spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ကျောင်းတက်ရင်း အားကစားမှာ ထူးချွန်သွားတဲ့ ဆယ်သဲကျောင်းက ကယန်းသူ နပန်းမယ်လေး

Author

Date

Category

မူအက်စတာ

အင်္ကျီအဖြူ၊ အနက်ရောင်ထဘီကို ဝတ်ဆင်ပြီး ဆိုင်ကယ်ကို သာမာန်အမျိုးသမီးတွေထက် ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်လာသူ မဂျူးစဖင်းတစ်ယောက် သူမနေထိုင်ရာ ဒေါဘူးငံရယ်(၅)မိုင်ကနေ ကျောင်းကိုနေ့စဉ်လာပါတယ်။ ကျောင်းဆိုရာမှာ အစိုးရကျောင်းမဟုတ်ပါဘူး။ ထိုင်းမြန်မာနယ်စပ်က ကရင်နီဒုက္ခသည်ကနေ ကျောင်းပြီးထားတဲ့ ဆရာ/မတွေကနေပြီး ကရင်နီပြည်မှာ ရှိနေတဲ့ အစိုးရကျောင်းကို ဆက်လက်တက်ရောက်နိုင်ခြင်းမရှိပဲ ပညာကို ဆက်လက်သင်ယူလိုတဲ့ ကျောင်းသားလူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်( She Theh Learning Center-STLC) ပဲ ဖြစ်ပါတယ်။

ဒီကျောင်းကို ရောက်ရှိနေတဲ့ သူတွေအများစုက အစိုးရကျောင်းကို နည်းအမျိုးမျိုးနဲ့ ဆက်လက်တက်ရောက်နိုင်ခြင်းမရှိတော့တဲ့ ကျောင်းသားလူငယ်တွေ ဖြစ်ပါတယ်။ သူတို့တွေ ဘာကြောင့် ဒီကျောင်းကို ရောက်ရှိနေကြရတာလဲလို့ မေးရင် လိုချင်တဲ့ ပညာရပ်တွေ ရပ်တန့်မသွားစေဖို့၊ အသိပညာ ဗဟုသုတတွေကြွယ်ဖို့၊ ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်စေဖို့ ပညာကို လိုချင်တဲ့အခါ ကိုယ့်ကိုယ်ကို အားကိုးတတ်စေဖို့အတွက် ရောက်ရှိလာကြတာဖြစ်ပါတယ်။ ဒီဆယ်သဲကျောင်းမှာ ပညာသင်ယူနေတဲ့ မဂျူးစဖင်းဟာဆိုရင် ဆယ်တန်းကို အစိုးရကျောင်းမှာ တစ်နှစ်တက်ပြီး ကျောင်းထွက်အိမ်အလုပ်ကူခဲ့ရပါတယ်။။ အိမ်အလုပ်ကူရင်း ပညာဆက်သင်လိုတဲ့အတွက် ဆယ်သဲကျောင်းနဲ့ ချိတ်ဆက်ပြီး ပညာဆက်လက် ဆည်းပူးခဲ့သူပါ။

သူမဟာ ပညာဆည်းပူးရင်း အားကစားကိုလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတက်နေချိန် ၂၀၁၇-၁၈ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲမှာ ကယားပြည်နယ်ကိုယ်စားပြု အမျိုးသမီးနပမ်းပြိုင်ဖို့ဆိုပြီး ကိုယ်စားလှယ်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၁၅မိနစ် လေ့ကျင့်မှု၊ အတွေ့အကြုံမရှိ၊ နည်းပြမရှိပဲ နပမ်းသတ်ပြိုင်ရာ သူမ တတိယဆုကို ဆွတ်ခူးရယူခဲ့ပါတယ်။

မဂျူးစဖင်ကို ဆုတံဆိပ်နှင့်အတူ တွေ့ရစဉ် (ဓါတ်ပုံ – မူအက်စတာ)

“ဆရာက နည်းစနစ် နှစ်ကွက်ကိုု ၁၅ မိနစ်နဲ့ သင်ပေးတယ်ပေါ့နော် တိုင်းနဲ့ ပြည်နယ်တွေမှာ ဆိုရင် လနဲ့ချီပြီး နည်းစနစ်ကို သင်ယူရတယ် ကျမတို့က ဘောလုံးကန်ပြီး ပြေးရတဲ့ သင်တန်းလောက်ပဲ ရှိတယ် အဲ့နည်းစနစ် ၁၅ မိနစ်ထဲက နှစ်ကွက်လေးနဲ့ ဝင်ကစားတယ် ကျမတို့ အနိုင်ရခဲ့ပါတယ် ကျမတို့က သုံးယောက်တောင်မှ အနိုင်ရခဲ့ပါတယ် ကယားပြည်နယ် ကိုယ်စားလှယ် ကနေပြီးတော့မှပေါ့” လို့ မဂျူးစဖင်းက ပြောပြပါတယ်။
သူမ ကျောင်းပညာရေးတစ်ဖက်နဲ့ ပြည်နယ်ကိုယ်စားပြုအတွက် သွားရောက်ယှဉ်ပြိုင်ရတဲ့အချိန်မှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကိုလည်း ပြောပြပါသေးတယ်။

