spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

“ရေကို ရွှေလို တန်ဖိုးထားကြသူများ”

Author

Date

Category

မော်ဦးမြာ

ကယားပြည်နယ်အတွင်း ရေရှားပါးတဲ့ ပြသနာကို အဓိက ကြုံတွေ့နေရတဲ့ နေရာတွေမှာ ဖရူဆိုမြို့နယ်ကတော့ တစ်မြို့ အပါအဝင် ဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်ကနေ တစ်နာရီဝန်းကျင်လောက် ခရီးဆက်ရတဲ့ ထီးသဲကူးကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲကျေးရွာလေးဖြစ်သလို နှစ်စဉ်ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။ သူတို့ကျေးရွာလေးကိုရောက်ဖို့အတွက် ဖုန်အလွန်ထူထပ်တဲ့ မြေသားလမ်းကို ဖြတ်ပြီးသွားရတဲ့အပြင် ကျေးရွာအတွင်းရောက်ရှိ သွားတဲ့အခါမှာလည်း ဒေသခံတွေကိုကြည့်ခြင်းအားဖြင့် ရေအလွန်ရှားပါးတဲ့ကျေးရွာဖြစ်တယ်ဆိုုတာ သက်သေပြနေပါတယ်။

ရေရှားပါးတာကို မိဘဘိုးဘွားလက်ထက်ကတည်းက ရင်ဆိုင်နေရပေမဲ့ အရင်တုန်းက ချွေတာသုံးစွဲရင်တော့တစ်နေ့စာ စားသောက်ဖို့အတွက်လုံလောက်မှုရှိသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ယနေ့ခေတ်မှာတော့လူဦးရေ၊ အိမ်ခြေပိုမိုတိုးပွားများပြားလာတဲ့အတွက် ရေရှားမှုပြဿနာက အရင်ကထက်များစွာကြီးမားလာတယ်လိုု့ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ စောလိုဝါးကပြောပါတယ်။

“ဟိုးအရင်ကျနော်တို့ မိဘတွေလက်ထက်တုန်းကတော့ လူဦးရေနည်းနေသေးတယ်လေ။ ကျနော်တို့ဟိုအောက်ဘက်ကရေကန်ကို သုံးစွဲခဲ့တာကရေလောက်တယ်။ အခုကလူဦးရေလည်းများလာတယ်။ အိမ်တွေလည်းတိုးလာတယ်ဆိုတော့ ကျနော်တို့သုံးစွဲဖို့က မလောက်တော့ဘူး “ လို့ သူက လက်ရှိ ရင်ဆိုင်နေရတဲ့ ပြသနာကို ရှင်းပြပါတယ်။

ထီးသဲကူးကျေးရွာဟာ ဖရူဆိုမြို့နယ်ကေးလျားကျေးရွာအုပ်စုထဲမှာ ပါဝင်ပြီး အိမ်ခြေ၁၅ဝကျော်ရှိပါတယ်။ ရေကိုချေးငှားသုံးစွဲရတယ်ဆိုတာကိုတော့ ဒီကျေးရွာလေးမှာပဲ မြင်တွေ့ခဲ့ရပါတယ်။ ကျေးရွာအတွင်းမှာရှိတဲ့သူတွေဟာ ရေမဝယ်နိုင်သေးတဲ့မိသားစုတွေ အရေးတကြီးလိုအပ်တဲ့အခါမှာ အချင်းချင်း ချေးငှားသုံးစွဲကြပြီး ပြန်လည်အဆင်ပြေလာတဲ့အခါမှာမှ ပြန်ဆပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်စဉ်ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရတဲ့အတွက် မွေးကင်းစကလေးငယ်တွေနဲ့ မိခင်တွေအတွက်ကြီးမားတဲ့ အခက်အခဲတစ်ခုလို ဖြစ်နေတယ်လို့ မီးဖွားထားတာ ရက်ပိုင်းအတွင်းပဲရှိသေးတာ ဖြစ်တဲ့ ကလေးငါးယောက်မိခင် ဒေါ်ဖရေမြာကပြောပါတယ်။

“ကလေးငယ်မွေးထားတော့ ရေကမချိုးလို့လည်းမရဘူး။ ရေမရှိရင်လည်း သူများဆီကနေချေးပြီးချိုးရတယ်။ ကျမတို့ဆီမှာက ရေအရေးတကြီးလိုအပ်ရင် တစ်ယောက်နဲ့တစ်ယောက် ချေးသုံးပြီးတော့ပြန်ဆပ်ကြရတယ်။ ပြန်မဆပ်ရင်လည်းသူများလည်း ဝယ်ပြီးသုံးကြရတယ်ဆိုတော့လေ။ တစ်ပုံးချေးသုံးရင်တစ်ပုံး ပြန်ဆပ်အဲ့လိုပေါ့။ ရေခွက်နဲ့တစ်ခွက်ဆိုရင်တောင်မှ တစ်ခွက်ပြန်ဆပ်ရတယ်အဲ့လိုလေ။ မရှိရင်လည်းချေးသုံးကြရတာပေ့ါ။” လို့ သူကရေကိုချေးငှားသုံးစွဲနေရကြောင်းကို သက်ပြင်းချလိုက် ပြုံးလိုက်နဲ့ သူ့ရဲ့ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနေပုံလေးကိုရှင်းပြပါတယ်။

