spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

သိမ်မွေ့လှည့်စားသော ရင်းနှီးမြုပ်နှံမှုနှင့် ကယားပြည်နယ်၏ ဟက်တာ ၅ သောင်း စိုက်ပျိုးရေးမြို့တော်စီမံကိန်း

Author

Date

Category

ခွန်စိုးမိုးအောင်ရေးသားသည်။

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည်လည်း အရေးကြီးသောအခန်းကဏ္ဍ တစ်ခုမှပါဝင်လျက်ရှိပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်အတူ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းအမျိုးမျိုးသည်လည်း ပုံစံမျိုးစုံဖြင့်ပါဝင်ရောယှက်နေကြပါသည်။

ထိုသို့သောအကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများတွင် စိုက်ပျိုးရေးကို အခြေခံပြီး လုပ်ဆောင်သော စီမံကိန်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာအပါအဝင်ကမ္ဘာတစ်ဝှမ်းတွင် အရှိန်အဟုန်ကောင်းမွန်စွာဖြင့် လည်ပတ်နေလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရန်အတွက် ဦးစားပေးလုပ်ဆောင်မှုများ ရှိလာပါသည်။ ယေဘုယျအားဖြင့် တိုင်းပြည်လူဦးရေ၏ ၇၅% သည်ကျေးလက်ဒေသတွင် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခို၍ လုပ်ကိုင်စားသောက်နေကြပါသည်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ထေခိုသေဒရှိ ယာစိုက်ခင်းတစ်ခုတွင် အလုပ်ဆင်းနေသော ကယောတိုင်းရင်းသားများ (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

ထို့ကြောင့်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အးစားကြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို လာရောက်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် စိုက်ပျိုးရေးကဏ္ဍကို အခြေခံသော ရင်းနှီးမြုပ်နှံမှုများလည်း ပို၍တွင်တွင်ကျယ်ကျယ်ရှိလာသည်။ ထိုအထဲမှ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုများ တိုးတက်စေရန်အတွက် ပေါင်းစည်းလယ်ယာလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးမြုပ်နှံမှုများသည်လည်း ပိုမို၍တွင်ကျယ်လာပါသည်။

ကယားပြည်နယ်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွင် ပါဝင်ရင်းနှီးမှုပြုလုပ်နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတစ်ခု ၂၀၁၆ နှစ်နှောင်းပိုင်းမှစတင်၍ ချဉ်းကပ်လုပ်ဆောင်မှုများရှိလာခဲ့ပါသည်။

၂၀၁၆ခုနှစ်နှစ်နှောင်းပိုင်းမှစတင်၍ ကိုးရီးယားနိုင်ငံအခြေစိုက်ကုမ္မဏီတစ်ခုဖြစ်သော IGS Capital Corporationနှင့် ကယားပြည်နယ်အခြေစိုက် Royal Shwe Yati Group Co.Ltd တို့သည် ကယား ပြည်နယ်တွင်စိုက်ပျိုးရေးမြို့တော်ကြီးဖြစ်လာစေရန် ခြေလှမ်းတစ်ရပ်ကို ချဉ်ကပ်ခဲ့သည်။

ဒေသခံတိုင်းရင်းသားများ၏မိရိုးဖလာရိုးရာရွေ့ပြောင်း တောင်ယာစနစ်လုပ်ကိုင်ရခြင်းကြောင့် ရင်ဆိုင်နေရသော ပင်ပန်းဆင်းရဲမှုဒုက္ခကိုလျော့ချနိုင်ရန်၊ အဆင့်မြင့် နည်းပညာသုံးမျိုးစေ့နှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို ထိရောက်စွာအသုံးပြုနိုင်ရန်၊ ခိုင်မာသည့် ဈေးကွက်စီးပွား ရေးစနစ်သို့ လက်ရှိအစိုးရနှင့်အတူ အမြန်ဆုံးပူးပေါင်းဆောင်ရွက်လိုခြင်း စသောရည်ရွယ်ချက်ဖြင့် ဖရူဆိုမြို့နယ် အတွင်းရှိ ကျေးရွာ(၁၁)ရွာမှ မြေဟက်တာ ၅ သောင်း ပေါ်တွင် ပြောင်းသီးနှံကို အဓိက စိုက်ပျိုးသွားရန် ၎င်းတို့ ရည်ရွယ်နေသည်။

