spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ငွေတောင်ပြည်က ပေးခဲ့တဲ့ ပေါင်းစည်းခြင်းအမွေ

Author

Date

Category

ထျိူးမြာ

 

ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်ကြတဲ့အတွက် ကရင်နီလူမျိုးတွေဟာ မိမိတို့ရဲ့ မိရိုးဖလာ ရိုးရာဖားစည်ကို အထွဋ်အမြတ်ထားကြပါတယ်။ တချိန်က ကယား(ကရင်နီ)ပြည်ငယ်လေးထဲမှာ ဖားစည်တွေမြောက်များစွာရှိခဲ့ပေမဲ့ ခေတ်တကွေ့ရဲ့ စီးပွားရေးအခြေအနေ အကြပ်အတည်းနဲ့ နှစ်ပေါင်းရှည်ကြာကြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တို့ရဲ့ အကျိုးဆက်တွေကြောင့် ဖားစည်တွေတဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြရပါတယ်။

ယခင်က ဖားစည်ကို ရပ်ထဲ၊ ရွာထဲမှာ လွယ်လွယ်ကူကူနဲ့မြင်တွေ့နိုင်ပါတယ်။ အခုချိန်မှာဖားစည်ကို အလွယ်တစ်ကူကြည့်ရှုချင်တယ်ဆိုရင်တော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ယဉ်ကျေးမှုပြခန်းမှာသာ သွားကြည့်ရတော့မှာပါ။

ယခုဆိုရင် ပြခန်းမှာ ဖားစည်အလုံးရည်ပေါင်း ဆယ့်ခြောက်လုံးလောက်ဘဲထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ပြတိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးမှူး ဦးဆော်ရယ်က ပြောပါတယ်။

ဖားစည်ရဲ့ပုံသဏ္ဍာန်ကတော့ မျက်နှာပြင်ပေါ်မှာရှိတဲ့ အလှဆင်အကွက်တွေကိုတော့ ဝါးကိုပုံဖော်ပြီး ဖယောင်းတွေပေါ်မှာ ရိုက်နှိမ့်ထားတာဖြစ်ပါတယ်။ ဖားစည်းရဲ့မျက်နှာပြင်ပေါ်မှာဆိုရင် ဖားရုပ်၊ ငါးရုပ်၊ ကြယ်ရုပ်နဲ့ ကိုယ်ထည်မှာတော့ ဆင်ရုပ်လို ထွင်းထုထားတာကိုတွေ့ရပါတယ်။ စက်မှုနည်းပညာတွေနဲ့လုပ်ထားတာမဟုတ်ပေမဲ့ လက်ယာကအရမ်းကို သေသန့်ပါတယ်။

“မင်္ဂလာဖားစည်” ဆိုရင် ဖားရုပ်တွေကတစ်ကောင်နောက်ကို တစ်ကောင်လိုက်နေကြပါတယ်။

“ အမင်္ဂလာဖားစည်” ဆိုရင်တော့ ဖားရုပ်တွေက တစ်ကောင်နဲ့တစ်ကောင် မျက်နှာချင်းဆိုင်နေကြပါတယ်။

မင်္ဂလာဖားစည်ကို မင်္ဂလာရှိတဲ့အခမ်းအနားတွေမှာ(မင်္ဂလာပွဲ၊အိမ်သစ်တက်ပွဲ၊ဂတိသစွာခံတဲ့အချိန်မှာ)အသုံးပြုကြပြီးတော့ အမင်္ဂလာဖားစည်ဆိုရင် အသုဘတို့အစရှိတဲ့ အမင်္ဂလာအခမ်းအနားတွေမှာ အသုံးပြုကြပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အသုံးပြုနေတဲ့ ကရင်နီနိုင်ငံတော်အလံနဲ့ တံဆိပ်တွေမှာလည်း ဖားစည်ပုံကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

ဖားစည်ရဲ့အလယ်ဗဟိုမှာ အရွယ်အစားတူညီစွာဖြာထွက်နေတဲ့ ရောင်ခြည်တန်းကတော့ ကရင်နီပြည်တွင်းရှိလူမျိုးအားလုံးကို တန်းတူမှုအခြေခံမှုအပေါ်ပေါင်းစည်းထားတာကို ဖော်ပြတာဖြစ်ပြီး အလံတော်ရဲ့အဖြူကွက်မှာ ထားရှိခြင်းကတော့ ကရင်နီပြည်တွင်းရှိ လူမျိုးတွေရဲ့ ဖြူစင်သန့်ရှင်းဖြောင့်မတ်တဲ့ရည်ရွယ်ချက်နဲ့ ပေါင်းစည်းထားတာကိုဖော်ပြခြင်းဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံးဝန်ကြီးချုပ် စောဝဏ္ဏ လက်ထက်တုန်းကဆိုရင်လည်း ကယားကလူ(ကလို)ပွဲတော်ဆိုပြီး ပြည်နယ်အစိုးရကလည်း ဖားစည်ကို တန်ဖိုးထားထိန်းသိမ်းကျင်းပပြုလုပ်ခဲ့ဖူးတယ်။

