spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အမှုဖြစ်ယာဉ်များ သိမ်းဆည်းရာ၌ စနစ်တကျမထားရှိသဖြင့် သံချေတက်ပျက်စီးနေဟု ဆို

Author

Date

Category

လွိုင်ကော်မြို့နယ်တရားရုံးတွင် တွေ့ရှိရသော အမှုဖြစ် ယာဉ်များ (ဓါတ်ပုံ-နော်ဒွေးအယ်ခူး/ကန္တာရဝတီတိုင်းမ်)

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့နယ်တရားရုံးနှင့် ဖရူဆိုမြို့နယ် တရားရုံးတွင် ယာဉ်မတော်တဆမှုကြောင့် သိမ်းဆည်းထားသော သက်သေခံမော်တော်ယာဉ်များသည် နှစ်ရှည်လကြာသည်နှင့်အမျှ ထိုမော်တော်ယာဉ်များမှာလည်း သံချေးများတက်ပြီး ပျက်စီးနေသည်ကို တွေ့ရှိရကြောင်း ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမ)နေ့တွင် ထပ်ဆင့်မေးခွန်း မေးမြန်းရာမေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးရမိထားသော မည်သည့်ယာဉ်မျိုးမဆို မြို့နယ်တရားရုံးတိုင်း၊ မြို့နယ်ရဲစခန်းတို့မှာ စနစ်တကျထားရှိရာ ဆောက်လုပ်ထားရှိမည်ဆိုပါက ဖမ်းဆီးရမိထားသော မော်တော်ယာဉ်များ ပျက်စီးမှုများဖြစ်သော်လည်း နိုင်ငံတော်အတွက် ပြန်လည်အသုံးပြုနိုင်သည်ဟု ယူဆမိပါတယ်” ဟု ၎င်းကပြောသည်။

ယာဉ်မတော်တဆမှုကြောင့် သိမ်းဆည်းရမိသော မော်တော်ကားနှင့် ဆိုင်ကယ်များကို သက်ဆိုင်ရာရဲစခန်းတွင် ရဲစခန်းမှတ်ပုံတင် ၃၂တွင် မှတ်တမ်းတင်ရေးသွင်းထားရှိပြီး စနစ်တကျ သိမ်းဆည်း ထားရှိကြောင်းဟု ဆိုသောကြောင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၏ ရှင်းလင်းတင်ပြမှုမှာ မှန်ကန်မှုမရှိကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

အချို့ရဲစခန်းများတွင်လည်း သက်သေခံပစ္စည်းဖြစ်သည့် ယာဉ်အချို့တို့ကို သက်ဆိုင်ရာ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန နေပြည်တော်သို့ပို့ဆောင်ခြင်း မရှိဘဲ ၎င်းတို့ကိုယ်ပိုင်ယာဉ်သဖွယ်အသုံပြုနေကြသည်ဟု လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်သည်။

သို့သော်လည်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက “ဒါဟာလွန်ခဲ့တဲ့ ၂၀၁၆-၁ရမှာ သိမ်းဆည်းရမိတဲ့ ယာဉ်တွေကို မိုးထဲလေထဲပစ်ထားပြီး ပျက်စီးနေတာကို တွေ့တယ်ဆိုတာမှန်ပါတယ်။ အဲဒီအခြေအနေမျိုးကို ပြည်နယ်အစိုးရအနေနဲ့ သိမ်းဆည်းထားတဲ့ယာဉ်တွေ ပျက်စီးမှုမဖြစ်စေအောင် လက်ရှိမှာ လွိုင်ကော်မြို့နယ်ရဲ့တရားရုံးမှာ ယာဉ်ဂိုဒေါင်တွေ ဆောက်ထားပြီးဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိ ထပ်မံသိမ်းဆည်းမိသော ယာဉ်တွေမှန်သမျှကို ယာဉ်ရပ်နားနေရာကဲ့သို့ ယာဉ်ဂိုဒေါင်ကို တည်ဆောက်ပြီးစီးပါကြောင်းနှင့် နောင်တစ်ချိန်တွင် မည်သည့်ယာဉ်ပဲဖြစ်ဖြစ် သိမ်းဆည်းမိပါက ဖမ်းဆီးမိပါက စနစ်တကျ ဆက်လက်သိမ်းဆည်းသွားနိုင်ရေး တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

သက်သေခံမော်တော်ယာဉ်များနှင့် တရားဝင်မှတ်ပုံတင်ထားရှိသော လိုင်စင်ရှိ မော်တော်ကား၊ ဆိုင်ကယ်များကို သက်ဆို်င်ရာတရားရုံးများတွင် သက်သေခံပစ္စည်းအဖြစ် တင်ပြပြီး အမှုပြီးပြတ်ပါက ယာဉ်ပိုင်ရှင်များထံကို စနစ်တကျပြန်လည်ပေးအပ်ခြင်းကို ဆောင်ရွက်ကြောင်း သိရှိရသည်။

အလားတူ လိုင်စင်မဲ့ယာဉ်များကိုမူ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနကို အတည်ပြုမေးမြန်းပြီး တရားဝင်မှတ်ပုံတင်ခြင်းမရှိဟုဆိုရာ၌ အဆိုပါ လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူပြီး သက်သေခံယာဉ်များအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန နေပြည်တော်သို့ သက်ဆိုင်ရာအရာရှိမှ ဦးစီးပြီး စနစ်တကျ လွှဲပြောင်းအပ်နှံခြင်းကို ဆောင်ရွက်ခြင်းရှိပါကြောင်း ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။

ကယားပြည်နယ်၏ ၂၀၁၆ခုနှစ် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်းမှာ ၈၁ခု ရှိခဲ့ပြီး သိမ်းဆည်းရမိခဲ့သော သက်သေခံမော်တော်ကား ၃၂စီးနှင့် မော်တော်ဆိုင်ကယ် ၇၉စီး၊ ၂၀၁ရခုနှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်း ၆၉ခု ရှိခဲ့ပြီး သိမ်းဆည်းရမိသော သက်သေခံမော်တော်ကား ၂ရစီးနှင့် မော်တော်ဆိုင်ကယ် ၆၆စီး သိမ်းဆည်းရမိခဲ့သည်။

၂၀၁၈ ခုနှစ် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်းမှာ မေလ(၂၅)ရက်နေ့အထိ ၃၃ ခု ဖြစ်ပွားခဲ့ပြီး သက်သေခံမော်တော်ကားမှာ ၂၃ စီးနှင့် ဆိုင်ကယ် ၄၃ စီးကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် စုစုပေါင်း ယာဉ်တိုက်မှုဖြစ်ပွားမှုနှုန်းမှာ ၁၈၉ ခု ဖြစ်ပွားခဲ့ပြီးနောက် မော်တော်ကား ၈၂ စီးနှင့်ဆိုင်ကယ် ၁၈၈ စီး တို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်မှူးကြီးမြင့်ဝေ၏ ရှင်းလင်းတင်ပြချက်အရ သိရှိရသည်။

spot_img
spot_img

Recent posts