spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဒေသထွက် လက်မှုထုတ်ကုန်များ ဈေးကွက်တွင်နေရာမရှိ၊ ပြခန်းတွင်သာနေရာရှိ

Author

Date

Category

မူအက်စတာ

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အတွက် ဒေသထွက် လက်မှုထုတ်ကုန်များသည် ဈေးကွက်တွင်မရှိဘဲ ပြခန်းများတွင်သာ တွေ့နေရသည်။

ဈေးကွက်တွင် မရှိသည့် ဒေသထွက်သီးနှံ၊ ကုန်စည်၊ အမှတ်တရပစ္စည်းများသည် ယခုလို ကယားပြည်နယ်နေ့ နေ့ထူးနေ့မြတ်တွင် အစိုးရမှ ဒေသခံတောင်သူများအတွက် အစီအမံတခု ဆောင်ရွက် ပေးထားသင့်သည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။

သို့သော် ပြခန်းတွင် ပြသထားသည့် ဒေသထွက်ကုန်များမှာ ဈေးကွက်တွင်းသို့ရောင်းချနိုင်ရန် အခွင့်အရေးနည်းလမ်းများမရှိဘဲ ပြည်နယ်အထိမ်းအမှတ်ပွဲနေ့ ရောက်မှသာလျှင် လာရောက်ပြသထားကြသည်ကို တွေ့ရသည်။

ပြခန်းတွင် ပြသထားရသည့် ရည်ရွယ်ချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနမှ ပြခန်းတာဝန်ကျသူက ရှင်းပြသည်။

“ဒေသထွက်ကုန်လေးတွေ အလေအလွင့်မရှိအောင် နမူနာစံပြအနေနဲ့ ပြသထားတာပါ” ဟု ၎င်းကပြောသည်။

ယခု ပြခန်းတွင် ပြသသည့် ပစ္စည်းများသည် လက်မှုပညာသင်တန်း တက်ရောက်သည့်အချိန်တွင်း ပြုလုပ်ခဲ့သည့် ပစ္စည်းများသာဖြစ်ကြောင်း သိရသည်။

ဒေသတွင်းမှ ထွက်ရှိလာသည့် လက်မှုပစ္စည်းများကိုလည်း လာရောက်ပြသရန် ရှိလျှင်လည်း ပြသနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောသည်။

“နိုင်ငံခြားသားတွေ လာရင် ကျနော်တို့ပြည်နယ်မှာ ဘာတွေထွက်ရှိလဲဆိုတာတွေကို သူတို့ကိုပြချင်တယ်၊ ပြီးတော့ သူတို့စိတ်ဝင်စားရင် ဝယ်သွားမယ်၊ ဒီလိုလက်မှုပစ္စည်းလေးတွေကို လုပ်ဆောင်တဲ့သူတွေကို အမြဲကြိုဆိုနေပါတယ်” ဟု ဦးခမ်လျန်စွမ်းက ပြောသည်။

ဆက်လက်ပြီး နောက်ပိုင်းတွင် ဒေသတွင်းထွက်ရှိသည့် လက်မှုပစ္စည်းများကို ဈေးကွက်ရှာပေးမည်ဖြစ်ကြောင်း ဦးခမ်လျန်စွမ်းက ပြောသည်။ ထို့ကြောင့် ဒေသတွင်းရှိ လက်မှုပစ္စည်းပြုလုပ်သည့် ဒေသခံများကိုလည်း ၎င်းတို့နှင့် ဆက်သွယ်ရန်လိုအပ်ကြောင်း ၎င်းဆက်ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနပြခန်းတွင် တွေ့ရသော လက်မှုပညာများမှာ ရိုးရာအထည်များ၊ ရိုးရာခေါင်ခွက်များ၊ ရိုးရာအလှဆင်ပစ္စည်းများ၊ သစ်သားဖြင့်ထုဆစ်ထားသည့် မျိုးနွယ်စု ရုပ်တုများ၊ ဒေသထွက်သီးနှံများမှာ စပါး၊ ပြောင်း၊ ငရုတ်သီး၊ ပဲ အမျိုးမျိုး၊ နှံ စသည်တို့ဖြစ်သည်။

 

spot_img
spot_img

Recent posts