ရေကိုလုံလုံလောက်လောက် မသုံးစွဲနိုင်တဲ့အတွက် ဒေသခံတွေရဲ့ တကိုယ်ရေသန့်ရှင်းမှု အပိုင်းမှာလည်း အားနည်းလာပါတယ်။ နွေရာသီရောက်ရင် အရေးပြားယားနာမှုတွေ ဖြစ်တာတွေ ရှိတယ်လို့ ထီးသဲကူးကျေးရွာမှာ ဓမ္မဆရာမအဖြစ် လာရောက်တာဝန်ထမ်းဆောင်သူ ဆရာမဒေါ်ဂျူးလစီက ပြောပါတယ်။

“ကလေးတွေ တအားညစ်ပတ်တယ်လေ။ ရေမရှိတော့ ကျန်းမာရေးလည်းချို့တဲ့သွားတယ်ပေါ့။ မိဘတွေလည်း အသိပညာရေးမှာအားနည်းတော့ ဒီလိုဖြစ်သွားတယ်ပေါ့။” လို့ သူကြုံတွေ့နေရတာတွေနဲ့ ပတ်သက်ပြီးပြောပြပါတယ်။

သောက်သုံးဖို့အတွက် လုံလောက်မှုတောင် မရှိတဲ့သူတို့အဖို့ လျှော်ဖွတ်ဖို့၊ ရေချိုးသန့်စင်ဖို့ ဆိုတာကတော့ ဝေလာဝေးစွပေါ့။ အခုလို နွေကာလမှာနေ့စဉ် ရေချိုးသန့်စင်နိုင်မှသာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းပြီးစိတ်ကြည်လင်စေမှာ ဖြစ်တယ်ဆိုတာကိုတော့ အားလုံးကသိပြီးသားပါ။

ဒါပေမဲ့လို့ ထီးသဲကူးကျေးရွာမှာလို ရေရှားပါးတဲ့ ပြသနာကို ရင်ဆိုင်နေရတဲ့သူတွေအဖို့ နေ့စဉ် သောက်သုံးဖို့အတွက်ကိုသာ ဦးစားပေးစုဆောင်းနေကြရတာပါ။ ရေရှားတဲ့အရပ်မှာနေရတာ ဖြစ်တဲ့အတွက် ရေချိုးသန့်စင်ဖို့ထက် သောက်သုံးဖို့ကိုသာ ဦးစားပေးနေရကြောင်းနဲ့ ရေပုံမှန် မချိုးနိုင်ကြောင်းကို လက်မောင်းလေးကုတ်ပြီး ပြုံးရယ်ရင်းအသက် ၄ဝ အရွယ် ဦးမီရယ်က အခုလိုပြောပါတယ်။

“တစ်ပတ်ကိုတစ်ကြိမ်ချိုးတယ်။ တစ်ခါတလေတောင် ပုံမှန်မချိုးနိုင်ဘူး။ မချိုးရရင်ခန္ဓာကိုယ်ယားယံလာတယ်။ ကျနော်တို့က ရေရှားတဲ့အရပ်ဆိုတော့ ဒီလိုပဲဆိုပြီးတော့ ဖြေသိမ့်ရတာပေါ့။” လို့ သူ့အဖြစ်ကို ပြောပြပါတယ်။

ရေတစ်ပုံး(ငါးဂါလံပုံး) ပြည့်ဖို့အတွက် တစ်နာရီဝန်းကျင်လောက် အချိန်ပေးပြီးဖရူဆိုမြို့ပေါ်အထိ သွားရောက်ခပ်ယူရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချို့သောမိသားစုတွေမှာ ရေသယ်ဖို့ထော်လာဂျီ၊ကားမရှိတဲ့အတွက် တခြားသူထံကနေ ရေဝယ်ယူသုံးစွဲနေရတယ်လို့ လည်းသိရပါတယ်။