ဖားစည်ကို ရှေ့နှစ်ပေါင်းများစွာတုန်းက ကယားပြည်နယ်ရဲ့ အရင်ကငွေတောင်ပြည်လို့ခေါ်ဆိုတဲ့ (ငွေတောင်)ပရေ့လဗဲ့ကျေးရွာမှာ သွန်းလုပ်ကြတာပါ။

“ဖားစည်က ကျနော်တို့ပြည်နယ်မှာဆိုရင် ထုတ်လုပ်တဲ့သူက ငွေတောင်မှာနေတယ် (ဦးလုံ့စိုင်း) သူကမရှိတော့ဘူး ဒါပေမဲ့ သူကလုပ်ခဲ့တယ်။ ၁၉၆ဝ နောက်ပိုင်းအထိပေါ့နော။ အဲ့အထိလောက်ပဲ ကျနော်တို့သုံးသပ်လို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ အဲ့နောက်ပိုင်း ထွက်လာတဲ့ ဖားစည်သိမ့်မရှိတော့ဘူးလေး ” လို့ ဦးဆော်ရယ်က ပြောပါတယ်။

ဘိုးဘွားတွေလက်ထက်တုန်းကဆိုရင် ဖားစည်ကို အထွဋ့်အထိပ် အမြတ်တနိုးထိန်းသိမ်းထားကြပေမဲ့ ၁၉၈ဝ ၁၉၉ဝ ၂၀၀ဝ ခုနှစ်ဝန်းကျင်လောက်မှာ စီးပွားရေးကျပ်တည်းမှု စားဝတ်နေရေးအဆင်မပြေမှုတွေကြောင့် ဖားစည်တစ်လုံးကို ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်လောက်နဲ့ရောင်းခဲ့ကြတာတွေရှိတယ်လို့ သိရပါတယ်။

ဖားစည်သွန်းလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ပါတ်သက်ပြီး ယဉ်ကျေးမှုပြခန်းမှာရှိတဲ့ စာစောင်မှ ယခုလိုရေးသားဖေါ်ပြထားပါတယ်။

“ ဖားအော်မှမိုးရွာ၊ မိုးရွာမှငါးမော့၊ ငါးမော့မှရေကြီး၊ ရေကြီးမှဆင်ဆွဲ ၊ဆင်ဆွဲမှသစ်ကျ၊ သစ်ကျမှပြည်ဝ။ ဖား၊ ငါး၊ ခရုတွေ ပျော်မြူးတဲ့အခါ မိုးရွာသွန်းတတ်တယ်လို့ ယူဆလို့ မိုးရွာသွန်းစေဖို့အတွက် ဖားငါးခရုရုပ်တွေ တပ်ဆင်ထားတဲ့ ဖားစည်ကို တည်းခတ်လေ့ရှိကြပြီး မိုးလေဝသကောင်းမွန်ပါက သစ်ထုတ်လုပ်ငန်းတိုးတက်လာပြီး တိုင်းပြည်သာယာဝပြောလာမယ်လို့ ယူဆလို့ ဖားစည်ကို သွန်းလုပ်ခြင်းဖြစ်တယ်”

ယဉ်ကျေးမှုပြတိုက်မှာ ဖားစည်ရောက်ရှိလာပုံသမိုင်းအကျဉ်းကိုဖော်ပြထားတဲ့ မှတ်တမ်း အချက်အရ တချို့ကောက်နုတ်တင်ပြလိုက်ပါတယ်။