“စစတော့ စိန်ခေါ်မှု ရှိတယ်ပေ့ါနော် ဘာဖြစ်လို့လည်း ဆိုတော့ ဆရာကခွင့်တိုင်ပေးမယ်ပြောတယ်။ နောက်တော့ ကျမတို့ကျောင်းက အစိုးရကနေသွားတဲ့ ကျောင်းမဟုတ်တော့ ဆရာက မထုတ်ပေးနိုင်တော့ဘူး ပြောတယ် ဆရာကလည်း လာပြောပေးမယ်ဆိုပြီး သူညာသွားတယ်တစ်ခု ပေါ့နော် ကျမတို့ကို ခွင့်မပေးဘူး အဲ့တစ်ခုက ကျမတို့ အား/ကာက ဆရာပေ့ါနော် ဘာလို့ ကျမကို ခွင့်မတောင်းပေးလည်းဆို တယောက်တည်း သွားရမာ နည်းနည်းရှက်လို့ အဲ့ကြောင့်။ ကျမအတွက် စိန်ခေါ်မှုတွေ ရှိတယ်” လို့ ပြောဆိုသွားပါတယ်။

သို့ပေမယ့် သူမ အားကစားပိုင်းလည်း ထူးချွန်သလိုပညာရေးမှာလည်း အဆင့်မနိမ့်ခဲ့ပါဘူး။ ဆယ်သဲမှာ သင်ယူလေ့လာရတဲ့ ပညာရပ်အပိုင်းတွေကိုလည်း အားရခဲ့တယ်လို့ ဆိုပါတယ်။ “ကျမတို့က စာတစ်ဖက်တည်း မဟုတ်ဘူးပေါ့နော် လှုပ်ရှားမှုတွေ အများကြီး ပြီးတော့မှ ကျမတို့ အမှတ်ယူတဲ့ ပုံစံဆိုလည်း ကိုယ့်ရဲ့ လုပ်ရှားမှု ပြီးတော့မှ အကျင့်စာရိတ္တကစ ယူတယ်ပေါ့နော် ကျမတို့က စာမေးပွဲကျတယ်ဆိုတာ မရှိပါဘူး။ စာလည်း အလွတ်ကျက်ရတယ်ဆိုတာမျိုးလည်း မရှိပါဘူးပေါ့နော် ကိုယ့်ဘာသာကိုယ် လေ့လာတယ်” လို့ ဆိုပါတယ်။

ဓါတ်ပုံ (ဂျူးစဖင်း (facebook))

အကယ်၍ ကရင်နီပြည်နယ်အတွင်းမှာ ရှိနေတဲ့ ကျောင်းသားလူငယ်တွေလည်း အစိုးရကျောင်းမှာ ဝင်ခွင့်မရှိတော့ပဲ ပညာဆက်လက်သင်ယူချင်မယ်ဆိုရင် ဆယ်သဲကျောင်းကို ဆက်သွယ်ပြီး မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ပြန်လျှောက်လှမ်းလိုက်ပါ။ ဒီကျောင်းရဲ့ သင်ကြားတဲ့ဘာသာရပ်တွေက တက္ကသိုလ်တွေမှာတောင် မသင်ရတဲ့ဘာသာရပ်တစ်ချို့ကို သင်ကြားပေးနေတာဖြစ်ပါတယ်။ အစိုးရကျောင်းတွေမှာ မသင်ကြားခဲ့ရတဲ့ အဆင့်မြင့်ဘာသာရပ်တွေကို ဒီဆယ်သဲကျောင်းမှာ သင်ကြားပေးနေတာကို တွေ့ရမှာပါ။

ကယားပြည်နယ် အစိုးရကနေပြီးတော့ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပေမယ့် ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအသင်းအဖွဲ့တွေ(CSOs)၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း(INGOs)၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGOs)၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ လူငယ်လေးတွေ အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“ကျောင်းပြီးသွားရင် ကျန်းမာရေးအဖွဲ့အစည်းမှာ ဝင်ပြီး တာဝန်ထမ်းဆောင်ချင်တယ်” မဂျူးစဖင်းကတော့ ဆယ်သဲကျောင်းပြီးသွားရင် ကျန်းမာရေးအဖွဲ့အစည်းတစ်ခုခုမှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေပါပြီ။

spot_img
spot_img

Recent posts