ယင်းအတွက် အမေရိကန်ဒေါ်လာစုစုပေါင်းသန်း(၅၀၀)ရှိသော ရင်းနှီးမြုပ်နှံမှုကို နှစ်(၅၀)လုပ်ကိုင်နိုင်ရန်အတွက် ကယား ပြည်နယ်အစိုးရအဖွဲ့နှင့် IGS Capital Corporation တို့အကြား လိုအပ်သော စိုက်ပျိုးမြေများရရှိရန် ကနဦး ရှာဖွေခြင်းအတွက် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ထိုသို့စိုက်ပျိုးရေးမြို့တော်ကြီးစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဦးဆောင်လှုပ်ရှားသော ကုမ္မဏီများသည် ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်၍ ချဉ်းကပ်ခဲ့ပါသည်။ ထို့အပြင် ဒေသခံများအား တွေ့ဆုံညှိနှိုင်းခြင်း၊ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းခြင်း၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနမှ ကွင်းဆင်းတိုင်းခြင်း၊ ကွင်းဆင်းအစီရင်ခံစာထုတ်ပြန်ခြင်း စသောအစီအစဉ်များကို ကြိုတင်ပြုလုပ်ထားပြီးဖြစ်သည်။

 

သို့သော်လည်း ၎င်းအကြီးစားရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်သော သတင်းအချက်အလက်ကို ဒေသခံပြည်သူများသော်လည်း၊ ဒေသအခြေပြုအရပ်ဘက်အဖွဲ့အစည်းများသော်လည်းကောင်း၊ ပြည်သူများမှသော်လည်းကောင်း လက်လှမ်းမှီနိုင်မှု မရှိပါ။

မည်သို့ပင်ဆိုစေကာမူ ဌာနေတိုင်းရင်းသားများသည် ၎င်းတို့ဒေသအတွင်းရှိ မြေနှင့်အရင်းအမြစ်များအပေါ်တွင် ရောက်ရှိလာမည့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများအကြောင်းကို သေချာသိရှိထားခြင်း မရှိသော်လည်း စီမံကိန်းဆိုင်ရာကနဦးဆောင်ရွက်မှု အဆင့်များတွင် ၎င်းတို့ကိုယ်တိုင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသည်ကို တွေ့မြင်နေရသည်။

သို့သော်လည်း ၎င်းရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၏ ဖော်ပြပါရည်ရွယ်ချက်များသည် ကောင်းမွန်သော်လည်း အဘယ်ကြောင့် ပွင့်လင်းမြင်သာစွာ မလုပ်ဆောင်ခဲ့သည်မှာ လူအများ၏ စိတ်ဝင်စားမှုကို ခံနေရရုံမျှမက အများ၏စောင့်ကြည့်မှုကို ခံနေရသည်။

ဌာနေတိုင်းရင်းသားများ၏ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်၊ လုပ်ကိုင်၊ မှီခိုလာသော မြေပေါ်တွင် ၎င်းတို့၏ မူရင်းရပ်တည်လုပ်ကိုင်စားသောက်လာခဲ့သော လုပ်ငန်းများကို ချန်ရစ်၍ အခြားသောရင်းနှီး မြုပ်နှံမှုလုပ်ကိုင်ရန်အတွက် ဌာနေတိုင်းရင်းသားများ၏ သဘောထားဆန္ဒသည် အဓိကကျနေသည်။

သို့သော် ၎င်းအကြီး စားရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို လက်လှမ်းမှီနိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိမှုတို့နှင့် ပတ်သက်ပြီး ရင်းနှီးမြုပ်နှံသူများ၏ ဌာနေတိုင်းရင်းသားများအား လွတ်လပ်စွာကြိုတင်အသိပေးအကြောင်းကြား သဘောတူညီမှုရယူခြင်း လုပ်ငန်းစဉ်ကိုလည်း မေးခွန်းထုတ်စရာဖြစ်နေရပါသည်။

