spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

အကြွေးတွေနဲ့ ပြည့်နေတဲ့ နိုင်ငံခြားပြန်

Author

Date

Category

မူဂျာမီလှိုင်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ပေါ်လုံရွာက တဲအိမ်တစ်လုံးထဲမှာ ထမီကို ဒူးအထက်ခပ်တိုတိုဝတ်ထားတဲ့ အဖွားတစ်ယောက် ထွက်လာပြီး လမ်းမကြီးပေါ်မှာ ခပ်သွက်သွက်လေး လမ်းလျှောက်လာပါတယ်။

နောက်တော့ တခြားရပ်ကွက်ထဲက နှစ်ထပ်အိမ်ကြီးထဲကို ဝင်သွားလိုက်ပါတယ်။ အိမ်ကြီးထဲမှာ ဆယ့်ငါးမိနစ်လောက်ကြာပြီး အဖွားရဲ့မျက်နှာမှာ အပြုံးတွေနဲ့၊ လက်ထဲမှာလည်း တစ်ထောင်တန်ငွေထုပ်တစ်ထုပ်ကို ကိုင်ပြီး ထွက်လာပါတယ်။ အဖွားရဲ့ သားအငယ်ဆုံးလေး နိုင်ငံခြားကိုသွားဖို့ ရွာထဲမှာရှိနေတဲ့ သူဌေးတစ်ယောက်နားကို ငွေသွားချေးနေတာ ဖြစ်ပါတယ်။

အဖွားရဲ့မိသားစုမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ပဲရှိပါတယ်။ ဒီထဲမှာမှ အငယ်ဆုံးသားက ဆယ်တန်းကို နေပြည်တော်မှာရှိတဲ့ ပရဟိတကျောင်းမှာ သွားနေပြီး ကျောင်းတက်နေပါတယ်။ ကျန်တဲ့နှစ်ယောက်ဟာ ရွာမှာ ပန်းရံလုပ်၊ နေ့စားလိုက်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေကြပါတယ်။

အခုနှစ်ပိုင်းမှာ ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက ရွာတွေဟာ အလုပ်အကိုင်ရှားပါးလာတာနဲ့အမျှ လူငယ်တွေဟာ ရပ်ရွာတွေမှာမနေတော့ဘဲ နိုင်ငံခြားတွေကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေကြပါတယ်။ ရွာထဲကလူငယ် ထက်ဝက်နှုန်းက နိုင်ငံခြားကိုထွက်ပြီး ငွေရှာကြပါတယ်။

ဒါကြောင့် အဖွားရဲ့သားဟာ နိုင်ငံခြားမှာ ပိုက်ဆံရှာသွားဖို့ လိုအပ်တဲ့စရိတ်တွေကို ရွာထဲကတတ်နိုင်သူတွေဆီကို အဖွားက သွားတောင်းပေးခြင်းဖြစ်ပါတယ်။ ရလာတဲ့ငွေလေးနဲ့ အဖွားရဲ့သားလေး ထိုင်းနိုင်ငံကို သွားနိုင်ခဲ့ပါတယ်။ ဒီမြင်ကွင်းက လွန်ခဲ့တဲ့လပိုင်းက နမ့်ပေါ်လုံရွာလေးထဲမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးဖြစ်ပါတယ်။

” သူထိုင်းကိုစသွားတုန်းကဆို အဖွားအရမ်းပျော်တယ်လေ ကိုယ့်သားသမီး သူများနိူင်ငံကို သွားရတာဆိုတော့လေ” လို့ သက်ပြင်းလေးလေးချကာ အဖွားကပြောပါတယ်။

အိမ်မှာ အဖိုးကဆုံးတာကြာပြီ ဆိုတော့ အဖွားကပဲ အိမ်ထောင်ဦးစီးဖြစ်နေရပါတယ်။ ထိုင်းနိုင်ငံကို ရောက်ပြီးသွားတဲ့နောက်မှာတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ အဖွားရဲ့သားလေးကလည်း ပွဲစားတွေရဲ့ လိမ်ညာခြင်းကို ခံရပြီး အဆင်မပြေစွာနဲ့ နေထိုင်နေရပါတယ်။

အလုပ်အဆင်မပြေ၊ ပါလာတဲ့ငွေတွေကုန်၊ ဒီလိုပုံစံနဲ့ ကြာကြာမနေနိုင်တဲ့ အဖွားရဲ့သားဟာ ၂လအကြာမှာ ပြန်ရောက်လာခဲ့ပါတယ်။