တချိန်က ဒီးမော့ဆိုမြို့နယ်၊ ဆီးမီဆောင်လာရွာက ဦးယာကုန်နဲ့အဖွဲ့ဟာ ၁၉၈၁ခုနှစ်နွေရာသီမှာ တောလိုက်ထွက်ခဲ့ကြပါတယ်။ ညဥ့်နက်အချိန်မှာ ဦးယာကုန်ပစ်လိုက်တဲ့ ဖြူတစ်ကောင်က ဒဏ်ရာဖြင့်လူးလှိမ့်ပြီး အနီးအနားရှိကျောက်ဆောင်ကြီးဂူထဲသို့ ပြေးဝင်သွားခဲ့ပါတယ်။ နောက်တစ်နေ့နံနက်မိုးလင်းတော့ ကျောက်ဂူအတွင်းသို့ သူပစ်ခဲ့တဲ့ဖြူကို ဓာတ်မီးနဲ့ဝင်ရောက်ရှာဖွေချိန်မှာ ဖြူကိုမတွေ့ဘဲ ဂူတွင်းရဲ့ ထောင့်တစ်နေရာမှာ အသင့်တင်ထားတဲ့ ရှေးဟောင်းဖားစည်တစ်လုံးကို တွေ့ခဲ့တယ်လို့ဆိုထားပါတယ်။

မိမိတစ်ဦးတည်း ဖားစည်ကိုသွားမယူဘဲ ဂူအပြင်ကိုပြန်ထွက်ပြီး အနီးအနားရှိဒေါဆိုကလောရွာက ဦးကျော်နဲ့အတူဖားစည်ကိုယူရာမှာဖားစည်က လုံးဝမရွှေ့ပဲဖြစ်နေပါတယ်။ နောက်ဆုံးတွင် ဦးယာကုန်ကိုယ်တိုင် ဖားစည်ကိုသွားရောက်ယူတဲ့အခါမှသာ ဖားစည်ကိုရရှိပြီး မိမိနေအိမ်မှာ သ်ိမ်းဆည်းထားခဲ့ပါတယ်။

တစ်ပတ်ကြာလျှင် ဦးကျော်ဟာ ယင်းဖားစည်ကို မိမိအိမ်မှာ အမှတ်တရအဖြင့် သိမ်းဆည်းထားလိုကြောင်း ဦးယာကုန်ထံသွားရောက်တောင်းယူရာ ဦးယာကုန်က လွဲပြောင်းပေးခဲ့ပါတယ်။ ဦးကျော်နေအိမ်သို့ ဖားစည်ရောက်တဲ့နေ့မှစ၍ ညစဉ်မခံမရပ်နိုင်အောင် အသံအမျိုးမျိုးကြားရသဖြင့် ဦးယာကုန်ထံသို့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကျေးရွာအုပ်စုကနေ မြို့နယ်ပါတီကောင်စီ မျုားမှတစ်ဆင့် မြို့နယ်ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ပါတယ်။ ထိုမှတစ်ဆင့် ၁၉၈၅ခုနှစ်မတ်လမှာ ကယားပြည်နယ် ယဉ်ကျေးမှုပြခန်းသို့ ပြသထားရှိရန်အတွက် လွဲပြောင်းအပ်နှံပေးခဲ့ပါတယ်။
လွိုင်ကော်ယဉ်ကျေးမှု ပြခန်းက ဖားသည်တွေက တချိ့လှုဒါန်းထားသိလို၊ တချို့က လက်လှမ်းမှီသလောက် ဝယ်ယူသိမ်းဆည်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။

တစ်ချို့က ဖားစည်ကို သတ္တုဆယ်မျိုး၊ တစ်ချို့က သတ္တုခုနှစ်မျိုးနဲ့ ပြုလုပ်ကြတယ်လို့ပြောကြပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ သတ္တုခုနှစ်မျိုးနဲ့သွန်းလုပ်ကြပါတယ်။

“ တစ်မိသားစုလုံးလိုက်လာ ထမင်းဟင်းချက်ပြီးတော့မှ သူတို့ပါလာတဲ့သတ္တုတွေကို ဖားစည်လုပ်တဲ့သူဆီကိုလာအပ်တယ်။ သူတို့ပါလာတဲ့ပုံစံကို အကြီးသေးအစားစားပေါ့။ အဲ့လိုစောင့်ပြီးတော့မှ ဖားစည်သွန်းလုပ်ခဲ့ကြတယ်ဆိုတဲ့ဟာမျိုးလည်း ပြောခဲ့ကြတယ်ပေါ့နော့” လို့ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ကယားသီချင်းတွေ ရေးစပ်လျက်ရှိတဲ့ ခူးပလူးရယ်က ပြောပါတယ်။

ဖားစည်စပျောက်သွားရတဲ့အကြောင်းတွေကတော့ ဂျပန်ခောတ် နဲ့ ၁၉၉၅-၉၆ခုနှစ်အတွင်းမှာ ပြည်တွင်းစစ်ပွဲတွေကြောင့် ကျေးရွာတွေတော်တော်များများပြောင်း ရွှေ့နေထိုင်ခဲ့ရတဲ့အချိန်တွင်ဖြစ်တယ်လို့ဆိုပါတယ်။

