင့် ပတ်သက်၍ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဟိုတယ်လွိုင်ကော်တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်အခြေစိုက်အရပ်ဖက်၊ လူမှုအဖွဲ့အစည်းများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညီမျှခြင်းမြန်မာသည် လူထုအား လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေပြီး ကယားပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ုကုန်၊ မန္တလေးနှင့် ရခိုင်ဒေသတွင် ဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

spot_img
spot_img

Recent posts