“ပွဲစားက စစချင်းခေါ်တဲ့အချိန်ဆို စက်ရုံမှာလုပ်ရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဟိုမှာရောက်တော့ ခြံတွေလုပ်ရတယ် ပိုးသတ်ဆေးတွေဖြန်းရတယ်လေ ” လို့ အဖွားရဲ့သားကပြောပါတယ်။

သူ့လိုပဲ အလိမ်ခံရတဲ့သူတွေအများကြီးရှိနေတယ်လို့ သူကပြောပါတယ်။ အထူးသဖြင့် ကယန်းတိုင်းရင်းသားတွေ အလိမ်ခံနေရတယ်လို့ ဆိုပါတယ်။

ပွဲစားကစက်ရုံမှာ လုပ်ရမယ်လို့စာချုပ်ချုပ်ပြီး တကယ်တမ်းကျတော့ မလုပ်ရတဲ့အတွက် ပွဲစားကို ဖုန်းဆက်မေးပေမယ့် သူတို့ရဲ့ဖုန်းကို ဘလော့လိုက်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဖုန်းဆို သူအကုန်ဘလော့လိုက်တယ် သူ့နဲ့အဆက်သွယ်မရဘူး အမေကိုပြောပြတော့ အဆင်မပြေရင် ပြန်လာလိုက်လို့ပြောတော့ ကျွန်တော်လည်းပြန်လာလိုက်တယ်” လို့သူကပြောပါတယ်။

တစ်ချို့သူတွေက ပွဲစားကောင်းလို့ အလုပ်ကောင်းရတဲ့သူတွေ ရှိတယ်ဆိုပေမယ့် ခပ်ရှားရှားပါပဲ။

“သူတို့တော့ အဆင်ပြေကြပါတယ်။ သူတို့အတွက်စုရသလို အဒေါ်တို့ရဲ့ အခက်အခဲတွေကိုလည်း ကြည့်ပေးတယ်” လို့ သမီးနှစ်ယောက်လုံး ထိုင်းကိုသွားပြီး အလုပ်လုပ်နေကြတဲ့
အဒေါ်တစ်ယောက်က ဆိုပါတယ်။

အချို့သူတွေက အဆင်ပြေနေပေမယ့် အဖွားမှာတော့ အကြွေးတွေ၊ အတိုးတွေနဲ့ ပတ်ချာလည်နေရှာပါတယ်။

အရင်းကိုမဆပ်နိုင်သေးတော့ အတိုးတွေချည်း တက်နေပါတယ်။ ဒီလိုနဲ့ အဖွားလည်း သူမရဲ့သားနဲ့ တိုင်ပင်ပြီး တောင်ယာတစ်ခင်းကို ရောင်းချလိုက်ရပါတယ်။

တောင်ယာရောင်းလို့ရတဲ့ ငွေတွေနဲ့ အကြွေးတွေကို လိုက်ဆပ်လိုက်ရပါတယ်။ တစ်ချို့အကြွေရှင်တွေက အဖွားကို သနားလို့ အတိုးတွေကိုမယူတော့တဲ့အပြင် အရင်းကိုတောင် လျှော့ပေးလိုက်ကြပါတယ်။

နိုင်ငံခြားမှာ သားလေးအလုပ်အကိုင်မရခဲ့ပဲ အကြွေးတွေနဲ့ဝိုင်းဝိုင်လည်ခဲ့ရတဲ့ အဖွားတို့ရဲ့ မိသားစုမှာတော့ တနေ့တဲအိမ်လေးဘဝကနေ သပ်သပ်ရပ်ရှိတဲ့အိမ်တစ်လုံး ဆောက်ပြီးနေ နိုင်ဖို့ အဖွားမျှော်လင့်နေပါတယ်။

̏စုစုပေါင်း သိန်း ၂ဝလောက် ရှုံးသွားတယ် အဖွားလည်း တနေ့နေ့မှာ သူများလို အိမ်သပ်သပ်ရပ်ရပ်လေး နေဖူးချင်တယ်˝ လို့ အဖွားက သေးငယ်တဲ့ လေသံနဲ့ ပြောနေပါတယ်။

spot_img
spot_img

Recent posts