နေ့စားခ အငှားလိုက်ရင်း ရလာတဲ့ ငွေကို သောက်သုံးဖို့၊ ရေချိုးသန့်စင်ဖို့ ဝယ်ယူသုံးစွဲနေရတယ်ဆိုတာ ဒီကျေးရွာမှာပဲ မြင်ဖူးခဲ့ပါတယ်။  သူတို့တတွေရဲ့ ရေရှားပါးခြင်း ပြသနာကို နှစ်စဉ် နွေရာသီကာလမှာ နေတဓူဝ ရင်ဆိုင်နေရတဲ့အတွက် သာမာန် ကိစ္စရပ်တစ်ခုလိုပဲ ဖြေသိမ့်နေကြရပါတယ်။

ဒေါ်စဲမာကတော့ ဝေဒနာရှင် အမျိုးသားကို ပြုစုစောင့်ရှောက်ရတဲ့အတွက် နေ့စဉ်သောက်သုံးဖို့ ရေအတွက် ပူပန်နေရရှာပါတယ်။ ဝင်ငွေရဖို့ တောင်ယာ အငှားလိုက်ရသလို ရလာတဲ့ ဝင်ငွေကလည်း ရေနဲ့ ဝယ်ယူသုံးစွဲနေရပြီး တောင်ယာခင်းထဲ အငှားလိုက်နေချိန်မှာ အမျိုးသားကို ပြုစုပေးသူ မရှိတဲ့အတွက် ရေလုံးဝ မရှိတော့တဲ့ နေ့တွေမှာ ချေးငှားသုံးစွဲရတယ်လို့ ပြောပါတယ်။

“သူများဆီအငှားလိုက်တော့ ရေ၁၂ပုံးလောက်ရတယ်။ ရေကုန်ရင်တစ်ခါပြန်ပြီး တောင်ယာအလုပ်မှာ အငှားလိုက်ပေးရတယ်။ ဝယ်လို့လည်းရတယ်။ အိမ်အထိလာပို့ပေးတယ်။ ဒါပေမဲ့ပိုက်ဆံမရှိရင် သူများတွေဆီတောင်ယာအလုပ် အငှားလိုက်လုပ်ပေးရတာပေါ့။” လို့ နှစ်စဉ် နွေကာလတိုင်း သူရင်ဆိုင်နေရတာတွေကို သက်ပြင်းရှိုက်ရင်းပြောပြရှာပါတယ်။

ရေလှူတဲ့အလှူရှင်တွေရှိတယ် ဆိုပေမဲ့လည်း တစ်အိမ်ထောင်ကိုနှစ်ပုံး (ငါးဂါလံပုံး)နဲ့သာ ရရှိကြတဲ့တာကြောင့် တစ်နေ့စာအတွက်သာ အသုံးပြုနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကကျေးရွာတွေ ရေရှိရေးကို နိုင်ငံခြားကုမ္ပဏီနဲ့ ချိတ်ဆက်နေတယ်လို့ ကယားပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဦးဘော့စ်ကိုက ပြီးခဲ့တဲ့နှစ် ဒီးမောဆိုမြို့နယ် မောဒူကလားမေးခန်းမဆောင်မှာ ကျေးရွာဥက္ကဌတွေနဲ့ တွေ့ဆုံစဉ်က ပြောဆိုခဲ့ပေမဲ့ ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ရေရှားတဲ့ကျေးရွာတွေမှာ NGOs အဖွဲ့အစည်းတွေကနေ ရေသွယ်တန်းပေးတာတွေရှိပေမဲ့ အဆင်မပြေတဲ့အတွက် ဒေသခံတွေက သက်ဆိုင်ရာ အစိုးရက ရေလုံလောက်မှု ရရှိရေးကိုဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေကြတယ်။

နှစ်စဉ်မိုးရာသီမှာ မိုးရေကိုခံပြီးသုံးနေကြရတဲ့အတွက် မိုးအကုန်ဆောင်းကာလအထိသာ အသုံးပြုလို့ရကြတာပါ။ နွေရာသီရောက်ပြီဆိုတာနဲ့ ရေရှားပါးတဲ့ပြဿနာကို နှစ်စဉ် ရင်ဆိုင်နေရကြပြန်ပါတယ်။ ရေရှိမှ အသက်ရှင်နိုင်မယ်ဆိုသလိုပဲ သူတို့တတွေကတော့ ရေကို အဖိုးမဖြတ်မနိုင်တဲ့ ရွှေလို တန်ဖိုးထားပြီး သုံးစွဲနေကြရပါတယ်။ ဒါ့ကြောင့် သူတို့ကျေးရွာလေးအတွက် တခြားကြီးမားသော ပြောင်းလဲမှုတွေထက် သာမာန်အပြောင်းအလဲတစ်ခုအဖြစ် ရေရှားပါးတဲ့ဘေးကနေသာ လွတ်မြောက်နိုင်ဖို့မျှော်လင့်ဆုတောင်း တမ်းတနေကြပါတယ်။

spot_img
spot_img

Recent posts