“ လူတွေတော်တော်များများထွက်ပြေးရတယ်။ ဒုက္ခသည်တွေဖြစ်တယ်။ အဲ့တော့သူတို့ပစွည်းတွေကို ယူချိန်မရလိုက်ဘူးပေါ့။ ဥပမာ- ဖားစည်တို့လို၊ မောင်းတို့လိုမျိုးတွေ ကျန်ခဲ့ရတယ်ပေါ့နော။ တစ်ချို့ဟာတွေလည်း မီးထဲပါသွားတယ်။ တစ်ချို့ဟာတွေလည်း အခိုးခံလိုက်ရတယ်။ တစ်ချို့လည်း အကြောင်းအရာမသိလိုက်ပဲ ပျောက်သွားတာမျိုးတွေရှိတယ်”လို့ ခူးပလုရယ်ကပြောပါတယ်။

ဖားစည်တွေပျောက်သွားတာနဲ့အတူ ဖားစည်ရဲ့သမိုင်းတွေကလည်း မသေချာမရေရာတဲ့အခြေအနေမျိုးရောက်ရှိခဲ့ပါတယ်။ ဖားစည်ဟာ တိုင်းရင်းသားလူမျိုးတွေရဲ့အမှတ်လက္ခဏာဖြစ်လို့ လက်ရှိကျန်နေတဲ့ဖားစည်တွေကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးမယ်ဆိုရင် ဖားစည်ရဲ့သမိုင်းဟာ ကျန်ခဲ့မှာသေချာပါတယ်လို့ ဆိုပါတယ်။

“ အခု ဖားစည်ဘယ်မှာရှိတယ်လို့ ပြန်ကြည့်ရင် တစ်ချို့ရွာတွေမှာ မရှိတော့ဘူး။ အထူးသဖြင့် လွိုင်ကော်မြို့နယ်ထဲက ရွာတွေမှာ မရှိသလောက်ဖြစ်သွားပြီ။ ဒီးမော့ဆိုမြို့နယ်မှာတောင်မှ လက်ချိုးရည်လို ရတဲ့ရွာတွေရှိတယ်။ သုံးရွာထက်မပိုတော့ဘူး ဖားစည်က ဖရူဆိုမြို့နယ်ဘက်မှာဆိုရင် ဟိုယာ ဂေကောဒေသဘက်ကလွဲရင် ကျန်တဲ့ရွာတွေမှာ မရှိသလောက်ဖြစ်သွားပြီ။” လို့ ခူးပလုရယ်က ခန့်မှန်းပြောပြပါတယ်။
ကယားလူမျိုုးတွေဆိုရင် (အဲ့ဒိုပေါမီ)@ လို့ခေါ်တဲ့ ဒီးကူရိုးရာပွဲ၊ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တို်င်ပွဲတော်တွေရှိပြီးတော့ ရိုးရာပစွည်းတွေဆိုရင် ဗုံ၊ မောင်းတူရိယာ၊ ဖားစည်တွေရှိပါတယ်။ ရိုးရာဝတ်စားဆင်ယင်မှုအမှတ်လက္ခဏာတွေရှိပါတယ်။

သို့သော် ဖားစည်ဟာတစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားသလို လူမျိုးတွေကလည်း တစ်ဖြည်းဖြည်းနဲ့သိမ်ကွဲလာတာကြောင့် ကနေ့ခေတ်လူငယ်တွေအနေနဲ့ ရိုးရာတွေကို လက်ဆက်ထိန်းသိမ်းထားသင့်တယ်လို့ ခူးပလူးရယ်က အကြံပြုပြောဆိုသွားပါတယ်။

“ လူငယ်တွေကဒါတွေကိုမဖြစ်မနေပြန်ပြီးတော့ သုတေသနတွေပြုသင့်တယ်။ စာတမ်းတွေဖော်ထုတ်သင့်တယ်။ ဒါမှဘဲကိုယ့်ရဲ့အမှတ်လက္ခဏကကျန်မယ်။ ဒါမှကိုယ့်လူမျိုးကရှင်သန်မှာ။ ဒါနဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေ လုပ်ရုံဆွေးနွေးပွဲတွေကို မဖြစ်မနေလုပ်သင့်တယ်ပေါ့”

spot_img
spot_img

Recent posts