spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အပြန်အလှန်စွပ်စွဲအငြင်းပွားနေသောလွိုင်ကော်က မြေလုပွဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)-

လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ်ရပ်ကွက်အနီး စစ်တပ်တောင်ကွင်းအမှတ် ၁၆၆ ရှိ မြေ ၇ရ ဧကကို  မြို့ပြ စီမံကိန်းမြေ (Town Plan)နေရာဟုဆိုကာ အစိုးရ၏ ဌာနဆိုင်ရာအဆောက်အဦးများ တည်ဆောက်ရန် ရည်ရွယ်နေပြီး ယင်းမြေနေရာကို ကန့်ကွက်နေသူများက ၎င်းတို့၏ စိုက်ပျိုးမြေများဖြစ်ကြောင်းဟု ဆိုကာ အပြန်အလှန်စွပ်စွဲမှုများ အငြင်းပွားနေကြသည်။

ယင်းမြေနေရာများသည် မြို့ပြစီမံကိန်းအတွက် ရေးဆွဲလျာထားသည့်အတွက် မြေနေရာတိုင်းတာခြင်း၊ အဆောက်အဦးများဆောက်လုပ်ခြင်းများ ဆက်လက်လုပ်ဆောင်ရန်သာ ရှိသည်ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက မေလ ၁၂ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။

 

“၂၀၁၃ ကတည်းက Town Plan (မြို့ပြစီမံကိန်း) ရေးဆွဲထားပြီးသား။ ဒီမြေနေရာတွေ အစိုးရဌာနဆိုင်ရာရုံး ၃၄ ရုံး အတွက် စီစဉ်ထားပြီးသားပါ။ ကျနော်တို့ကတော့ ဆက်လုပ်သွားဖို့ပဲရှိမယ်။” ဟု ဦးကျော်မိုးက ပြောသည်။

ယင်းမြေနေရာများအပေါ် မိမိတို့မှ စိုက်ပျိုးသီးနှံများ စိုက်ပျိုးခဲ့သော မြေနေရာများဖြစ်ခဲ့ပြီး ယင်းသို့ Town Plan (မြို့ပြစီမံကိန်း)ရေးဆွဲမည်ကိုလည်း မသိရှိရကြောင်း ဦးတာမွိုင်က ပြောသည်။  

မေလ ၁၂ ရက်နေ့မှ စ၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြေနေရာတိုင်းတာမှုများ လာရောက်ပြုလုပ်နေကြစဉ် (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

အဆိုပါ အမှတ် ၁၆၆ ကွင်း စစ်တပ်တောင်ကွင်းမြေ ၇ရ ဧကပေါ် တောင်သူများမှ ဝင်ရောက်ကျူးကျော် ခြံကာခြင်းနှင့် နေထိုင်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ ဇန်နဝါရီလ ၂ရ ရက်နေ့၌ တရားစွဲဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုခံရသူများက ယင်းကွင်းအမှတ်ကို အာဏာပိုင်များမှ လိမ်လည်ထားပြီး ကွင်းအမှတ်မှာ ၁၅၄ ကွင်းသာ ဖြစ်ကြောင်းနှင့် မိမိတို့၏ ရှေ့ယခင်ကတည်းက စိုက်ပျိုးမြေဖြစ်ခဲ့ကြောင်း ဆိုကြသည်။

ယင်းမြေ ဧက ၇ရ ပေါ်ရှိ နေရာအချို့ကို ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ)၊ အသွင်ပြောင်း(ရပခ)ပြည်သူ့စစ်ဌာနေ ဟိုယာဒေသနှင့်  KNDP အဖွဲ့တို့၏ မိသာစုအချို့က ပိုင်ဆိုင်ကြောင်း ဦးစောလုကူက ပြောသည်။

ယင်နေရာများကို ယခင်က စစ်တပ်မှ လုံခြုံရေးအတွက် သိမ်းယူခဲ့ကြောင်း၊ ထို့နောက် ကြက်ဆူစိုက်ပင်များ စိုက်ပျိုးခိုင်းသည့် အချိန်တွင် မိမိတို့မှ စွန့်လွှတ်ခဲ့ကြရသည်ဟု တရားစွဲဆိုခံရသူများက ငြင်းဆိုသည်။

သို့သော် လွိုင်ကော်မြို့နယ် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးသော်က တရားစွဲဆိုထားသော ယင်းမြေနေရာသည် ၎င်းတို့၏ စာရင်းအင်းတွင် အကွက်အမှတ် ၁၆၆ သာဖြစ်ကြောင်း တုန့်ပြန်သည်။

၎င်းတို့ ပိုင်ဆိုင်သည်ဟု ရေးသားထားသော စာကို လိုက်လံကပ်နေစဉ် (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

တရားစွဲဆိုခံရသူများက မိမိတို့၏ စိုက်ပျိုးမြေနေရာများကို မတရားသဖြင့် သိမ်းယူခြင်းခံခဲ့ရပြီး  ယင်းကိစ္စမတိုင်ခင် အဆိုပါ မြေများကို လုပ်ထုံးလုပ်နည်းအတိုင်း မှတ်ပုံတင်ရန် ကြိုးစားခဲ့သော်လည်း တာဝန်ရှိသူများမှ မျက်ကွယ်ပြုခဲ့ကြောင်း ဆိုကြသည်။

ထို့အပြင် ၂၀၁၅ ဒီဇင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးမှ ယင်းမြေနေရာနှင့် ပတ်သက်၍ တောင်သူများကို ခေါ်ယူတွေ့ဆုံကာ မြေများကို သိမ်းယူမည်မဟုတ်ကြောင်း၊ စိုက်ခင်းနှင့် ကာရံထားသော ခြံစည်းရိုးများ အနည်ငယ်ထိခိုက် ပျက်စီးမည်ဖြစ်၍ အချင်းချင်းညှိယူပြီးမှ စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကို်င်ကြရန် ပြောဆိုခဲ့ကြောင်း သိရသည်။

၂၀၁၆ ဇူလိုင်လ ၁၄ ရက်နေ့တွင် ယင်းမြေနေရာတွင် အများပြည်သူအကျိုးအလို့ငှာ အစိုးရဌာနဆိုင်ရာရုံးများ ဆောက်လုပ်ရန် လျာထားသတ်မှတ်ထားပြီဖြစ်သောကြောင့် မကျူးကျော်ရန် လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။ မလိုက်နာပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရသော်လည်းကောင်း အခြားဥပဒေတရပ်ရပ်သော်လည်းကောင်း အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုခံရသူများက ၂၀၁ရ မေလ ၉ ရက်စွဲဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသို့ စာဖြင့်ပေးပို့ တိုင်ကြားထားကြောင်း သိရသည်။ ယင်းမြေနေရာတိုင်းတာမှုများကို မေလ ၁၂ ရက်နေ့မှ စ၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြေနေရာတိုင်းတာမှုများ လာရောက်ပြုလုပ်နေကြပြီ ဖြစ်သည်။

spot_img
spot_img

Recent posts