ထို့အပြင် ၎င်းလုပ်ငန်း နှင့်ဆက်စပ်ပြီး နိုင်ငံရှိသဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွန်ချက်များအား မည်သို့လိုက်နာဆောင်ရွက်၍ အကောင်အထည်ဖော်မည်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံမှု လာရောက်လုပ်ကိုင်မည့် ကုမ္မဏီအနေဖြင့် နိုင်ငံတကာရှိ လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင် ရာ ယန္တရားများ၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း(FAO)၏ “တာဝန်ခံမှုရှိသောပေါင်းစည်းလယ်ယာ လုပ်ငန်းအကောင်အထည်ဖော်ခြင်းအတွက်လမ်းညွန်များ”အား မည်ကဲ့သို့ လိုက်နာသည်ကိုလည်းကောင်း၊ မိမိ တို့နှင့် လက်တွဲလုပ်ဆောင်မည့် ဒေသခံကုမ္ပဏီအပေါ် မည်သို့တာဝန်ယူမှုရှိသည်ကိုလည်းကောင်း တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းအဖြစ် သက်သေပြရန်လိုအပ်ပါသည်။

တို့အပြင် ရင်းနှီးမြုပ်နှံမှုပြုလုပ်မည့်သူများအနေဖြင့် မိမိတို့၏ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဒေသရှိ ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားများ၏ လူမှုစီးပွားအခြေအနေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ နိုင်ငံရေးရပ်တည်မှုနှင့် သဘာဝပတ်ဝန်းကျင်အကြောင်းကို ကောင်းမွန်စွာနားလည် သဘောပေါက်မှုရှိရန်နှင့် လေးစားမှုရှိရန် လိုအပ်သည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောစီးပွားရေးလုပ်ငန်း တစ်ခုအနေဖြင့် ဌာနေတိုင်းရင်းသားများအား အပြည်ပြည်ဆိုင်ရာလုပ်ငန်းအဖွဲ့မှ သတ်မှတ်ထားသော စံချိန်စံညွန်းများအပြင် မိမိတို့လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းဖြစ်စဉ်တစ်ခုလုံး၏ အကျိုးသက်ရောက်မှုနှင့် ဆိုးကျိုးသက်ရောက်မှုများကို စီမံကိန်းမစတင်မှီ ရှင်းလင်းစွာနားလည် သဘောပေါက်ရန် ကြိုတင်အသိပေးထားသင့်သည်။

သို့မှသာ ဌာနေတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ လူမှုစီးပွားရေး၊ နိုင်ငံရေးနှင့်သဘာဝပတ်ဝန်းကျင် အပေါ်သို့မည်သို့သက်ရောက်မှုရှိသည်ကို မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များသည် အပြုသဘောထက် အပျက်သဘောဆောင်သော ရင်းနှီးမြုပ်နှံမှုသို့ ဦးတည် သွားမည်ဖြစ်ပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း(FAO)၏ တာဝန်ခံမှုရှိသောပေါင်းစည်းလယ်ယာလုပ်ငန်း အကောင်အထည်ဖော်ခြင်းအတွက်လမ်းညွန်တွင် လုပ်ငန်းစဉ်အဆင့်တိုင်း၌ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဖော်ပြထားပါသည်။

IGS Capital Corporation နှင့် ကယားပြည်နယ်အစိုးရတို့ ရေးထိုးမည့် ကြိုတင်ပြင်ဆင်ထားသော နားလည်မှုသဘောတူညီမှုစာချွန်လွှာတွင် ပြည်နယ်အစိုးရမှ ရင်းနှီးမြုပ်နှံသူများ၏လုပ်ငန်းကောင်းမွန် စွာ လည်ပတ်နိုင်ရန်အတွက်လည်း လုပ်ပိုင်ခွင့်များ၊ စီမံခန့်ခွဲခွင့်များ၊ အကျိုးခံစားခွင့်များ၊ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်စွာဆောင်ရွက်ကို မြန်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ပေးရန် စသောအချက်များ ပါဝင်ပါသည်။

ထို့အပြင် ပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းသဘောတူညီမှုကာလပြီးဆုံးသည်အထိ ထိန်းသိမ်းထားရန် သို့မဟုတ် လုပ်ငန်းကာလပြီးဆုံးသော်လည်း ဆက်လက်ထိန်းသိမ်းထားရန် စသောအချက်များ ပါဝင်ပါသည်။ တစ်ဘက်တွင်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးးစားရင်းနှီးမြုပ်နှံမှုများသည် ဒေသခံဌာနေတိုင်းရင်းသားများအတွက် အခွင့်အလမ်းဖိတ်ခေါ်သလိုရှိနေသော်လည်း အခြားတစ်ဘက်တွင် ဒေသခံပြည်သူလူထုနှင့် ဌာနေတိုင်းရင်းသားများကိုသာမက အစိုးရတစ်ရပ်၏ အချုပ်အခြာအာဏာကိုပါ ထိန်းချုပ်နိုင်ရန်အတွက်လည်း အင်အားကြီးမားလွန်းလှပါသည်။

ထိုထက်ပိုမိုဆိုးရွားသည်မှာ ရင်းနှီးမြုပ်နှံမှုကို ဟန့်တားနိုင်မည့် အစိုးရ၏ ယန္တရားအားနည်းလွန်းနေခြင်း၊ ထိုရင်းနှီးမြုပ်နှံမှုကို နောက်ကွယ်မှ ပါဝင်ပံ့ပိုးနေသော အုပ်စုများ၏ အင် အားကြီးမားလွန်းခြင်းနှင့် ဖိအားများရှိနေခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်မှုကိုသာ အဓိကအာရုံစိုက်နေရခြင်း စသောအရာများကြောင့် ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားများသည် “ဖွံ့ဖြိုးရေး”ဟူသောခေါင်းစဉ် အောက်တွင် မြေဇာပင်အဖြစ်သို့ရောက်ရှိကာ အဆင်းလှသော ထိန်းချုပ်မှုအောက်တွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပုံစံမျိုးစုံဖြင့် ထိန်းချုပ်ခံရမည်ကို သတိပြုရမည်ဖြစ်သည်။

ထို့ကြောင့် ထိုအဆင်းလှသောထိန်းချုပ်မှုများမှ တန်ပြန်ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအနေဖြင့် နိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားများအားအကာအကွယ်ပေးနိုင်မည့်မူဝါဒနှင့် ဥပဒေများ စနစ်တကျပြင်ဆင်ထားရှိရန်လိုအပ်သည်။

ထိုဥပဒေမူဝါဒများသည် အပေါ်ယံသက်သက် မဟုတ်ဘဲ နိုင်ငံသားများ အထူးသဖြင့် ဌာနေတိုင်းရင်းသားများကို အကာအကွယ်ပေးနိုင်မှုရှိရန် လိုအပ်သည်။

အစိုးရအနေဖြင့် မိမိနိုင်ငံသို့ရောက်ရှိလာမည့် ရင်းနှီးမြုပ်နှံမှုများ၏ နောက်ကွယ်တွင် ပါလာတတ် သော အကြောင်းအရာများ၊ သတင်းအချက်အလက်များကို လက်လှမ်းမှီနိုင်စေရန်အတွက် စနစ်ကောင်းများကို တည်ထောင်ထားရှိရန်လိုအပ်သည်။ သို့မှသာ နိုင်ငံသားများ၊ ဒေသခံပြည်သူများမှ ဖွံ့ဖြိုးရေးအမည်နှင့် ပါလာတတ်သော နောက်ဆက်တွဲအကြောင်းအရာများကို သိရှိနိုင်မည်ဖြစ်ပြီး အဆင်းလှသော ထိန်းချုပ်မှုများမှ ရှောင်းရှားနိုင်မည်ဖြစ်သည်။

spot_img
spot_img

Recent posts